Tuesday, September 28, 2010

ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော့မည်ဟု သတင်းများထွက်ပေါ်လျက်ရှိ

"သရော်စာ"

ဖူဂျီတောင်ခြေမှာ..



ဂျပန်ရောက် မြန်မာများ၏ စီစဉ်ကျင်းပမှုဖြင့် ဂျပန်နိုင်ငံ ဖူဂျီတောင်ခြေတွင် မြန်မာ့ရိုးရာ နတ်ကန္ဒားပွဲ တော်ကြီးကို ချိမ့်ချိမ့်သဲ ကျင်းပတော့မည်ဟု သိရှိရသည်။ ဂျပန်တွင် မြန်မာခေတ်ပေါ် စတိတ်ရှိုး၊ အငြိမ့်၊ ပြ ဇာတ်၊ ရုပ်သေးပွဲ စသည်တို့  မကြာခဏကျင်းပလေ့ရှိခဲ့ရာ ယခုကဲ့သို့  နတ်ကန္နားပွဲကျင်းပခြင်းမှာ ပထမဆုံး ဖြစ်သည်။

ဂျပန်ကတော့ ပထမပါပဲ

ဂျပန်ရောက်မြန်မာများသည် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စသည့်ကိစ္စများတွက် အမြဲတမ်း လက်မနှေးပဲ ထိပ်ဆုံးက ရှိတက်သည့်အားလျော်စွာ ယခု နတ်ကန္ဒားပွဲကိုလည်း ၂၁ ရာစုအတွင်း ပြည်ပနိုင်ငံများတွင် ဟိုးလေးတကြော် ကျင်းပမည့် ပထမဆုံးပွဲဖြစ်ကြောင်း သိရှိရသည်။

နိပွန်းဘိရုမာ ဘန်ဆိုင်း

ထူးခြားချက်မှာ ယခုနတ်ကန္နားပွဲကို ဂျပန်မြန်မာချစ်ကြည်ရေးအဖြစ် ကျင်းပမည်ဖြစ်ရာ မြန်မာ အတွင်း ၃၇ မင်း၊ အတွင်း ၃၇ မင်း၊ အလယ် ၃၇ မင်း စသည့်နတ်များအပြင် ဂျပန်ရိုးရာနတ်များလည်း ပူးပေါင်းပါဝင်ကြမည်ဟု သိရသည်။

နတ်တွေ ဗီဇာရပြီးပြီလား

မြန်မာပြည်က နတ်လောကတွင် ပေါ်ပြူလာ ဖြစ်နေသည့် နတ်တပါးအား မိမိတို့ သတင်းဌာနမှ ဆက်သွယ်မေးမြန်း ကြည့်ရာ.. “ဟုတ်ပါတယ်။ ဂျပန်ကို သွားမှာလေ။ ဗီဇာတောင်ရပြီးပြီ.. အဲ.. ရွေးကောက်ပွဲ နီးနေတော့ မဲပေးပြီးမှ သွားခွင့်ရမယ်လို့ လည်းကြားတယ်..။ နတ်တွေလည်း ဒီရွေးကောက်ပွဲကြောင့် စိတ်ညစ်နေရတယ် ”ဟု ဆိုသည်။

တောင်ပြုံးဖက်တွင် ခရီးလွန်နေသည့် နတ်ကတော်တဦးက.. “ဒီမှာကလည်း ပွဲဆက်တွေများတဲ့ကြားက ဂျပန်က လှမ်းဖိတ်တော့လည်း သွားရမှာပေါ့။ သိတယ်မဟုတ်လား.. နတ်လောက စည်ပင်သာယာတိုးတက်ပြီး နိုင်ငံတကာ အဆင့်ရောက်ဖို့  သွားရမှာပေါ့..”ဟု နတ်သံနှော၍ ပြောပြသည်။

နတ်နောက်မှာ အရိပ်တွေပါတယ်

ယခုနတ်ကန္နားပွဲသို့ လာရောက်မည့် နတ်များနှင့်အတူ နတ်အလုပ်အကျွေး၊ နတ်ထိန်း၊ နတ်အဖေါ်၊ နတ် တပည့်။ နတ်စပယ်ယာ၊ နတ်အရံ စသည်တို့ လိုက်ပါလာမည်ဖြစ်ရာ အချို့ လည်း ဂျပန်တွင် နေခဲ့ပြီး မပြန်မည့် သူ များရှိနေနိုင်ကြောင်းလည်း ခန့် မှန်းပြောဆိုနေကြသည်။
“ဒီမှာက နေရတာ ရင်တမမလေ.. ဘယ်နေ့  ဗုံးပေါက်မလဲ။ ဘယ်နေ့ မီးလောင်မလဲနဲ့ စိုးရိမ်နေရတာ.. ဒီကြားထဲ မီးကပျက်၊ ရေကကြီး၊ ရောဂါကထူ၊ မဲပေးဖို့  ကလည်း တပူပူနဲ့ .. နိပွန်းမှာ ပန်းကန်ပဲဆေးရဆေးရ .. သန့် ရှင်းရေးပဲ လုပ်ရလုပ်ရ… ဒီမှာထက်တော့ စိတ်ချမ်းသာမယ်ထင်တယ်လေ.. ဒီတော့လည်း ဒါတွေရှိနိုင်တာပေါ့ …တချို့ ဆို ဟိုရောက် ရင် အာလျှောက်ဖို့  အခုထဲက “အာလျှောက်နည်းသင်တန်း” တောင် တက်နေပြီကြားတယ်“ဟု နတ်မယ်တော်ကြီးတဦးက တွေးတွေးဆဆ ပြောသည်။

ဂျပန်ထက် မြန်မာက သာပါတယ်

မြန်မာနတ်ကန္နားပွဲများမှာ “အိုးကလေးလှုပ်ပါဟေ့.. ရေအိုးလေး လှုပ်ပါဟေ့”ကဲ့သို့ ဟစ်ဟော့သီချင်းများပါ မကျန် ထည့်သွင်းတီးမှုတ်ကခုန်နေသည်ဖြစ်ရာ အလွန် ခေတ်မှီသည့်အတွက် ဂျပန်နတ်များမှာ နောက်ကောက် မကျန်ခဲ့ ရန် အပြင်းအထန် လေ့ကျင့်ပြင်ဆင်နေရသည်ဟုလည်း သတင်းရရှိသည်။

လက်မှတ်ဝယ်ရတာတော့ နာတယ်ရှင်

ပွဲတော်ကို သေသပ်ကျစွာ ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိနေပြီး ကြိုတင်လက်မှတ်များလည်း ရောင်းချ လျက်ရှိရာ မြန်မာစတိုးဆိုင်များနှင့် မြန်မာများအဓိက စုရုံးရာ မြန်မာအခွန်ရုံးတ၀ိုက်တွင် ၀ယ်ယူနိုင်ကြောင်းလည်း သိရှိရသည်။ လက်မှတ်လေးတကိုင်ကိုင်နှင့် ငိုမဲ့မဲ့ဖြစ်နေသူ တဦးက..

“အခုပွဲမှာ တို့ ကလည်း ကမှာလေ။ တို့ ပါမယ့်ပွဲမှာ တို့ ကိုယ်တိုင်က လက်မှတ်ပေးဝယ်ရမယ်တဲ့။ ဟွန်း. ဒါတော့လွန်တာပေါ့နော်“ဟု ဆိုသည်။

အာရမလား သိချင်ရင်

နတ်ကန္နားပွဲတွင် “အလုပ်အကိုင်အဆင်ပြေပါ့မလား“ “အလုပ်ဘယ်တော့ပြန်ရမလဲ “ “ဘယ်တော့ အာကျမှာလဲ“ “အာကြီးလား။ အာလေးလား” .. စသည် စသည် တို့ ကိုလည်း နတ်မေးနိုင်ကြောင်း သတင်းရရှိသလို နတ်ကန္နားပွဲတွင် ဈေး ဆိုင်ဖွင့်လှစ်ရောင်းချလိုသူများလည်း ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

ဆက်ဆက်လာခဲ့ကြနော်

ယခုပွဲတော်မှာ တမူထူးခြားသဖြင့် ဂျပန်ရောက်မြန်မာများ အထူးစိတ်ဝင်တစား အားပေးလိမ့်မည်ဟု ပွဲစီစဉ်သူများ က မျှော်လင့်လျက်ရှိသည်။ သူမက…

“သမီးတို့ ခေါ်တဲ့နတ်တွေက ကြာဇာတ်လမ်း.. အဲ “အာရုံဦးမှာ ဟိုဒင်းဖြစ်သည့်ကြာ” ဇာတ်ကားထဲမှာ မပါဘူးလေ။ သန့် သန့် လေးတွေဆိုတော့ ဆန္ဒပြခံရမှာလည်း ပူစရာမလိုဘူး။ လက်မှတ်ပြန်အမ်းရမှာလဲ ပူစရာမလိုဘူး။ အေးဆေးပဲ “ ဟုလည်း ဆိုသည်။

ဘယ်နေ့ လဲ…

စနစ်တကျ ပြင်ဆင်နေလျက်ရှိနေသော ဂျပန်မြန်မာ ချစ်ကြည်ရေး ခြိမ့်ခြိမ့်သဲ နတ်ကန္နားပွဲကြီးကို ကျင်းပမည့်နေ့  မှာ ဂျပန်ရောက် မြန်မာအဖွဲ့အစည်းများ ညီညွတ်သည့်နေ့ ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဒေါက်တာ ဂွတို

ဂျပန်ရောက်မြန်မာတွေများပြောပါတယ်၊ Rဗွီဇာလေးတွေ ကျပြီဆိုတော့ လုပ်လိုက်ကြတဲ့ပွဲ သူ့ထက်အပြိုင်ပါဘဲ၊ ရှုံးတယ်...ရှုံးတယ်နဲ့ တပွဲပြီးတပွဲကိုလုပ်လိုက်ကြတာ၊ ဂျပန်ကမြန်မာတွေ လုပ်ဖို့ နတ်ကန္နားပွဲနဲ့ မိုးကြိုးငှက်ငယ်လေးတို့လို (အလှဖန်တီးရှင်များအဖွဲ့ရဲ့ နှစ်နိုင်ငံ သွပ်ပြားတို့ ချစ်ကြည်ရေးပွဲလေးဘဲလုပ်ဖို့ ကျန်တော့တယ်၊ သူများမဦးအောင် မြန်မြန်လေးလုပ်ကြနော်၊

” စိတ်တော့မရှိကြနဲ့ဗျာ အမုန်းခံပြီး ရေးသားတင်ပြနေတာတွေဟာ ကိုယ့်မြန်မာတွေကိုချစ်လို့ပါ၊ ပြုပြင်စေချင်တာလေးတွေကို တင်ပြကြတာပါ။ မဟုတ်တာတွေလုပ်မယ့်သူတွေတော့ သတိလေးထားကြပေါ့ ကျနော်တို့ ပြန်လာပြီ” အမြင်မတော်တာတွေကိုဝေဖန်ထောက်ပြမယ့် မှန်တာတွေ အကုန်ဝေဖန်မယ့် မင်္ဂလာဒိုး...အဲမှားလို့ ဒေါက်တာဂွတိုနဲ့ မီဒီယာအပေါင်းအသင်းများပါ။


Source: http://kamarnilar.blogspot.com/

0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP