Saturday, February 4, 2012

ထင်ရာမြင်ရာ ပြောပါရစေ

လူတွေက ဟန်ဆောင်ပန်ဆောင်နဲ့သာ အမှန်တရားကို မြတ်နိုးသလေး ပွင့်လင်းရိုးသားမှုကို တန်ဖိုးထားသလေးနဲ့ ကြားကောင်းအောင်သာ ဟစ်နေကြတာ တကယ်ပြောပြီဟေ့ဆိုရင် ဘယ်သူမှ သူတို့ဝေါမှာ စတေးတပ်မှာ ပေ့ခ်ျမှာ ဂရုမှာ အတင်မခံချင်ကြပါဘူး။ နည်းနည်းလေး ပြောမိရင်ပဲ ကျွန်တော့်ခမျာမှာ ဂရုထဲက ထုတ်ပစ်ခံရတာနဲ့ အန်ဖရန့်လုပ်ခံရ ဘလော့ခံရနဲ့ အရေကို တော်တော်ထူနေပြီ။ ကိုယ်ကသာ ပြောချင်တာ သူများပြောတာ လက်မခံချင်ဘူးဆိုတဲ့အထဲမှာ ကိုယ်ကိုယ်တိုင်လဲပါတော့ ကိုယ့်နုတ်နဲ့ ကိုယ်ရေးတာ အရှင်းဆုံးပဲထင်မိပါရဲ့။ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ။ ဖေ့ဘွတ်ဟာ ဘလောက်မဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် လူတွေရုံးစုရုံးစုရှိတဲ့နေရာမှာ ဆပ်ပြာသေတ္တာပေါ်တက်ပြီး လက်သီးလက်မောင်းတန်းအော်ရတာက လူမသိ သူမသိ တစ်ယောက်တည်း ပြောချင်ရာပြောနေရတာထက် ပိုအရသာရှိတာတော့ အမှန်ပါပဲ။ ဒီလိုဆိုရင် ဖေ့ဘွတ်ထဲက လူတွေကကော လူတန်းစားပေါင်းစုံကို ကိုယ်စားပြုပါ့မလား။ ဘယ်ပြုနိုင်ပါ့မလဲ။ အင်တာနတ်သုံးပြီး ဖေ့ဘွတ်အကောင့်တစ်ခုဖွင့်နိုင်တဲ့ လူတန်းစားပဲပေါ့။


ကိုယ်ပဲ လူပေါင်းသူပေါင်း မဆန့်လို့လားမသိ။့ လွှတ်တော်ထဲက အမတ်တွေ ဖေ့ဘွတ်ထဲမှာ သိပ်မတွေ့ရသလိုပါပဲ။ ဖေ့ဘွတ်ထဲရောက်နေတဲ့ နိုင်ငံရေးသမားတွေကလဲ တစ်ယောက်မှ လွှတ်တော်ထဲမရောက်ကြသေးဆိုတော့ ဟုတ်ဟုတ်သေးတော့တယ်။ တွေးမိတာက လွှတ်တော်ရောက်နေတဲ့အမတ်တွေက ဖေ့ဘွတ်မသုံးဘူး။ လူကြားထဲလဲ ဆင်းတယ်မထင်မိဘူး။ ကျွန်တော့်မြို့နယ်မှာ ဘယ်သူကိုယ်စားပြုပြီး ခေါင်းပေါင်းစထောင်နေသလဲတောင် ကျွန်တော်ကိုယ်တိုင်မသိပါဘူး။ ဘယ်သိပါ့မလဲ မဲ မှသွားမထည့်တာကိုး။ ဘာလို့ကောထည့်ရမှာလဲ။ ကိုယ်ကပဲ လေ့လာအားနည်းလို့လားမသိ ၀င်ပြိုင်တဲ့ကိုယ်စားလှယ်လောင်းတွေကကော ဘယ်သူတွေမှန်းမသိတာကိုး။ ဒီလိုပဲ လုံးချာလည်ရိုက်နေတော့မှာပဲ။


အမှန်က ရွေးကောက်ပွဲကို မဲထည့်ဖို့နေနေသာသာ အခြေခံဥပဒေကို ၂၀၀၈ကတည်း ကျွန်တော် ကန့်ကွက်မဲ နှစ်ခါပြန်ထည့်ခဲ့ပြီးသား။ တစ်ခုက ကိုယ်တိုင်၊ တစ်ခုက အဖေ့ကိုယ်စားပါ။ ညှစ်ပြီးသားနှပ်ချေးတော့ နှာခေါင်းထဲပြန်မထည်ချင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလဲ လွှတ်တော်ထဲ ပြန်ဝင်ပြီး အခြေခံဥပဒေကို ပြင်မယ်ပြုမယ် ပြောတာပါပဲ။ ရှင်းရှင်းပြောရရင်  တပ်က ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း လွှတ်တော်ထဲက ထွက်မသွားမချင်း ပြင်လို့ရမယ်မထင်ပါ။ ၁၀၉(ခ) ရှု။ ၁၄၁(ခ) ရှု။ ၄၃၆(ခ)ရှု။ ဒီချုပ်ကအမတ်တွေ လွှတ်တော်ထဲရောက်ပြီး ကြံ့ခိုင်ရေး အမတ်တွေအားလုံးကို စည်းရုံးနိုင်ရင်တောင်(အောင်မလေး ကြားသားမိုးကြိုး) ဟိုဘောင်းဘီဝတ်အမတ်တွေဘက်က မထောက်ခံသမျှ ၇၅ရာခိုင်နှုန်းကျော်မှာလဲမဟုတ်ဘူး။ အဲဒီ ဘောင်းဘီဝတ်အမတ်တွေကလဲ ကာချုပ်သဘောမတူပဲ ကိုယ့်သဘောနဲ့ကိုယ် တောင်ရှည်ဝတ်အမတ်တွေဘက် လိုက်မှာမဟုတ်ပါဘူး။ ခုတောင် ကာချုပ်ကနည်းနည်း သဘောမတွေ့ရင် တမတ်သားအုပ်စုကို လူလဲနေလိုက်တာ ဘော်လုံးပွဲ လူလဲနေသလိုပါပဲ။ ပြောချင်တာ အခြေခံဥပဒေက လွယ်လွယ်ကူကူ(လုံးဝမဖြစ်နိုင်ဟု မပြော)ပြင်ဖို့ကို မဖြစ်နိုင်အောင် ခင်းကျင်းထားပြီးသား။ အဲ.. အနောက်ကနေထွက်သလို ဘောင်းဘီဝတ်အမတ် ဗိုလ်တစ်ယောက်ယောက်များ စိတ်ပြောင်းသွားပြီး တောင်ရှည်ဝတ်အားလုံးရဲ့ ဆန္ဒဘက်လိုက်သွားလို့ ၇၆ရာခိုင်နှုန်းဖြစ်သွားလို့များ ပြင်ခွင့်ရပြီ မထင်ပါနဲ့ဦး။ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရပါဦးမတဲ့။ ၄၃၆(က)ရှု။ မိအေးလဲ ခဏခဏနာရင် အလကားရတဲ့ဖာဖြစ်ကရောဆိုသလိုပါပဲ။


ဒါဆို သမ္မတကြီးကကော ဆောင်ရွက်နိုင်မလားမေးရင် သမ္မတက ကာချုပ်ကို ကျော်ပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။  ဟိုတစ်လောက အမေရိကန်သတင်းစာသမားမေးတော့ သူကပဲ ကာချုပ်ကို ခန့်ရသလိုလိုဘာလိုလိုနဲ့ ဝေေ၀၀ါးဝါးဖြေသွားတာဖတ်လိုက်ရပါတယ်။ အမှန်က ကာချုပ်ကို လုံခြုံရေးကောင်စီက ခန့်တာပါ။ လုံခြုံရေးကောင်စီမှာ သမ္မတပါတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ကာချုပ်၊ ဒုကာချူပ်၊ ကာကွယ်ရေးဝန်၊ ပြည်ထဲရေးဝန်၊ နယ်စပ်ဝန် စတာတွေအားလုံးက ကာချုပ်ကိုယ်တိုင်ခန့်ထားတဲ့ ဘောင်းဘီဝတ်တွေချည်းပဲ။ ၂၀၁ ရှု။ သမ္မတကြီးက လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုလက်မှတ်ထိုးပေးရုံသက်သက်ပဲ အခွင့်ရှိတာပါ။ ၃၄၂ ရှု။ အဲဒီတော့ အရင်ကာချုပ်ကပဲ နောက်ကာချုပ်ကို ခန့်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောပါပဲ။ ပြီးတော့ ကာချုပ်က လုံခြုံရေးကောင်စီကိုတောင် ခေါ်စရာမလိုပဲ တိုင်းပြည်ကို လိုအပ်သလို အာဏာသိမ်းခွင့်ရှိတယ်ဆိုတာ အထင်းသားကြီး ရေးထားပြီးသားပါ။ ၄၀(ဂ) ရှု။ ဒီချုပ်အနေနဲ့ အခြေခံမူခြောက်ချက်ထဲက အောက်ဆုံးက တစ်ချက်လေးကိုပဲ ပြင်နိုင်တယ်ဆိုရင် အတော်ချီးကျုးရမှာပါပဲ။ ၆(စ) ရှု။ ဒါပေမယ့် သိပ်တော့မထင်လှပါဘူး။ အခြေခံဥပဒေပြင်ဖို့ဆိုတာ ကာချုပ်ကိုယ်တိုင် လိုလိုလားလားရှိမှ ပြင်လို့ဆင်လို့ရမှာပါ။ ကာချုပ်ကပြည်သူတွေရဲ့သဘောထားနဲ့အသံကို နားထောင်ရင်တစ်မျိုးပေါ့။ ၂၀၀၈တုန်းက ပြည်သူတွေလက်ခံလို့ ဒီအတိုင်းပဲထားပါဆိုရင်တော့ မတတ်နိုင်ဘူးပေါ့။ ကာချုပ်က လွှတ်တော်နိုင်ငံရေးနဲ့ လုံးဝမပါတ်သက်ပဲ သီးသန့်နေနေတာလဲ သတိထားစရာပါ။ တပ်မတော်ကျောင်းဆင်းပွဲတစ်ချို့မှာ လက်ရှိကာချုပ်က ကျောင်းဆင်းတွေကိုပြောသွားတဲ့ မိန့်ခွန်းတချို့ကလဲ အာဏာပြန်ယူမလားလို့ ထင်နေသူတွေအတွက် စိုးရိမ်စရာပါပဲ။


တချို့ကလဲ နိုင်ငံတော်သမ္မတကို လူစွမ်းကောင်းကြီးအသွင်နဲ့ “ ပြည်သူ့သမ္မတကြီး ငါတို့သမ္မတကြီး” ဆိုပြီး ချီးကျုးဘုံမြှောက်လုပ် နေလိုက်ကြတာ မြင်ရရင် ဆရာအော်ပီကျယ်ရဲ့ ကာတွန်းတကွက်ကို သွားသွားသတိရမိပါတယ်။ တညည်းညည်း တညူညူနဲ့ သေတ္တာအလေးကြီးထမ်းလာတဲ့လူကို သူ့ဆရာက သေတ္တာအပေါ်မှာ ကျောက်တုံးကြီး ထပ်တင်ပေးတယ်။ ဟိုလူက ပိုပြီး လျှာထွက်တော့တာကိုး။ အဲသည်အခါကျမှ ဘောစိက သေတ္တာပေါ်က ကျောက်တုံးကြီးကို ဖယ်ချပေးလိုက်တော့ သေတ္တာထမ်းတဲ့လူခမျာ သူ့ဆရာကို ကျေးဇူးတွေတင်မဆုံး ချီးကျုးမဆုံး ဖြစ်လေတော့သတည်းပေါ့။ တချို့ကလဲ နိုင်ငံတော်သမ္မတကို ကိုယ့်အဖေများ အောက်မေ့နေတယ်ထင်ပါရဲ့။ “သမ္မတကြီးခင်ဗျား” တို့  “သမ္မတသို့ အိပ်ဖွင့်ပေးစာ” စသည်တို့ကို မုန့်ဖိုးတကျီကျီတောင်းသလို ဖေ့ဘွတ်ကနေ ဘောင်းလန်အောင် တောင်းဆိုနေလိုက်ကြတာတွေ့ရပါတယ်။ သမ္မတကြီးကများ အရေးတယူများ ဖတ်နေမယ်ထင်နေသလားမသိပါ။ တချို့ကလဲ အဖားလွန်လိုက်ပြီး “ ပြောင့်ကိုချစ်တယ်။ ပြောင့်ကိုမြတ်နိုးတယ်” “ဒါမှ ဒို့ပြောင်ပြောင်” နောက်သလိုလို ခြောက်သလိုလို လေသံနဲ့ ထောက်ခံတော်မူနေတဲ့သူတွေကလဲ ဒုနဲ့ဒေးပါပဲ။ ပြောင်နဲ့နဖူးတိုက် ဒူးတိုက်တွေ့ရင် ပြောင့်ဖင်လျက်ဖို့ပဲ ကျန်တော့မလားတွေးမိပါတယ်။ သူတို့ပြောပြောနေတဲ့ ပြောင်ကတော့ သူ့ကို ဒီလူတွေဒီလောက်ချစ်မယ်ဆိုတာ ဖေ့ဘွတ်မသုံးတော့ မသိရရှာပါ။ သိများသိရင် သတင်းဓာတ်ပုံတွေထဲကလို မချိပြုံးကြီးများ ပြုံးနေဦးမလားပဲ ထင်မိပါတယ်။ အမေရိကန်သမ္မတ၊ အီရန်သမ္မတ ဆိုသူများပင် ဖေ့ဘွတ်သုံးသည်ဆိုတော့ မြန်မာနိုင်ငံ သမ္မတကြီးလဲ ဖေ့ဘွတ်သုံးရင် ဘယ်လိုရလာဒ်တွေထွက်လာမလဲ အလွန် စိတ်ဝင်စားမိပါတယ်။ ၂၄နာရီ အွန်ဂျူတီ မော်ဒရေတာထားချင်လဲ ထားနေရမယ်လဲ တွေးမိပါတယ်။


အထက်ကရေးခဲ့သလိုပဲ လွှတ်တော်ထဲမှာ ဖေ့ဘွတ်သုံးတဲ့ လွှတ်တော်အမတ်တွေ မပါသလို နိုင်ငံတော်သမ္မတလဲ မပါသလို တွိတာသုံးမယ် နောက်တော့ ဖေ့ဘွတ်သုံးမယ်လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ဖေ့ဘွတ်သုံးတာ ယခုထိမတွေ့ရသေးပါ။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည် ဖေ့ဘွတ်သုံးရင်လဲ အခု ကိုဇာဂနာလို ဖေ့ဘွတ်မှာ လုပ်သမျှ ရေးသမျှ တင်သမျှ စောင့်ကြည့်ခံရပြီး အကြောင်းမသင့်ရင် အဆဲခံနေရသလို ဒေါ်အောင်ဆန်းစုကြည်ကို ဆဲမယ့်အုပ်စုကလဲ စနစ်တကျ သင်တန်းပေးပြီးသား အဆင်သင့်ရှိမယ်ထင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကပဲ ဒလန်ချထားသလို ဖေ့ဘွတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကောင်းကြောင်း ဒီချုပ်ကောင်းကြောင်း ရေးနေတဲ့သူများလဲရှိနေတာတွေ့ရတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကီးဘုတ်နဲ့ ၀န်းရံနေကြတယ်လို့ပဲ ယူဆပါတယ်။ သူတို့ခမျာမှာ အဲကွန်းခန်းမှာ အင်တာနတ်မပြတ်သုံးနေရတဲ့ နုနုထွတ်ထွတ် ရေပေါ်ဆီလူတန်းစားမို့ အပြင်မှာ လက်တွေ့တကယ်ဝန်းရံဖို့ အခက်အခဲရှိနေပုံရပါတယ်။့ ဒီလိုဆိုတော့လဲ ဒေါ်အောင်ဆန်းစုကြည်အနားမှာ လက်ချင်းချိတ်ပြီး လုံခြုံရေးပေးနေတဲ့ လူငယ်တွေကမှ ၀န်းရံတယ်ဆိုတဲ့ စကားလုံးနဲ့ ကိုက်ညီနေသလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်လာစကလို ၀န်းရံပြီးဓာတ်ပုံရိုက်တဲ့ အဆင့်ကနေ တကယ်စိတ်ရော ကိုယ်ပါ ကီးဘုတ်မပါ ၀န်းရံတယ်ဆိုရင်တော့ ရွေးကောက်ပွဲ ၀င်ပြိုင်မယ် စိတ်ပြောင်းထားတဲ့ ဒီချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မျက်နှာပန်းလှမှာပါ။ ဒါပေမယ့် အထက်က ပြောခဲ့သလို လွှတ်တော်ထဲရောက်ရင် ပြည်သူ့အတွက် အကျိုးမပြုတဲ့ ဥပဒေတွေပြင်မယ်ဆိုတာကတော့ အခက်အခဲအများကြီး ရှိနိုင်ပါတယ်။ ဒါပေမယ့် သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာ ဘာတွေ သဘောတူညီချက်ယူထားတယ်ဆိုတာ မည်သူမျှ မသိနိုင်တဲ့အတွက် ကျွန်တော်ကိုယ်တိုင် မဖြစ်နိုင်ဘူး အပ်ချမတ်ချမပြောနိုင်ပါ။ ဥပမာ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးသလိုမျိုးပေါ့။ အစပိုင်းမှာ တိုရေရှားရေ လွှတ်လွှတ်ပေးနေတုန်းက ဒေါသဖြစ် ၀မ်းနည်း ပေါက်ကွဲ အော်ဆဲ ကလော်တုတ်ခဲ့ရတဲ့ စိတ်မရှည်နိုင်ကြတဲ့ မြန်မာ ဖေ့ဘွတ်ကာများရဲ့ စိတ်ဓာတ်ကလဲ ကျွန်တော့်ဆီရောက်နေသလိုပါပဲ။ ဒါပေမယ့် အပေါ်ကပြောခဲ့သလို သမ္မတကြီးနဲ့ လူထုခေါင်းဆောင်တင် ပူးပေါင်ရုံနဲ့တင် မကသေးပဲ ကာချုပ်ကိုယ်တိုင် ပြောင်းလဲရန် စိတ်မပါပဲနဲ့တော့ မဖြစ်နိုင်သေးဘူးလို့ ယုံကြည်နေမိပါသေးတယ်။


စိတ်မရှည်တဲ့ မြန်မာဖေ့ဘွတ်ကာများလို့သာ ဆိုရတယ် မြန်မာအများစုရဲ့ စိတ်ဓာတ်က ဒီလိုပါပဲလားလို့ စတီရီယိုတိုက်ပ် သတ်မှတ်ရမလိုပါပဲ။ တစ်ခုခုဆို ကောက်ရိုးမီးလို ၀ုန်းကနဲ ဒိုင်းကနဲ ပေါက်ကွဲကြ၊ မျက်ရည်ဝဲကြ မကျေမချမ်းနိုင်တွေဖြစ်ကြနဲ  ခွင့်လွှတ်ကြေအေးချင်တော့လဲ မြန်လိုက်ကြတာ သူတို့အပြင် မေတ္တာရှင်တွေ မရှိတော့ပါဘူး။ ကျွန်တော် တခါရေးဘူးသလိုပါပဲ။ လူသတ်ထားတဲ့ တရားခံတစ်ယောက်ကို အသတ်ခံရတဲ့လူရဲ့ တရားလိုမိသားစုအနေနဲ့ ကြေအေးချင်ကြေအေးလို့ရပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေအရ လူသတ်မှုဟာ လူသတ်မှု့ပဲ ဖြစ်ပါတယ်။ ကြေအေးလို့မရပါဘူး။ အဲဒါကို ကာယကံရှင်ကိုယ်တိုင်မဟုတ်တဲ့ ဘာမှမဆိုင်တဲ့ ကြားလူတွေက တရားခံကို ခွင့်လွှတ်တယ် ကြေအေးတယ်။ လက်တွဲကြစို့ ပူးပေါင်းကြစို့ ပြောလားပြောရဲ့။ စင်ပေါ်ပြန်တင်ပေးဖို့ ကြိုးစားတဲ့သူတွေကလဲ ကြိုးစားရဲ့။ နာကျည်းနေဆဲသူတွေကိုတောင် ဒီရာဇ၀တ်ကောင်ကို ခွင့်မလွှတ်နိုင်ရကောင်းလားလို့ မာန်မဲတဲ့ ဘာမဆိုင်ညာမဆိုင် သဘောထားကြီးလွန်းသော မေတ္တာရှင်ကြီးများကို ဘယ်လိုသဘောထားရမယ်မှန်း ကျွန်တော် မသိတော့ပါ။ ဒီလို အဖြစ်မျိုးသာ အလေ့အထတစ်ခုအနေနဲ့ ဖြစ်လာရင် သမိုင်းမှာ ဒီလို ရာဇ၀တ်ကောင် တရားခံတွေဟာ အချိန်တန်ရင် ခွင့်လွှတ်ခံရမယ့်အပြင် ငါးထောင်စားမက သူတော်ကောင်းဘွဲ့တောင် ရနိုင်တယ် ဆိုတဲ့ မက်ဆစ်ခ်ျက နောက်လာလတ္တံ့သော ရာဇ၀တ်ကောင်များ စိတ်ထဲ ၀င်သွားနိုင်ပါတယ်။ မင်းကကော ဒီလူကြောင့် ဘာများထိခိုက်ဘူးလို့ ဒီလိုရေးနေရတာလဲ မေးလာခဲ့ရင် ကိုယ်တိုင် ထောင်မကျဘူး အနှိပ်စက်မခံဘူးပေမယ့် သူလုပ်ခဲ့တဲ့ အကျိုးဆက်တွေက ဘ၀မှာ အတိုင်းအတာတစ်ခုအထိ နစ်နာခဲ့ရတာတော့အမှန်ပါ။ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ကျဉ်းဟောင်း၊ ၈၈မျိုးဆက် တွေတောင်မှ နှုတ်ပိတ်နေသေးတာ မင်းက အနေသာကြီးလို့ ထပ်ပြောလာရင်တော့ သူတို့တတွေ နှုတ်ပိတ်နေတာ အားလုံးကောင်းဖို့ ရည်ရွယ်ချက်တစ်ခုကြောင့် အနစ်နာခံတဲ့ နှုတ်ပိတ်နေခြင်းမျိုးလို့ပဲ ယူဆပါတယ်။


ကျွန်တော်ဟာ နိုင်ငံရေးသမားလဲ မဟုတ်ပါ။ ဘယ်ပါတီဝင်မှလဲ မဟုတ်ပါ။ ၈၈မျိုးဆက်လဲ မဟုတ်ပါ။ ၉၆မျိုးဆက်လဲမဟုတ်ပါ။ ၂၀၀၀ မျိုးဆက်လဲမဟုတ်ပါ။ ၂၀၀၇ မျိုးဆက်လဲ မဟုတ်ပါ။ ဒါပေမယ့် အဲဒီလှုပ်ရှားမှုအားလုံးကို ဖြတ်သန်းဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားခြင်း မတရားခြင်း ကိစ္စမျိုး၊ မှန်တယ်လို့ ယူဆပြီး ယုံကြည်နေတဲ့ ကိစ္စမျိုးကို ပြောဖို့တော့ ၀န်မလေးပါဘူး။ ဒီလို ပြောခွင့်ရဖို့ ကျွန်တော် ထောင်ကျဖူးစရာမလိုပါဘူး။ ယူနီဖောင်း ၀တ်ထားစရာမလိုပါဘူး။ နိုင်ငံရေး လှုပ်ရှားမှုသမိုင်း ရှိစရာမလိုပါဘူး။ မင်းက ဘာသိဘာတတ်လို့ ၀င်ယောင်နေရသလဲမေးရင် အဲသည်မေးတဲ့သူဟာ ဒီမိုကရေစီစနစ်ကို နားမလည်တဲ့သူ ဒါမှမဟုတ် ဒီမိုကရေစီလမ်းစဉ်ကို ဆန့်ကျင်သူလို့ပဲ ကျွန်တော် သတ်မှတ်ပါမယ်။ နိုင်ငံသားတစ်ယောက် အခွင့်အရေးအရ ကိုယ့်အမြင်ကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိရပါမယ်။ အဲဒီလူ့အခွင့်အရေးသာ တကယ်ရှိတယ်ဆိုရင် ဒီမိုကရေစီကို အပြည့်အ၀ ဖော်ဆောင်နိုင်မယ့် အခြေခံဥပဒေရှိဖို့၊ ပြည်တွင်းစစ်ရပ်ဆဲပြီး ထာဝရငြိမ်းချမ်းရေးရဖို့၊ တိုင်းရင်းသားတွေအချင်းချင်း စည်းလုံးညီညွှတ်ချစ်ခင်ဖို့၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်သာယာဝပြောဖို့၊ မတရား အနိုင်ကျင့်မှုတွေ မတရားအခွင့်အရေးယူမှုတွေပပျောက်ဖို့၊ တိုင်းပြည်တ၀ှမ်း သဘာဝပါတ်ဝန်းကျင်ကိုကာကွယ်ထိမ်းသိမ်းပြီး စိမ်းလန်းစိုပြေဖို့၊.. စတာတွေကို ကျွန်တော်လိုလားတယ်ဆိုတာ ပြောချင်ပါတယ်။ နိုင်ငံတော်ကို ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ်ပါ။ ပြည်ခိုင်ဖြိုးပါတီကပဲ ဖြစ်ဖြစ် ဒီချုပ်ကပဲဖြစ်ဖြစ် ဘယ်သူပဲ နိုင်ငံတော်ကို ဦးဆောင်ပါစေ စောစောကပြောခဲ့တဲ့အချက်တွေနဲ့ညီရင် ဘယ်အစိုးရမဆို လက်ခံပါတယ်။ ဒါပေမယ့် မတရားမှု ချုပ်ချယ်မှုတွေ ရှိလာပြီဆိုရင်တော့ နိုင်ငံတော်ကို ဒီချုပ်ကပဲ ဦးဆောင်နေလဲ အာဏာရှင်အဖြစ် သတ်မှတ်ပြီး ဆန့်ကျင်ရမှာပါပဲ။ ဒီအခွင့်အရေးတွေကို ကျွန်တော်တို့ လက်ထက်မှာတင် မဟုတ်ပဲ သားစဉ်မြေးဆက် မပျောက်ပျက်အောင် ထိမ်းသိမ်းရမှာပါ။ ကျွန်တော်ကိုယ်တိုင် မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်တွေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ဒီအချိန်မှာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေပြီဆိုရင် ခုမှ လမ်းအစပဲရှိသေးတယ်လို့ သတ်မှတ်ရမှာပါ။ ရောက်တဲ့နေရမှာလဲ ဒီအတိုင်းရပ်နေလို့ လုံးဝမရပါဘူး။ ရှေ့ဆက်ပြီး ပီပြင်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရမှာပါ။ အဲလိုမှမဟုတ်ပဲ နောက်ကြောင်းပြန်လှည့်ဖို့ဆိုတာတော့ အသက်ပေးပြီးတောင် ကာကွယ်ရတော့မလိုပါပဲ။ ကျွန်တော်တို့လိုချင်တဲ့ ခရီးပန်းတိုင် စစ်မှန်တဲ့ အဆီအနှစ်ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်ကိုယ်တိုင် မှီချင်မှ မှီပါ့မယ်။ ကျွန်တော်တို့ နောက်မျိုးဆက်မှာ မှီသွားရင် ကျေနပ်ပါပြီ။

Credit To: http://www.facebook.com/notes/jl-tkg/%E1%80%91%E1%80%84%E1%80%B9%E1%80%9B%E1%80%AC%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%9B%E1%80%AC-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%95%E1%80%AB%E1%80%9B%E1%80%B1%E1%80%85/10150514626487596

0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP