Monday, May 9, 2011

ထိုင်းနိုင်ငံရောက် ဗမာလေးတစ်ယောက်

အပိုင်း(၁)
ဒီစာရေးစဉ်မှာ စိုင်းထီးဆိုင်ရဲ့ မန္တလေးရောက် ရှမ်းတစ်ယောက် သီချင်းကို သတိယမိပြီး ဒီအကြောင်း အရာကိုလဲ ထိုင်းနိုင်ငံရောက် ဗမာလေး တစ်ယောက် ဆိုပြီး ခေါင်းစဉ် တပ်ဖြစ်သွားပါတယ်။ စိုင်းထီးဆိုင်ရဲ့ သီချင်းထဲမှာ ပါသလိုပါဘဲ၊ ထိုင်းနိုင်ငံရောက် ဗမာလေး တစ်ယောက်ရဲ့ အဖြစ်အပျက်ကတော့ သိပ်မလွယ်လှ ပါဖူး။ သို့သော်…

ပထမဆုံး ပြည်ပခရီး
မိမိဟာ ၁၉၈၅ ခုနှစ်မှာ ပထမဆုံး နိုင်ငံရပ်ခြား ခရီးလည်းဖြစ်၊ တစ်ဦးတည်း သွားရတဲ့ ခရီးလည်း အဖြစ်နဲ့ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ မိခင်ရဲ့ မိတ်ဆွေက လေဆိပ်မှာ လာကြိုပြီး သူ့အိမ်မှာ ခဏတာ တည်းခိုခွင့် ပြုတာမို့ ရောက်ခါစမှာ အစဉ်ပြေ ခဲ့ပါတယ်။ ထို မိတ်ဆွေက မိမိကို ကိုယ်တိုင် ရပ်တည် နေထိုင်ဖို့ စီစဉ်စေလို့ နောက် ရက်သတ္တ တပတ် အကြာမှာဘဲ ကိုယ်တိုင် အိမ်ဌားပြီး ပြောင်းရွှေ့ နေထိုင် ခဲ့ရပါတယ်။ ဒီ့နောက်တော့ မိမိ အနေနဲ့ ထိုင်းနိုင်ငံမှာ ပညာသင်ဖို့၊ ကျောင်းတက်ခွင့် ဗီဇာရဖို့၊ နေထိုင် စားသောက်ဖို့၊ စသည်တို့ကို ကိုယ်တိုင် စတင် ကြိုးစား လုပ်ကိုင် ရပါတော့တယ်။

ထိုင်းလူမျိုးများနှင့် သိကျွမ်းခြင်း
ထိုင်းလူမျိုးများဟာ လူတွေ့တွေ့ချင်း နာမည်ကို အရင်မမေးဘဲ၊ ဘယ်ကလာ သလဲဆိုတာကို အရင် မေးတတ်ကြတာ သတိထားမိပါတယ်။ အဲဒီမှာ မိမိက “I come from Burma” လို့ ပြောရင် သူတို့က သူတို့ ထိုင်းလို အခေါ်အဝေါ် အရ “ဖားမား” ဆိုပြီး ပြစ်ပြစ် နှစ်နှစ် ပြောကာ၊ မြန်မာပြည် အကြောင်းကို မေးပါတော့တယ်။ အဲဒီအချိန်က မြန်မာ လူမျိုးတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သိပ်ရှိပုံ မပေါ်ပါဖူး။ မြန်မာပြည်က လာတယ် ဆိုတာ သိရင်ဘဲ၊ ပထမ အရမ်းအံ့အား သင့်သွားကြပုံ ပေါ်ပါတယ်။ နောက်တော့ ထိုင်း (ဘန်ကောက်) ကို ဘာလာလုပ်သလဲ၊ ဘယ်မှာ နေသလဲ၊ ဘယ်လို နေသလဲ စသည်ဖြင့် စပ်စုကြတော့ တာပါဘဲ။ ဘာဘဲဖြစ်ဖြစ် သူတို့ဟာ သိပ်ကူညီ တတ်ကြပြီး၊ ဒီလိုနဲ့ သွားရင်း လာရင်း သိကျွမ်းသွားတဲ့ ထိုင်းလူမျိုး မိတ်ဆွေများရဲ့ အကူအညီနဲ့ ဘန်ကောက်မြို့ရှိ အမေရိကားက လာဖွင့်ထားတဲ့ ကောလိပ် တစ်ခုမှာ ဝင်ခွင့်ရပြီး ကျောင်းတက် ဖြစ်ခဲ့ပါတယ်။

ထိုင်းရဲ့ သမိုင်းကြောင်းထဲက ဗမာများ
ကျောင်းတက်တဲ့ အခါမှာ ထိုင်းနိုင်ငံ သမိုင်းဟာ မသင် မနေရ ဘာသာ တစ်ခု အဖြစ် သင်ယူကြရပါတယ်။ အဲဒီမှာ သူတို့ရဲ့ သမိုင်း စာအုပ် ထက်ဝက် ကျော်ကျော်က ရှေးဗမာမင်းများရဲ့ ယုတ်ညံ့ပုံ၊ ရိုင်းစိုင်းပုံ၊ အစ ရှိသည်ဖြင့် ထိုင်းသမိုင်းမှာ မြန်မာကို အတော်ပင် ဆိုးဆိုးဝါးဝါး ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကို မိမိ အနေနဲ့ အပြစ်တစ်ခု လို့တော့ မမြင်ပါဖူး။ မိမိတို့ မြန်မာ နိုင်ငံမှာလည်း ကိုယ်က ခံလိုက် ရတာတွေ ရှိတဲ့ အခါမှာ အကောင်း ရေးတာမှ မရှိတာ။ အင်္ဂလိပ်၊ ဂျပန် များရဲ့ လုပ်ရပ်များကို ဘယ် မြန်မာ့ သမိုင်းကများ ချီးကျူးပါလိမ့်မလဲ။

ကျောင်းသား ဘဝ ထိုင်းနိုင်ငံမှာ
ဒီလိုနဲ့ မိမိရဲ့ ကျောင်းသား ဘဝကို ထိုင်းနိုင်ငံမှာ ၃နှစ်ကြာ ကုန်ဆုံး ရခဲ့ပါတယ်။ ဒီလို ကုန်ဆုံးခဲ့ရတဲ့ အချိန်များမှာ ထိုင်းလူမျိုးတွေရဲ့ ဖော်ရွှေမှု၊ နွေးနွေး ထွေးထွေး ကူညီ ရိုင်းပင်းမှုများ ရခဲ့ပါတယ်။ သူငယ်ချင်း ယောက်ျားလေး များနဲ့ ဆက်ဆံတဲ့ အခါမှာ၊ အိမ်က ငွေပို့တာ နောက်ကျလို့ ငွေပြတ်တဲ့ အခါ သူတို့ အိမ်မှာ ခေါ်ပြီး ထမင်းကျွေး၊ ရုပ်ရှင် လိုက်ပို့၊ ဒစ်စကို ခေါ်သွားနဲ့ ယုတ်စွဆုံး ဒစ်စကိုမှာ တစ်ယောက်တည်း ထိုင်နေရတာ တွေ့ရင်တောင် သူတို့ ရည်းစား ကောင်မလေးနဲ့ တွဲကခိုင်းတဲ့ အထိကို အလွန် ဖော်ရွှေ ကြပါတယ်။ မိန်းကလေး သူငယ်ချင်းများ ဆိုရင်လဲ ကိုယ့်မှာ ပိုက်ဆံ မရှိတဲ့ အခါ သူတို့ စုဆောင်းထားတဲ့ ငွေကို ဘဏ်ကနေ ထုတ်ပြီး သုံးစေတာမျိုး၊ အိပ်ယာထ နောက်ကျရင် အိမ်အထိ လာနိုးပြီး သူတို့ ကားနဲ့ ကျောင်းကို ခေါ်သွားတာမျိုး၊ ကျောင်းပိတ်ရက် သူတို့ မိသားစုများနဲ့ ခရီးထွက်တဲ့ အခါမျိုးမှာလဲ မိမိကို တကူးတက လိုက်ပါစေတာမျိုး၊ စသည်ဖြင့် နွေးနွေးထွေးထွေးနဲ့ ခင်မင်မှု ပေးကြပါတယ်။ ကျောင်း ပြင်ပက အခြား မိတ်ဆွေများနဲ့ တွေ့ရ သိကျွမ်းရတဲ့ အခါမျိုးတွေမှာလည်း သူတို့ ငွေကုန်ခံ၊ အလုပ် အပျက်ခံပြီး မိမိ လိုအပ်တဲ့ အကူအညီတွေ လိုက်ပေးတာမျိုးမှာ နေရေး ထိုင်ရေး စားရေး သောက်ရေး များက အစ၊ ဗီဇာသက်တမ်း တိုးဖို့ ကိစ္စများ အဆုံး၊ အစစ အရာရာကို ဂရုစိုက်တာမျိုး ရှိခဲ့ကြပါတယ်။ ဒါကြောင့်မို့လဲ မိမိ ကျောင်းသားဘဝ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလွန်ကို ပျော်စရာ ကောင်းခဲ့ပါတော့တယ်။

၁၀ နှစ်ကြာသောအခါ
ကျောင်းပြီးသွားပြီး နောက်ပိုင်းမှာ မိမိ အနေနဲ့ ထိုင်း နိုင်ငံဖက်သို့ ခြေဦး မလှည့် ဖြစ်တော့ပါ။ အလုပ် စလုပ်လာတဲ့ အခါ စင်္ကာပူနဲ့ဘဲ စတင် ဆက်သွယ်မိဖြစ်ပြီး၊ စင်္ကာပူကနေ ရန်ကုန်မြို့ကို လေကြောင်း တိုက်ရိုက် ရှိတာက တစ်ကြောင်း၊ အခြား ထိုင်းနိုင်ငံ ဖက်မှာ ဘာမှ အလုပ်အကိုင်မှ ဆက်စပ်မှု မရှိတာ တစ်ကြောင်း တို့ကြောင့် ထိုင်းနိုင်ငံနဲ့ အဆက်ပြတ် နေခဲ့ပြီး၊ နောက် ၁၀ နှစ်အကြာ ၁၉၉၈ ခုနှစ်လောက် မှာတော့ ကျောင်းတုန်းက သူငယ်ချင်း များနဲ့ တွေ့ရအောင် ထိုင်းနိုင်ငံ ဖက်ကို အလည် တစ်ခေါက် ခဏ ပြန်ရောက်လာခဲ့ ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လေယာဉ်က ဆင်းလိုက်တယ် ဆိုရင်ဘဲ၊ လူစဖြစ်တဲ့ အချိန်လို့ ပြောလို့ ရတဲ့ အသက် ၁၈နှစ်လောက်က စတင် ကျင်လည်ခဲ့တဲ့ နေရာကို ပြန်ရောက် လာရတဲ့ အတွက်၊ မိမိရဲ့ ဒုတိယ အိမ် တစ်ခုကို ပြန်ရောက် သွားခဲ့ သလို စိတ်မှာ အလွန်ကို ပေါ့ပါးပြီး သွက်လက် လန်းဆန်း ခဲ့ပါတယ်။

လေဆိပ်က အထွက် တက္ကစီပေါ်မှာ
သို့ဖြင့် လေဆိပ်မှ အထွက်မှာ တက္ကစီ ဌားပြီး တည်းခိုဖို့ စီစဉ်ထားတဲ့ ဟိုတယ်ကို သွားခဲ့ပါတယ်။ စစချင်း တက္ကစီ မောင်းတဲ့ လူက ထိုင်းလူမျိုးတို့ ထုံးစံ အတိုင်း နာမည် အရင် မမေးခင်မှာ ဘာလူမျိုးလဲ၊ ဘယ်က လာလဲ ဆိုတာကို စပ်စုပါတော့တယ်။ မိမိလည်း ထိုင်းလိုဘဲ ရီရီမောမောနဲ့ “ဖုမ်ဖာန် ခွန်ဖားမား” (ကျနော် မြန်မာ လူမျိုး ဖြစ်ပါတယ်) လို့လဲ ပြောလိုက်ရော တက္ကစီ မောင်းတဲ့ လူဟာ ဟန်မဆောင်နိုင်ဘဲကို မျက်နှာ အကြီးအကျယ် ပျက်သွားတာ တွေ့လိုက်ရပါတယ်။ ဒီ့နောက်မှာ မိမိက ထိုင်းလို ပြောလိုက်တဲ့ အတွက် သူက မိမိကို ထိုင်းလို နားလည်လား၊ စကား ပြောတတ်လား မေးပြီး မိမိ အနေနဲ့ ထိုင်းစကား နားလည် တယ်ကို သိတဲ့ အခါမှာ အဲဒီ တက္ကစီ သမားက မိမိကို ထိုင်းလို စကားတွေ တလမ်းလုံး မရပ်မနား ပြောပါတော့တယ်။ သူပြောတဲ့ စကားတွေက ခရီး ရောက်မဆိုက် မိမိကို ဒေါသ အတော်ဖြစ်စေပြီး၊ အဲဒီ တက္ကစီ သမားကို ကားပေါ်မှာဘဲ ဆွဲမထိုး မိအောင် စိတ်ကို အတော် ချုပ်တီး ထားခဲ့ရပါတယ်။ သူပြောတဲ့ အထဲမှာ ဗမာတွေဟာ အစုတ်ပလုပ်တွေ၊ သူတောင်းစားတွေ၊ သူခိုးတွေ ဆိုပြီး ရစရာ မရှိအောင် ထက်ပင် ပိုလို့ ဆိုးဆိုးရွားရွား တွေပြောတာတွေ ပါခဲ့ပါတယ်။

ငယ်သူငယ်ချင်းများနှင့် ပြန်တွေ့ခြင်း
ဟိုတယ်ရောက်တော့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေဆီ ဖုန်းဆက်၊ သူတို့နဲ့ တွေ့ရအောင် ချိန်းဆိုပြီး အပြင်ထွက် စားသောက်ဖို့၊ နောက် ညဖက်မှာ လျှောက်လည် ပတ်ကြဖို့ ချိန်းဆို လိုက်ပါတယ်။ ငယ် သူငယ်ချင်း တွေနဲ့ ပြန်တွေ့တဲ့ အခါမှာတော့ အရင်က ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြ၊ နောက်ပိုင်း အလုပ်အကိုင် အတွေ့အကြုံတွေ ပြောကြနဲ့ မိမိကိုယ် မိမိ အသက် ပြန်ငယ်သွား သလို ခံစားရပြီး ပျော်ပျော် ရွှင်ရွင် မိမိတို့ အပေါင်း အသင်း တစ်သိုက် အတူတကွ ဘန်ကောက်မြို့ကို လျှောက်လည် ပတ်ကြပါတယ်။

ပြောင်းလဲသွားတဲ့ ထိုင်းနိုင်ငံနဲ့ ထိုင်းလူမျိုးများ
၁၀ နှစ်တာ ကာလ အတွင်းမှာ ဘန်ကောက်မြို့ဟာ အတော်ကြီးကို တိုးတက် ပြောင်းလည်း သွားပြီး၊ အချို့ နေရာတွေဆို မမှတ်မိ လောက်အောက် ဖြစ်ကုန်ကြတာ တွေ့ရပါတယ်။ သို့သော် မပြောင်းလဲတဲ့ တစ်ခု ကတော့ လူတွေ့တိုင်း ဘယ်ကလာလဲ၊ ဘာလူမျိုးလဲ မေးတဲ့ အကျင့် ပါဘဲ။ အဲဒီမှာ မိမိက အင်္ဂလိပ် လိုတစ်မျိုး၊ ထိုင်းလို တစ်ဖုံ မြန်မာပြည်က လာတယ်လို့ ဖြေတိုင်း ပထမ ပြုံးပြုံး ရွှင်ရွှင်နဲ့ မေးလာကြ သူတွေဟာ မျက်နှာပျက် သွားပြီး၊ အချို့ဆို သိသိသာသာ နှာခေါင်း ရှုံ့သွားပြ ကြပါတယ်။ မိမိလည်း ဘယ်လို ဖြစ်တာပါလိမ့် ဆိုပြီးသာ စိတ်ထဲမှာ မှတ်ထင် သော်လည်း သေသေ ချာချာတော့ ကောင်းကောင်း နားမလည် နိုင်ခဲ့ပါ။ ဒီလိုနဲ့ သူငယ်ချင်း တွေနဲ့ လမ်းသွားရင်း စားသောက်ဆိုင် တစ်နေရာ ရောက်တော့ အတူပါလာတဲ့ သူငယ်ချင်း တစ်ယောက်က မိမိကို – “ဘာလူမျိုးလဲ၊ ဘယ်ကလာလဲလို့ နောက် မေးရင် မြန်မာလို့ မဖြေနဲ့ သူငယ်ချင်း၊ ထိုင်းလို့ဘဲ ဖြေ၊ ငယ်ငယ် ကတည်းက နိုင်ငံခြား ရောက်နေလို့ ထိုင်းစကား သိပ်မကျွမ်းတာလို့ ပြောရင် မင်းကို ဘယ်သူမှ မယုံမှာ မဟုတ်ဖူး” လို့ ပြောလာပါတယ်။
အဲဒီမှာ မိမိလည်း သူပြောတာကို အတော့်ကို အံ့အား သင့်သွား ပါတော့တယ်။ မိမိ အတွေ့အကြုံ လွန်ခဲ့တဲ့ ၁၀ နှစ်တုံးက ထိုင်းနိုင်ငံမှာ နေခဲ့စဉ် ဒီလိုမျိုး တစ်ခါမှ မကြုံခဲ့ဖူးဘဲ၊ အခုမှ ဘယ်လိုက ဘယ်လို ဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းကို နားမလည် နိုင်ခဲ့ပါဖူး။ ဒါနဲ့ဘဲ မိမိ သူငယ်ချင်းကို သိချင်လွန်းတဲ့ စိတ်နဲ့ “ဘယ်လို ဖြစ်လို့လဲ ပြောပြပါဦး သူငယ်ချင်းရေ” လို့ မေးခဲ့ ရပါတော့တယ်။



Aung.Info ထပ်ဆင့် ကူးယူဖေါ်ပြပါသည်။

0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP