Showing posts with label အထွေထွေ ဆောင်းပါးများ. Show all posts
Showing posts with label အထွေထွေ ဆောင်းပါးများ. Show all posts

Tuesday, March 13, 2012

သမိုင်းကို ဖျာခင်းချင်သူတွေရဲ့ စကားပါ (ဒေါက်တာနေဇင်လတ် နှင့်တွေ့ ဆုံခြင်း)

 
၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်သမ္မတအကြံပေးဖြစ်လာတဲ့ ဒေါက်တာနေဇင်လတ်ကို The Messenger ဂျာနယ်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
 
 
မေး-(၂ဝ၁၁) မှာတော့ မမျှော်လင့်တဲ့အကောင်း တွေဖြစ်လာခဲ့တယ်။ (၂ဝ၁၂) မှာရော ဆရာ ဘယ်လို မြင်ပါသလဲ။

 
ဖြေ-နှစ်သစ်မှာတော့ ထင်တာတွေ၊ မျှော်လင့်တာတွေ ဖြစ်လာမယ်လို့ ယူဆပါတယ်၊ မနှစ်ကချခဲ့တဲ့ အခြေခံ အုတ်မြစ်ရဲ့ အကျိုးကျေးဇူးတွေ စပြီးခံစားရမယ်ပေါ့ဗျာ။

 
မေး-မနှစ်က အစိုးရသစ်တက်ပြီး မကြာခင်မှာ သမ္မတ အကြံပေးအဖွဲ့ ပေါ်လာတယ်၊ အတော်ကလေး လူပြော များသွားတယ်။ ဖြစ်မယ်လို့ 'တစ်' ပြေးသူတွေ ဖြစ်မလာဘဲ၊ ဘာသတင်းမှမကြားရတဲ့သူတွေ ဖြစ်လာခဲ့တယ်။ ဆရာ အရင်က သမ္မတကြီးနဲ့ ဆုံဖူးပါသလား၊ ဘာကြောင့်ရွေးတယ်လို့ ထင်ပါသလဲ။

 
ဖြေ-သမ္မတကြီးနဲ့ တစ်ခါမှ စကားတောင်မပြောခဲ့ဖူးပါဘူး၊ ကျွန်တော် အငြိမ်းစားယူတာ (၂ဝ) နှစ် ကျော်သွားပြီ၊ ဘာကြောင့် တာဝန်ပေးတယ်ဆိုတာတော့ အတိအကျ မသိဘူး၊ စာရေးများသွားတာတော့ ဖြစ်နိုင်မလားဘဲ။ အသေအချာတော့ မသိဘူး။

 
မေး-လက်လှမ်းမီတဲ့ မှတ်တမ်းတွေအရ မနှစ်က ဆရာ့ အင်တာဗျူးအများဆုံးပဲ၊ ဘာကြောင့်ပါလဲ။ အတွေ့အကြုံ လေး ပြောပေးပါဦး။

 
ဖြေ-ကျွန်တော် မလုပ်ချင်ဆုံးအလုပ်က အင်တာဗျူးပဲ၊ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးတယ်။ 'ဖြေမလား၊ မဖြေဘူးလား'လို့၊ အင်တာဗျူးအဖြေမှားရင် ခလုတ်တိုက်နိုင်တယ်၊ မဖြေလို့ ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ သမ္မတကြီးက ပြုပြင်ပြောင်းလဲမှုတွေကို တကယ်လုပ်နေတယ်၊ ကျွန်တော်တို့က Media Friendly မဖြစ်ကြသေးဘူး၊ နောက်ဆုံးတော့ အားလုံးကို တွဲခေါ်သွားချင်တာနဲ့ အငှား ဗိုက်နဲ့ ဓားထိုးခံလိုက်ရတော့တာပဲ၊ အစပိုင်းမှာ အကျပ် အတည်း တွေ့တယ်၊ နိုင်ငံရေးဆိုတော့ စကားလုံးရွေး ချယ်မှုကအစ အတိမ်းအစောင်းမခံဘူး၊ အထူးသဖြင့် ပြည်ပမီဒီယာတွေ မညှာမတာမေးခဲ့တာကို ကျပ်ကျပ် တည်းတည်းဖြေခဲ့ရပါတယ်။

 
မေး-ဆရာတို့ တာဝန်က ဘယ်လိုမျိုးလဲ၊ ကန့်သတ်မှု၊ ညွှန်ကြားချက်တွေရော တင်းကျပ်ပါသလား၊

 
ဖြေ-ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့တာဝန်က သမ္မတကြီးကို အကြံပေးတယ်ပေါ့၊ သည့်ထက် ပြောလို့ မရလောက်ဘူး၊ အံ့သြစရာကောင်းတာက ကန့်သတ်ချက် ဘာမှမရှိဘူး၊ ကိုယ့် Initiative  နဲ့ကိုယ်ပဲ၊ ဥပမာအားဖြင့် ကျွန်တော်တို့ မူလတာဝန်ရှိတာက နိုင်ငံတကာရေးရာပိုင်း International Politics ပေါ့၊ ဒါပေမယ့် ပြည်တွင်းနိုင်ငံရေးကလည်း အရေးကြီးတယ်လို့ သုံးသပ်မိတာနဲ့ သမ္မတကြီးကို တင်ပြပြီး ကျွန်တော့် ကြီးဒေါ် နွားကျောင်းလိုက်တယ်၊ သမ္မတကြီး Flexible ဖြစ်တယ်၊ Vision လည်းရှိတော့ ဘာမှမပြောဘူး၊ လုပ်ရကိုင်ရတာ အဆင်ပြေတယ်ပေါ့။

 
မေး-သမ္မတကြီးပေးတဲ့ တာဝန်တွေထဲမှာ အကျပ်အတည်းဖြစ်တာမျိုး ရှိဖူးပါသလား၊ အချိန်လုံလောက်မှုကရော၊

 
ဖြေ-ကျွန်တော်တို့ ကံကောင်းတယ်၊ တာဝန်ယူပြီး (၃) ရက်သားမှာ အင်ဒိုနီးရှားက APF ( ASEAN People’s Forum ) ကို သွားတက်တုန်းကတော့ အခက်အခဲ နည်းနည်းရှိခဲ့တယ်၊ နောက်ပိုင်း သမ္မတကြီးက 'ဝန်' နဲ့ 'အား' မျှအောင်ပဲ တာဝန်ပေးတော့ အကျပ်အတည်း မရှိတော့ဘူး၊ တစ်ခုတော့ရှိတယ်၊ သမ္မတသက်တမ်း ပထမရက် (၁ဝဝ) အတွင်းမှာတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဗီးယားတို့၊ ကင်တားနားတို့၊ တချို့ သံတမန်တို့နဲ့တော့ ကျပ်ကျပ်တည်းတည်းပြောခဲ့၊ ဆွေးနွေးခဲ့ရဖူးတယ်၊ နောက်ပိုင်းတော့ အကျပ်အတည်း မရှိတော့ပါဘူး၊ အချိန်အနေနဲ့ကတော့ ဧည့်သည်တွေ တွေ့ပေးရတာနဲ့ကို တော်တော်လေး လုပြီးလုပ်နေရတယ်။ သံတမန်တွေကိုလည်း ငြင်းလို့မရဘူး၊ သူတို့ကတစ်ဆင့် သူတို့အစိုးရတွေဆီ ပေးချင်တဲ့ Message တွေ၊ သဘောထားတွေကို ပေးနေရတာဆိုတော့ ...

 
မေး-သံတမန်တွေနဲ့ တော်တော် တွေ့ဖြစ်တယ်ဆိုတော့၊ ဆရာ့အမြင်နဲ့ အတွေ့အကြုံလေးပဲ သိချင်ပါတယ်၊

 
ဖြေ-သံတမန်တွေ အားလုံးနီးပါးလောက်နဲ့ တွေ့ဖြစ်ပါတယ်၊ တချို့ဆို လေး၊ ငါးကြိမ်ပဲ၊ UN အဖွဲ့အစည်း တွေ၊NGO ၊INGO တွေလည်းအများကြီးပါပဲ၊ သူတို့နဲ့ တွေ့နေရတာကိုက အချိန်တော်တော် ကုန်နေရတယ်၊ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ပြီးတဲ့နောက်နဲ့ မြစ်ဆုံကိစ္စနောက်ပိုင်းမှာ နေ့စဉ်နီးပါးလောက် တွေ့ပေးနေရတယ်၊ တချို့က ပုံမှန်ပဲ၊ တချို့က အင်မတန် ပါးနပ်ကြတယ်၊ စကားကို အတော်သတိထားပြောရတယ်၊ သိတယ်မို့လား၊ ကျွန်တော်တို့ Position ကဟိုမရောက် ဒီမရောက်ဆိုတော့၊ ကျွန်တော်တို့နဲ့ သူတို့ကတော့ ဟိတ်ဟန်မရှိ ပိုပြီး ပြောဖြစ် ဆိုဖြစ်ကြတာပေါ့၊ တချို့က ဆရာကြီး လုပ်တတ်ကြတယ်၊ အဲသလို လူမျိုးကျတော့လည်း ခပ်ပါးပါး ပြန်ထည့်ပေးလိုက်တယ်၊ သံတမန်ဆိုတာ အပါးနပ်ဆုံး လူတွေပဲ၊ ပရိယာယ် အကြွယ်ဝဆုံးလူတွေ၊ တစ်ခါ တလေ ဖိအားပေးတယ်၊ တစ်ခါတလေ အပျော့ဆွဲ-ဆွဲတယ်၊ တစ်ခါတလေ အရည်အသွေးကို စမ်းတယ်၊ အမျိုးမျိုးပါပဲ။

 
မေး-အကြံပေးအဖွဲ့တွေ တော်တော် တက်တက်ကြွကြွ  အလုပ်လုပ်နေကြတာ ကြားရပါတယ်၊ ကောင်းသတင်းတွေ လည်း များပါတယ်၊ အလုပ်အပေါ်မှာ ဘယ်လိုစိတ်မျိုး ထားပြီး လုပ်တယ်ဆိုတာ သိချင်ပါတယ်၊

 
ဖြေ-အလုပ်အပေါ်မှာပဲ သံယောဇဉ်ထားတယ်၊ ရာထူး ပေါ်မှာ သံယောဇဉ် မထားဘူး၊ အဲဒီတော့ စိတ်သွားတိုင်း ကိုယ်ပါတယ်၊ လုပ်သင့်တယ်လို့ ယူဆတာ လုပ် ဖြစ်သွားတယ်၊ အဓိက-ကတော့ သမ္မတကြီးပါပဲ၊ သူကသာ အဆုံးအဖြတ်ပေးနိုင်တဲ့သူ၊ သမ္မတကြီးမှာ မဟာဗျူဟာအမြင်ရှိတော့ လုပ်ရတာ အဆင်ပြေတယ်၊ အလုပ်မှားရင် စောစောစီးစီး ကျွန်တော်တို့ အနား ယူသွားရနိုင်တာကို မျှော်လင့်ထားပြီးလုပ်ပါတယ်၊ လုပ်သင့်တာ၊ ဖြစ်သင့် တာကို မလုပ်လိုက်နိုင်မှာဘဲ စိုးရိမ်တယ်၊ တခြားဘာမှမရှိဘူး။ ကျွန်တော် အစဦးပိုင်း အင်တာဗျူးမှာ ဖြေဖူးတယ်၊ “Win – Win “ လမ်းကြောင်းကပဲ ကျွန်တော်သွားတယ်၊ သည်နေ့ ကမ္ဘာ့နိုင်ငံရေးကို လေ့လာကြည့်ရင် “Win – Win “  မဟုတ်တဲ့ကိစ္စတွေမှာ လောလောဆယ် ရလဒ်နဲ့၊ နောက်ပိုင်း ရလဒ်တွေမှာ ဆန့်ကျင်ဘက် ဖြစ်နေ လေ့ရှိတတ်တာ တွေ့ရလိမ့်မယ်။

 
မေး-သည်မေးခွန်းကို ဆရာ ဖြေချင်မှဖြေပါ၊ အကြံပေးရဲ့ အနေအထားကို အများသိစေချင်လို့၊ Protocol အရ အကြံပေးဟာ ဘယ်အဆင့်မှာ ရှိပါသလဲ၊ လစာနဲ့ Facility ကရော၊ ကျွန်တော်တို့အတွက် အထူးအဆန်း တစ်ခု ဖြစ်နေလို့ပါ။

 
ဖြေ-ဖြေလို့ရပါတယ်၊ Protocol ကိုတော့ အစိုးရ ရုံးကိုမေးရင် ပိုကောင်းလိမ့်မယ်၊ ခပ်သင့်သင့် အရေးပါပြီး၊ အရာ ကောင်းကောင်းမရောက်တဲ့ ရာထူးလို့ ကိုယ့် ကိုယ်ကို သတ်မှတ်ထားတယ်၊ လစာလို့တော့ မပြောဘူး၊ 'ချီးမြှင့်' ငွေလို့တော့ သုံးတာတွေ့ရတယ်၊ သမ္မတကြီး ကိုယ်တိုင်က ချိုးချိုးခြံခြံနေပြထားတော့ ကျွန်တော်တို့ကို စဉ်းစား ကြည့်လို့ ရနိုင်မယ်ထင်တယ်။

 
မေး-ဆရာတို့ကို အကြံပေးစခန့်တုန်းက အင်တာနက်ထဲမှာ အတော်ကလေး ရေးကြ၊ သားကြတာ တွေ့ရတယ်၊ ဥပမာ ဆရာ့စာတွေကို ရှဲဒိုးရေးခိုင်းတယ်ဆိုတာမျိုး၊ ဒါနဲ့ပတ်သက်ပြီး ဆရာ ဘာများပြောချင်ပါသလဲ၊
 
 
ဖြေ-ဘယ်သူတွေ ရေးနေတယ်ဆိုတာလည်း သိပါတယ်၊ ရှဲဒိုးရေးလား မရေးလားဆိုရင် စာရွက်အလွတ်နဲ့ ဘောလ်ပင်ယူလာခဲ့လိုက်ပါလို့ပဲ ပြောချင်တယ်၊ ဟောပြောပွဲ တွေမှာ မေးတဲ့ မေးခွန်းတွေကို ပါးစပ်အငှားနဲ့ ဘယ်လို ဖြေလို့ရမှာလဲ၊ အခု အင်တာဗျူးတွေကိုရော ပါးစပ်အငှားနဲ့ ဘယ်လို ဖြေလို့ရမှာလဲ ... ဘယ်သူ ရေးတယ်ဆိုတာ ကျွန်တော်သိတယ်လို့ပဲ သည်နေရာက ပြောလိုက်ပါရစေ၊

 
 
မေး-အခု အပြင်မှာ သတင်းတွေဖြစ်နေတာ တစ်ခုရှိတယ်၊ Version တွေက အမျိုးမျိုးပဲ၊ တတိယအင်အား စုက ကြိုးစားလို့၊ အပြင်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ကြိုးစားလို့ ... သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဖြစ်ကြတယ်ဆိုတာမျိုး၊ ပြီးတော့ ... ပြင်ပအား တစ်ခုခုပါလို့ သမ္မတကြီးကပဲ ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ချင်တွေ့ချင် တွေ့ရတယ် ဆိုတာမျိုး၊ အဲဒီကိစ္စက နောင်မရှုပ်ခင်မှာ ရှင်းလင်းသင့်တယ်လို့ ကျွန်တော်တို့ ယူဆတယ်၊ ဆရာ ဘာပြောချင်ပါသလဲ၊

 
ဖြေ-သမိုင်းကို ဖျာခင်းချင်သူတွေရဲ့ စကားပါ၊ သာမန် ကောလာဟလဆိုရင်တော့ ပြောစရာမရှိပါဘူး၊ ရည်ရွယ် ချက်ပါတဲ့ ကောလာဟလဆိုရင်တော့ မကောင်းဘူး၊ဘယ် External Force  မှ မပါဘူး၊ ဘယ် တတိယအင်အားစုမှ လည်းမဟုတ်ဘူး၊ ကျွန်တော်ကိုယ်တိုင် ပါတီ (၃၇) ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်သင့်ပါတယ်ဆိုပြီး နှုတ် နဲ့တင်ပြခဲ့တာကို သမ္မတကြီးကိုယ်တိုင်က စက္ကန့်ပိုင်းမှာတင် သဘောတူခဲ့တာကို ကြည့်ရင်သမ္မတကြီးရဲ့လွတ်လပ်ဆန္ဒအရဆိုတာ သိသာပါတယ်၊ သူ့ရင်ထဲ၊ အတွေးထဲမှာလည်းအရင်က တည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ရှိနေပြီးသား ဖြစ်နေလိမ့်မယ်၊ ဗိုလ်ချုပ်အောင်ဆန်းပုံကို သမ္မတကြီးကိုယ်တိုင် သူ့ရုံးခန်းထဲမှာ ချိတ်ထားတာနဲ့ National Reconciliation လုပ်ဆောင်မယ်လို့ပြောခဲ့တာ သက်သေပဲ၊ ကောင်းတာ လုပ်နေတဲ့ လူကြီးတစ်ယောက်ကို အဲဒီလိုတော့ မပြောသင့်ဘူးလို့ ထင်တယ်၊ အဲဒီလောက်တောင် လူတွေ အတ္တမကြီးသင့်ဘူး၊ ဒါတွေကို ကျွန်တော် မပြောဘူးလို့ နေခဲ့တာ၊ စိတ်ရင်းစေတနာကောင်းတဲ့သူကို ထိခိုက်လွန်းတယ်လို့ယူဆလို့ ရှင်းလိုက်တာပါ၊ သမ္မတကြီးကိုယ်တိုင် ငါးစက္ကန့် တောင် မကြာတဲ့အချိန်မှာ အဆုံးအဖြတ် ပေးလိုက်တာဆိုတော့ External Force ပါ-မပါ ရှင်းပါတယ်၊ သူ့ စိတ်ဆန္ဒရင်းကြောင့် အဲဒီလောက် အချိန်တိုအတွင်းမှာ အဆုံးအဖြတ်ပေးနိုင်တာပါ၊ သူ Political Will ကသာအဓိကပါ။

 
မေး-ဒါကြောင့် နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မယ်လို့ ဆရာဦးဆုံးစပြီး ပြောနိုင်တာကိုး၊ ကျွန်တော်တို့ သတိတော့ထားမိတယ်၊ ဒါပေမယ့် ပြည်တွင်းကို သတင်းမပေးဘဲ၊ ဘာကြောင့် ပြည်ပကို သတင်းစပေးခဲ့ပါသလဲ ဆရာ၊

 
ဖြေ-ခွင့်တောင်းပြီးတော့ ကျွန်တော့်ကိစ္စပြီးသွားပြီ၊ ကျန်တာ ရုံးအလုပ်နဲ့ သမ္မတက ဆက်ပြီးတာဝန်ပေး မယ့်သူရဲ့ အလုပ်ပဲ၊ ကျွန်တော် သိစရာမလိုတော့ဘူး၊ ကျွန်တော့်စည်းအတွင်းမှာပဲ ကျွန်တော်ပြန်နေတယ်၊ ဒါပေမယ့် အဲဒီတုန်းက ခင်ဗျားတို့ သတိထားမိမလား မသိဘူး၊ နိုင်ငံကြီးတစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး တစ်ဦးက ပွဲတစ်ပွဲ မှာ မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့၊ ပြင်းထန်တဲ့စကားတွေနဲ့ မိန့်ခွန်းပေးမယ်ဆိုပြီး ပြည်ပအသံလွှင့်ဌာနတွေက သတင်းထွက်လာတယ်၊ မလိုအပ်ဘဲ သမ္မတကြီးအပေါ် Pressure မရှိစေချင်ဘူး၊ ဒါ ကြောင့် မလွန် မကျွံသွားအောင်ဆိုပြီး ကျွန်တော် ဒီကလှမ်းတားတဲ့အနေနဲ့ သတင်းထုတ်လိုက်တာပါ၊ ကံဆိုးချင်တော့ အလုပ်ရုံဆွေးနွေးပွဲက နောက်ကိုနည်းနည်းဆုတ်သွားတယ်၊ ကျွန်တော်မှားပြီး ပြောလိုက်သလားဆိုပြီးတောင် ဝေဖန်သံတွေ ထွက်လာသေးတယ်၊ အကျပ်အတည်းကို ကျွန်တော် ပြန်ခံစားလိုက်ရတယ်၊ အဲဒီတုန်းကသာ အဲဒီ နိုင်ငံခြားရေးဝန်ကြီး ခပ်ပြင်းပြင်းပြောခဲ့ရင် အခုဆို လျှော့ဖို့ တော်တော်ခက်သွားမယ်။

 
မေး-MDRI ကိစ္စလေး မေးချင်တယ်ဆရာ၊ ရည်ရွယ်ချက် နဲ့ သဘောသဘာဝ ပြောပြနိုင်မလား၊

 
ဖြေ-MDRI က Myanmar Development and Resource Institute ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တွေမှာ လည်း ရှိတယ်၊ IDEA က ဦးမြင့်ဆီက စတယ်၊ သမ္မတကြီးက ခွင့်ပြုခဲ့တယ်၊ သတင်းတချို့မှာ ဦးမြင့် ပြောခဲ့တဲ့ အတိုင်းပါပဲ၊ ကျွန်တော်တို့ နိုင်ငံရေးဘက်ကStrategic Studies Institute  ဆိုတာမျိုးကိုလုပ်မလို့၊ နောက်ဆုံး MDRI နဲ့ စုပေါင်းလုပ်လိုက်ကြတယ်ပေါ့။ အကြံပေး (၉) ဦး အပေါ် အခြေခံဖွဲ့စည်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေဆိုင်ရာ လုပ်ငန်းဆောင်တာတွေ ရှိလာမယ်၊ ကျွန် တော်တို့ နိုင်ငံရေးဘက်မှာ Political  နဲ့ HR ကို ဇောင်းပေးလုပ်သွားမယ်၊ ပြည်တွင်းပြည်ပ ပညာရှင်တွေက သင်တန်းပို့ချမယ်၊ မည်သူမဆို တက်နိုင်တယ်၊ ဘယ်ပါတီကိုမဆို သွားနိုင်တယ်၊ အချုပ်အခြယ် မရှိဘူး၊ နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်မယ်၊ မျက်လုံးမှိတ်ပြီး ပြောနေမယ့်အစား နိုင်ငံရေးဆိုတာဘာလဲလို့ သိပြီးပြောနိုင်တော့ ပိုကောင်းတာပေါ့၊ State Building ဆိုတဲ့ နိုင်ငံတော်တည်ဆောက်ရေး အကြောင်းလည်း သိသွားမှာပါ။

 
          ရည်ရွယ်ချက်က မျိုးဆက်သစ်တွေ အရည်အသွေး တစ်စုံတစ်ရာ မြှင့်တင်ရေး အစီအစဉ်ပါ၊ အဲဒီ အစီ အစဉ်ကိုကြည့်ရင်ပဲ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှု၊ အနှစ်သာရကို တွေ့နိုင်ပါလိမ့်မယ်။

 
မေး-နောက်တစ်ခုက 'အမေရိကန်-တရုတ်-မြန်မာ' သုံးပွင့်ဆိုင်အခြေအနေ၊ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ၊ အမေရိ ကန်-တရုတ် ထိပ်တိုက် ဘယ်လို တွေ့ဆုံကြမလဲဆိုတာ ... ၊

 
ဖြေ-ဦးဆုံးပြောချင်တာက နိုင်ငံတစ်နိုင်ငံရဲ့ အိမ်နီးချင်း တွေဆိုတာ Choice ဆိုတဲ့ ရွေးချယ်ပိုင်ခွင့် မဟုတ်ဘူး၊ ပထဝီအနေအထားအရ ပြဋ္ဌာန်းခြင်းဆိုတဲ့ Determination ပါ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အိမ်နီးချင်းတွေကိုတော့ ဆက်ဆံရေးကောင်းကောင်းနဲ့ ပေါင်းရမှာပဲ၊ အဲဒီတော့ 'မြန်မာ-တရုတ်' ဆက်ဆံရေးက ပြောင်းစရာ မမြင်ပါဘူး၊ နောက်တစ်ခုက 'မြန်မာ-အမေရိကန်' ပဲပြောပြော 'မြန်မာ-အီးယူ' ပဲပြောပြော၊ အခုရက်ပိုင်း အခြေအနေတွေက 'ဂ' ငယ်ကွေ့ တစ်ဆစ်ချိုး ပြောင်းသွားတယ်၊ သူတို့က မြန်မာနိုင်ငံကို ခွဲခြားဆက်ဆံခဲ့တာ၊ မြန်မာနိုင်ငံက ရှောင်နေတာ မဟုတ်ဘူး၊ ကြုံလို့ ပြောရဦးမယ်၊ မြန်မာနိုင်ငံအတွင်းမှာ ခွဲခြား ဆက်ဆံမှ (Discrimination) တွေ ရှိနေတယ်ဆိုပြီး အနောက်ဘက်က ပြောကြတယ်၊ စဉ်းစားကြည့်ရင် ... အနောက်ဘက်က ကျွန်တော်တို့နိုင်ငံကို အခြားနိုင်ငံတွေနဲ့ ခွဲခြားထားတာ၊ (Discriminate) လုပ်ထားတာကို ဘယ်လိုပြောမလဲ၊ ဘယ်လိုခံစားမလဲ ... ထားပါတော့၊
          စင်ကာပူမှာ အမေရိကန်တွေရဲ့ စစ်သင်္ဘောငယ် တွေကို တပ်စွဲလိုက်ပြီး၊ သြစတြေးလျမှာလည်း တပ်အင် အား ချဲ့ထွင်လိုက်တယ်၊ အမေရိကန်တွေရဲ့ ပစိဖိတ်ဒေသ မဟာဗျူဟာ ပိုပေါ်လာတယ်၊ အမေရိကန်တွေအနေ နဲ့ ကျွန်တော်တို့နိုင်ငံအပေါ် နည်းဗျူဟာအဆင့်ကကြည့်ရင် တစ်မျိုးဆက်ဆံမယ်၊ မဟာဗျူဟာအဆင့်က ကြည့်ရင် တစ်မျိုး ဖြစ်သွားမယ်၊ ဒါကတော့ သူတို့ရဲ့သဘောပဲ၊ ကျွန်တော်တို့ကတော့ ကမ္ဘာ့နိုင်ငံပေါင်း (၂ဝဝ) နဲ့ ချစ်ခင် ချင်တာပဲ။
          နောက်တစ်ခုက 'အမေရိကန်-တရုတ်' ထိပ်တိုက် တွေ့နိုင်ခြေ ရှိ-မရှိဆိုတာ၊ တွေ့နိုင်ခြေ အင်မတန် နည်း ပါးတယ်လို့ ကျွန်တော် သုံးသပ်တယ်၊ အမေရိကန် ဘက်ကကြည့်တော့ တရုတ်ကို နိုင်ငံရေးစနစ်မတူတဲ့၊ အနာဂတ်မှာ ပခုံးချင်းယှဉ်လာမယ့် ကျားတစ်ကောင်လို့ မြင်လိမ့်မယ်၊ သူ့အလုပ် သူ လုပ်လိမ့်မယ်၊ တရုတ်က လည်း နိုင်ငံရေးပါဝါရဖို့ စီးပွားရေးကို နောက် ဆယ်စု နှစ်တစ်ခုကျော် (သို့မဟုတ်) နှစ်ခုအထိ အထိခိုက်ခံ မှာ မဟုတ်ဘူး၊ အဲဒီအတွက် ဘယ်အင်အားကြီးနိုင်ငံနဲ့မှ ထိပ်တိုက်မတွေ့အောင် ရှောင်မှာပါ၊ Strategic Allied လုပ်ထားတဲ့နိုင်ငံတွေကို လေ့လာရင် ... တရုတ်ဘက်မှာ သိပ်ပြီး အားမရှိဘူး၊ ဒါကြောင့် 'အမေရိကန်-တရုတ်' ထိပ်တိုက်မတွေ့နိုင်ဘူးလို့ သုံးသပ်တယ်၊ ကျွန်တော်တို့ နိုင်ငံကတော့ စန်းပွင့်ချိန်ဖြစ်ပြီမို့ အခြေအနေ ကောင်းမယ် လို့ ပြောနိုင်ပါတယ်၊

 
မေး-လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာရော ဘယ်လောက် မျှတမယ်လို့ ဆရာ ထင်ပါသလဲ၊ NLD ကရော ဘယ်လောက် နိုင်ခြေရှိပါသလဲ၊

 
ဖြေ-အရင်ထက်စာရင် အများကြီး မျှတပါလိမ့်မယ်၊ လွှတ်တော်ဥက္ကဋ္ဌကြီး၊ကော်မရှင်ဥက္ကဋ္ဌကြီးနဲ့ လူကြီးတွေက ပြောထားပြီးပြီလေ၊ အခြေအနေက အရင်နဲ့ မတူတော့ဘူး၊ Democratization Practice ဆိုတဲ့ အလေ့အကျင့်က အခု အစိုးရသစ် လက်ထက် (၉) လသားလောက် ကျင့်သုံးကြပြီးပြီဆိုတော့ အတော်အတန် အလေ့အကျင့်ရသွားပြီ၊ NLD အနေနဲ့ အခြေအနေ အတော်ကောင်းပါတယ်၊ မြန်မာ့နိုင်ငံရေး ပိုပြီးအသက်ဝင်လာလိမ့်မယ်၊ မှန်မှန် ကန်ကန် စုစုစည်းစည်း၊ အမျိုးသားရေးစိတ်ဓာတ်ကိုပဲ အခြေခံပြီး လုပ်ကိုင်ကြဖို့လိုတယ်၊ မှန်မှန်ကန်ကန်နဲ့ အပြု သဘောဆောင်ပြီး ဝေဖန်နိုင်ဖို့၊ ငါမပါရင် မပြီးဘူးဆိုတဲ့ စိတ်ဓာတ်မျိုး စွန့်ခွာနိုင်ဖို့လိုတယ်၊

 
မေး-နောက်ဆုံးမေးခွန်းပါ ဆရာ၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံကိုမကြာသေးခင်လာသွားတုန်းက သမ္မတကြီးဦးသိန်းစိန်နဲ့ရော၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ပါတွေ့ခဲ့တယ်လို့ Bangkok Post သတင်းစာ ရှင်းလင်းပွဲမှာထုတ်ပြောခဲ့တယ်၊ ဆရာဘယ်လိုရှုမြင်ပါ သလဲ၊

 
ဖြေ-ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေနဲ့ Democratization အတွက်အကောင်းဆုံး လမ်းကြောင်းနဲ့အုတ်မြစ်ကိုချပေး သွားခဲ့တယ်လို့မြင်တယ်၊  စစ်အုပ်ချုပ်ရေးရဲ့ အဆုံးသတ်ကောင်း၊ စာမျက်နှာသစ်ရဲ့အစကောင်းနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့  Graceful Exist လည်းဖြစ်ပါတယ်။ နှစ်ပေါင်း (၂ဝ) လောက် Stress များလွန်းတဲ့ အလုပ်မှာကြာတော့ ငြီးငွေ့နိုင်တယ်၊ သက်ဆင်အနေနဲ့'ကြီးသူ'ကိုဂါရဝပြုတာ မျိုးဖြစ်နိုင်ပါတယ်၊ လက်ရှိ လူကြီးတွေလည်းဂါရဝပြု ခွင့်ရှိနေတယ်လို့မြင်တယ်၊ ကိုယ့်ဆရာသမားကိုအနား ယူပြီးမှဆက်ပြီးဂါရဝ တရားထားနိုင်တာဟာ မြန်မာ တွေရဲ့တန်ဖိုးနဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု့လို့မြင်ပါတယ်။
          သက်ဆင်လိုပဲ (၁၉၉ဝ) တစ်ဝိုက် လောက်တုန်းက ဆူဟာတိုကြီး လည်းဦးနေဝင်းကို တွေ့ပြီးဂါရဝပြုခဲ့ဘူးသေးတာ အမှတ်ရနိုင်ကြဦးမှာပါ၊  ကျွန်တော်တော့ အသက်ရှင်နေ သေးတဲ့ဆရာသမားတွေကို ဒီနေ့ထိဂါရဝ ထားကူညီလို့ ကောင်းတုန်းပဲ၊ ကုသိုလ်အင်မတန်ကြီး တဲ့ကိစ္စလေ။

မက်ဆင်ဂျာဂျာနယ် 
 
 

Read more...

နှစ်ဖြာသောပညာနှင့် လူ့အရင်းအမြစ် "ဒေါက်တာနေဇင်လတ်" (HR Journal အမှတ်စဉ်- 133 မျက်နှာဖုံးဆောင်းပါး)


by HR Journal (7HR Business Group) on Monday, February 27, 2012 at 2:01pm ·
 
ဒေါက်တာနေဇင်လတ်

မြန်မာပို့စ်ဂလိုဘယ်က လူ့အရင်းအမြစ် (HR) နှင့်ပတ်သက်၍ မေးခွန်းဒါဇင် ဝက်ခန့်ပိုခဲ့၍ဖြေပေးလိုက်ရသေး သည်။ မြန်မာနိုင်ငံဘာကြောင့် HR ကျဆင်းခဲ့ရပါသနည်းဟူသည်ကအကြောင်း ရင်းဖြစ်၏။ ခြုံငုံ၍ဆိုရလျှင် စနစ်ကိုလူ တွေကဖန်တီးပါသည်။ စနစ်ဆိုသည်က သက်မဲ့သာဖြစ်၏။ လူတွေဖန်တီးလိုက်သောစနစ်ကပင် နောက်မျိုးဆက်တို့ ကိုပို၍တော်စေနိုင်သလို ပို၍လည်းညံ့ဖျင်း သွားစေနိုင်ပါ၏။ မြန်မာ့လူ့အရင်းအမြစ်ကျဆင်း သွားရခြင်း၏အကြောင်းရင်းမှာ စနစ်မှားအောက်တွင်ကြာမြင့်စွာနေထိုင်ခဲ့ရသောကြောင့်ဖြစ်သည် ဟုဆိုနိုင် ပါ၏။


ကွန်ဆက်တင့်၊ ပါဆက်တစ်


ကျွန်တော်တို့ငယ်စဉ်က သင်ကြားခဲ့ရသော ပညာရေးပုံစံသည် “ကျက်-မှတ်” ပုံစံဖြစ်သည်။ စဉ်းစား ရန်များစွာမရှိခဲ့။ ထို့ကြောင့်များစွာလည်း မစဉ်းစားနိုင်ခဲ့။ ထိုပညာမျိုးသင်ခဲ့ရပြီးသူကကြီးလာသည့် အခါတွင် သူအခြေခံခဲ့သော ဝန်းကျင်ကိုသာဖန်တီးနိုင်မည်သာဖြစ်၏။ စဉ်းစားနိုင်စွမ်းကိုအားမပေးခဲ့သော ပညာရေး တွင်ကြီး ပြင်းခဲ့သူအနေဖြင့်ကြာလာသည့်အခါ မစဉ်းစားတတ်တော့ချေ။ ပို၍သန္ဓေရင့် သွားသည်ကထိုမစဉ်းစား နိုင်ကြသော သူများဖန်တီးထားသည့် ဝန်းကျင်တွင် ကြီးပြင်းမွေးဖွားလာကြသူများမှာစဉ်းစားရကောင်း မှန်းပင် မသိကြတော့ချေ။ တီထွင်ဆန်းသစ်သော၊ တွေးခေါ်ကြံဆသော (Conception) ပျောက်ဆုံးသွားသည်။ Conception ကိုအဘိဓာန်တွင် (Conceived in mind / appreciation / imagination) စသည်ဖြင့်ဖွင့်ဆိုထား သည်။ ဆိုရလျှင် A mental product of invention ဟူသည်တီထွင်ဆန်းသစ်မှုတစ်ခုအပေါ် စိတ်ဆိုင်ရာ ထုတ်လုပ်မှုတစ်ခုပင်ဖြစ်သည်။ Conceptual Knowledge ပျောက်ဆုံးကြသူများဟုဆိုနိုင်သည်။


          အခြေခံစက်ရုံဝန်ထမ်းများသည် ကာယအားကိုး အလုပ်လုပ်ကြရသည်ဖြစ်ရာစက်တစ်ခုပေါ်မှ ပစ္စည်း ကိုနောက်စက်တစ်ခုပေါ် ရွှေ့ရသည့်အလုပ်များတွင် စဉ်းစားရန်များစွာလိုအပ်သည်မဟုတ်၊ သို့သော်လည်း စီမံ ခန့်ခွဲမှုအဆင့်ရောက် လာကြသည့်ကြီးကြပ်သူ၊ မန်နေဂျာငယ်များမှစ၍မူကား စက်ရုပ်တစ်ရုပ်လို လုပ်ကိုင်၍မရ တော့ချေ။ ပစ္စည်းများထားသိုမှု၊ လူများကိုနေရာချထားမှုစသည်တို့မှမည်မျှ များများ၊ မည်မျှကောင်းကောင်း ထုတ်လုပ်နိုင်သည်အထိစဉ်းစားလာကြရသည်။ လူနှင့်ပတ်သက်သောကျွမ်းကျင်မှု (Human Skill) ဟုဆိုသည်။ ဂဟေဆက် သမားတစ်ဦးကျွမ်းကျင်စွာဂဟေဆက်နိုင်မှုကို နည်းပညာဆိုင်ရာကျွမ်းကျင်မှု (Technical Skill) ဟုသတ်မှတ်ပါသည်၊ အခြေခံဝန်ထမ်းများ၏ အဓိကအားထားရသောကျွမ်းကျင်မှုဖြစ်သည်။


          အလယ်လွှာမန်နေဂျာများမှာ နည်းပညာ၏သဘောသဘာဝကို သိထားရမည်ဖြစ်ပြီး ကိုယ်တိုင် ကျွမ်းကျင်စရာ မလိုချေ။ စီမံခန့်ခွဲမှုပညာကသူ၏ အဓိကကျွမ်းကျင်မှုဖြစ်လာ၏။ မည်သို့စီမံခန့်ခွဲရ မည်ကို သိရမည်ဖြစ်ပြီး၊ မည်သို့ဆောင်ရွက်သင့်ကြောင်းစဉ်းစားနိုင်လျှင် Conceptual Knowledge ကောင်းသူ သို့မဟုတ် Conceptive Person ဖြစ်သည်ဟု ဆိုပါလိမ့်မည်။


အထက်လွှာသည်ဤမျှနှင့်မလုံလောက်တော့အခြေခံအားဖြင့် ကျွမ်းကျင်မှုသုံးမျိုး ရှိသည်။
          Technical Skill  ဟူသည့်နည်းပညာ ရပ်ဆိုင်ရာကျွမ်းကျင်မှု၊
          Human Skill ဟူသည့်လူတို့နှင့်ပတ် သက်သောသိနားလည်နိုင်မှု၊
          Conceptual Skill ဟူသောထိပ်တန်းစီမံခန့်ခွဲသူတို့၏ တွေးတောကြံဆ၊ တီထွင်ဆန်းသစ်ခြင်းအပေါ် ကျွမ်းကျင်မှုဟူ၍ဖြစ်သည်။


          ထိပ်တန်းစီမံခန့်ခွဲသူတို့မှာ Conceptual Skill ကိုကောင်းစွာပိုင်နိုင်ကျွမ်းကျင်သင့်ကြသည်။ ခေတ်သစ်သည် ယှဉ်ပြိုင်မှုပို၍ပြင်းထန်လာသည့်ခေတ်ဖြစ် လာသဖြင့်အတွေးအခေါ်အယူအဆများ ကတစ်နေ့ထက်တစ်နေ့ပို၍တောက် ပြောင်လာရန်လိုပါသည်။ ထို့ထက်ပို၍ ကြီးကျယ်ကြသူတို့မှာကား ရှေ့ဘာဖြစ် မည်ကို ကြိုတင်တွေးခေါ်ပုံဖော်နိုင်သည့် အရည်အချင်းပင်ဖြစ်သည်။ Perceptual Skill ဟုခေါ်သည်။ Perception ကို အတွေ့အကြုံပညာရပ်များရာမှ အာရုံမှ တစ်ဆင့်သိမှုဟု အဓိပ္ပာယ်ဖွင့်ဆိုထား သည်။ The initiative or direct recognition of a moral (or) personal quality ဟုဆိုထားပါသည်။ အနာဂတ်ဖြစ် လာမည်တို့ကိုကြိုတင်တွေးတောကြံဆနိုင် သူများကို Perceptive  ဖြစ်သည်ဟုဆိုပါ သည်။ အနည်းဆုံး မဟာဗျူဟာအဆင့်ရှိ သူတို့သာရနိုင်သောအရည်အသွေးလည်း ဖြစ်သည်။


          တစ်ချိန်တွင်လူတိုင်း ကွန်ပျူတာ မသုံးမနေရသောခေတ်ရောက်လာမည် ဟူသော Bill Gates ၏ အနာဂတ်အမြင်မျိုး၊ iPhone ? iPad တို့ရှိ လုပ်ဆောင်ချက် အသစ်အဆန်းများကိုတီထွင်ထည့်သွင်း ပေးခဲ့သည့် Steve Jobs ၏ အနာဂတ်အမြင်မျိုးများဖြစ်သည်။


မြန်မာတွေ HR အားနည်းခဲ့ရတာ


          “ကျက်-မှတ်” ပညာဖြင့်ကြီးပြင်းလာကြသူတို့သည် လက်တွေ့ဘဝတွင် Technical Skill ကိုပင် ကောင်းစွာအာမခံနိုင်ကြသည်မဟုတ်။ တီထွင်ကြံဆမှု၊ တွေးခေါ်မြော်မြင်မှုတို့သည် ကိုယ်နှင့် ဆိုင်သော အလုပ်များဟု ယူဆကြမည်လည်းမဟုတ်ချေ။ ကိုယ့်အတွက်က “ခိုင်းတာလုပ်၊ ပြန်မပြောနဲ့” ဟူသည်ကလုံ လောက်နေသည်။ ဦးနှောက်အလုပ်ပေး ခြင်း (Brain Storming) ကိစ္စအတွက် ခေါင်းခြောက်မခံနိုင်ဟု ဆိုကြ သည်။ ဦးနှောက်အလုပ်မပေးလျှင်အကြံဥာဏ်သစ်များရနိုင်မည်မဟုတ်၊ ဝေဖန်အကြံမပြုနိုင်လျှင်လည်း ဦး နှောက်ကိုအသုံးချနိုင်ခြင်းမမည်။ ကြာတော့လူတွေက အာရုံမဲ့စက်ရုပ်များ ဖြစ်မှန်းမသိဖြစ်လာကြတော့သည်။           ယှဉ်ပြိုင်ခွင့်မပေးခြင်းကပင်တိုး တက်မှုကိုဆုတ်ယုတ်စေပါသည်။ ယှဉ်ပြိုင်နိုင်မှုမညီမျှခြင်းကလည်း တိုးတက်မှုကို ဟန့်တားပါသည်။ တစ်ချိန်ကကျွန်တော်တို့ “မလုပ်-မရှုပ်-မပြုတ်” ဝန်းကျင်ဖြင့် ကြီးပြင်းလာ ခဲ့ကြရသည်။ ဝေဖန်မှုကိုလက်မ ခံနိုင်ခြင်း၊ ယှဉ်ပြိုင်မှုကင်းမဲ့ခြင်း၊ အကြံဥာဏ်ပေးပိုင်ခွင့်ဆိတ်သုဉ်းခြင်းများ သည် မြန်မာ့လူ့အရင်းအမြစ်ကိုနိမ့်ပါးစေသော အရာများဖြစ်သည်။


          ဦးနှောက်အလုပ်ကောင်းစွာ မပေးရသည့်ဝန်းကျင်တွင် မွေးဖွားကြီးပြင်းလာကြသူများမှာ ဦးနှောက် အလုပ်ပေးရခြင်းကိုပင်မလုပ်တတ်တော့ချေ။ စာများများ ကျက်လျှင်မှတ်Óဏ်အားကောင်းလာသကဲ့သို့ ဦး နှောက်အလုပ်များများပေးခြင်းဖြင့်အကြံကောင်း၊ ဥာဏ်ကောင်းများ ကိုထုတ်လုပ်နိုင်စေပါသည်။ ထို့ကြောင့် အခြေခံပညာရေးမှစ၍ “ကျက်-မှတ်” စနစ် မှ “တတ်-သိ” စနစ်သို့ပြောင်းလဲရန်လိုအပ်ပါလိမ့်မည်။ ဝေဖန်မှုကို အပြုံးဖြင့်ခံယူထားနိုင်ကြရပါလိမ့်မည်။ ဦးနှောက်ကို များများ အလုပ်ပေးကြရပါလိမ့်မည်။ အကြံဥာဏ်ပေးပိုင် ခွင့်ကိုများများ လမ်းဖွင့်ပေးရပါလိမ့်မည်။ မှန်ကန်သောယှဉ် ပြိုင်မှုကိုများများပေးရပါလိမ့်မည်။


          တစ်ချိန်ကမြန်မာ့ HR သည် ဝန်းကျင်၏ အပံ့အပိုးမရခဲ့သောကြောင့် အာရုံမဲ့စက်ရုပ်လူသားနီးပါး မျှဖြစ်ခဲ့ရ ၍လူ့အရင်းအမြစ်များစွာနိမ့်ပါးခဲ့ရခြင်း ဖြစ်ပါသည်။ မိမိတို့၏ အရည်အချင်းကောင်းများကိုစနစ်က သုံးစွဲခွင့်မပေးခဲ့ကြသောကြောင့်ဖြစ်သည်။


ဘာကြောင့်တိုးတက်ကြသလဲ


          ကုန်ထုတ်လုပ်မှုများတွင်စက်၊ စက်ရုပ်များ သုံးစွဲနေသော်လည်း လူ့လုပ်အားကို ယနေ့ထိလုံးဝပစ် ပယ်၍ မရသေးပါချေ။ ချမ်းသာသောနိုင်ငံများတွင်အခြေခံအလုပ် များ (ဦးနှောက်များများအသုံးမပြုရသည့်) ကိုသူ့နိုင်ငံမှအောက်ခြေလုပ်သားများနှင့် တတိယနိုင်ငံမှလုပ်သားများကို ခေါ်ယူဆောင်ရွက်လေ့ရှိသည်။ အလယ်လွှာနှင့် အထက်လွှာတို့အားကောင်းကြသည်။ ဆိုရလျှင် Conceptual Knowledge နှင့် Perceptual Knowledge  အားကောင်းသူ များ တစ်စုံတစ်ရာတောင့်တင်းသည်ကို တွေ့နိုင်ပါသည်။


          စစ်တုရင်ကစားနည်းတွင်ဤအခြေအနေကိုကောင်းစွာတွေ့နိုင်ပါသည်။ ကစားနည်းကောင်းစွာမကျွမ်း ကျင်သူများ အနေဖြင့်ကစားကောင်အရေအတွက် အသာစီးရရေးကိုအလေးထားတတ်ပြီး ပွဲလယ်၊ ပွဲဆုံး အသာ စီးရပြီးအောင်နိုင်မှုကို သာအလေးထားသူအတွက်ကစားကောင် အရေအတွက်ထက် “အကွက်” အသာစီးရ ရေးပေါ်တွင်သာ အာရုံထားကြောင်းတွေ့နိုင်မည်ဖြစ်ပါသည်။ သာမန်အဆင့်သာ စဉ်းစားနိုင်သူအတွက် Technical Skill ပေါ်တွင်သာအလေးထားနိုင်မည်ဖြစ်ပြီး တစ်စုံတစ်ရာ အနာဂတ်တိုးတက်မှုအတွက် ဆန္ဒကြီးသူများမှာ Conceptual Skill ကိုရအောင်ကြိုးစားကြမည်ဖြစ်သည်။


          ကြီးကြီးကျယ်ကျယ်ဖြစ်လိုသူများ၊ ရလိုသူများအတွက်မူ Perceptual Knowledge သည် မရှိမဖြစ် သော အရည်အချင်းတစ်ပါးဖြစ်ရပါလိမ့်မည်။


ပြင်ဆင်ကြရတော့မယ်


          မြန်မာ့နိုင်ငံရေး အခြေအနေ ကောင်းများရရှိခဲ့ပြီဖြစ်၍ အရေးယူပိတ်ဆို့မှုများ မကြာမီဖယ်ရှားပေး နိုင်လိမ့်မည်ဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံသူများ အများအပြားကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် များစွာစိတ်အားထက်သန်နေကြပြီဖြစ်သည်။ အတိတ်ကဝန်းကျင်နှင့် လုံးဝမတူခြားနားသောဝန်းကျင်နှင့် ထိတွေ့ဆက်ဆံကြရမည်လည်း ဖြစ်သည်။ မျှတသောယှဉ်ပြိုင်မှု၊ မှန်ကန် သောယှဉ်ပြိုင်မှုကို အားပေးသည့် ဝန်းကျင်ဖြစ်၍ ကိုယ့်အရည်အသွေးစံချိန်မမီလျှင် ရှေ့ဆက်၍ရမည်မဟုတ်ချေ။ အတိတ်တွင်အမှားဖြစ်ခဲ့လျှင် မထောင်းတာလှသော်လည်း အနာဂတ်တွင်ဝေဖန်မှုများ၊ ကန့်ကွက်မှုများနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ ဤယဉ် ကျေးမှုမှာယခုကပင်အစပျိုးနေပြီဖြစ်၏။


          မည်မျှတီထွင်ဆန်းသစ်နိုင်မည်၊ အနာဂတ်ကို မည်မျှကြိုတင်တွေးဆပုံဖော် နိုင်မည်ဆိုသည်မှာလည်း အမှန်တိုးတက် ကြီးပွားလိုသူတို့အတွက်မေ့ထား၍ရမည့် အရည်အချင်းများမဟုတ်ချေ။ ပြင်ပရင်းနှီးမြှုပ်နှံမှုပြု လာကြမည့်သူတို့၏ အထက်နှင့်အလယ်လွှာမှသူများသည် Conceptual Knowledge နှင့် Perceptual Knowledge တစ်စုံတစ်ရာ အားကောင်း ကြသူများဖြစ်သည်ကိုမျှော်လင့်ထားနိုင် ကြရန်ဖြစ်သည်။ ဤအရည် အချင်းများသည်တစ်ရက်တစ်မနက်ဖြင့် မရနိုင်သည်မှန်သော်လည်း ဦးနှောက်အလုပ်ပေးခြင်း (Brain Storming) ကိုမှန်မှန်လုပ်ပေးသွားပါက ဝန်းကျင်၏ပံ့ပိုးမှု၊ အလုပ်ခွင်၏ ပံ့ပိုးမှုများဖြင့်တဖြည်းဖြည်းရနိုင် သည့်အရည်အချင်းများဖြစ်ပါသည်။ အနာ ဂတ်ဝန်းကျင်သည် “မလုပ်-မရှုပ်-မပြုတ်” အတွက် နေရာ ရှိမည်မဟုတ်ပါချေ။ ဝတ်ကျေတန်းကျေအလုပ်တို့ဖြင့်လည်း ကြီးပွားခွင့်ကိုပေးမည် မဟုတ်ပါချေ။


          တွန်းတွန်းတိုက်တိုက်လုပ်ကိုင်ပြီး ဦးနှောက်ခပ်ပူပူအလုပ်ပေးရမည့်ဝန်းကျင်ကို ရင်ဆိုင်နိုင်ရန် မြန်မာတို့ကောင်းစွာပြင်ဆင် ကြရမည်ဖြစ်ပါသည်။


Read more...

Wednesday, February 15, 2012

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း


ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ ဖေဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့် ” ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘ၀ လုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေအထောက်အထားများကို ကျမ စတင် စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများထံမှ သိရှိရသော အချက်အလက်များ အပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။ သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကိုရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျကျရေးနိုင်မည် မဟုတ်ဟု အစွပ်စွဲ ခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဥာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြုံများ၏ သြဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာ ကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်း ရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်။

 
အောင်ဆန်းကို မြန်မာနိုင်ငံ အညာဒေသရှိ နတ်မောက်မြို့ကလေး၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ဖွားမြင်ပါသည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုန်းစေပြီး မြန်မာတနိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း(၃၀) အကြာတွင် ဖြစ်ပါသည်။

 
နတ်မောက် နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။ အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ်သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက်လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။

 
ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်းဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ “ဗိုလ်လရောင်” ခေါ် “ဦးမင်းရောင်” အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။ “ကုလားတို့ ကျွန်မခံ” ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးကား အောင်ဆန်းမိသားစုနှင့် နယ်သူနယ်သားများ ဂုဏ်ယူစံထား အားကျဖွယ်ရာ ဖြစ်လာပါသည်။

 
ညီအကိုမောင်နှမ (၆) ဦး (ကလေးဘ၀ကပင် ကွယ်လွန်ကြသူများအပါအ၀င်ဆိုလျှင် မွေးချင်း - ၉ ဦး) အနက် အထွေးဆုံးဖြစ်သူ အောင်ဆန်းသည် သူကိုယ်တိုင်ရေးခဲ့သော မှတ်တမ်းအရ ညစ်ပတ်ချူချာ အစားကြူး၍ လုံးဝနှစ်လိုဖွယ်မဟုတ်သော ကလေးတဦးဖြစ်ပါသည်။ စကားပြောလည်း နောက်ကျလှသဖြင့် မိသားစုက ‘ဆွံ့အ’ နေသလားဟူ၍ပင် ပူပင်ခဲ့ရ၏။ သို့သော် အောင်ဆန်းကလေးသည် ပရိယာယ်မရှိခြင်း၊ အလွန်ရိုးသား ဖြောင့်မတ်ခြင်း၊ ဆင်းရဲသူများအား သနားကြင်နာတတ်ခြင်း စသော ချစ်စဖွယ် စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု သူ့ အား ငယ်စဉ်က ကောင်းစွာသိခဲ့သူများနှင့် သူ့မိသားစုဝင်များက ကောက်ချက်ချကြပါသည်။

 
အောင်ဆန်းမိသားစုမှာ ဥာဏ်ရည်ကောင်းပြီး ပညာဖက်တွင် ထွန်းပေါက်သူများအဖြစ် နာမည်ကောင်းရထား ပါသည်။ အောင်ဆန်း၏ အကို (၃) ဦးမှာ အသက်ငယ်ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင်ဆန်းမှာမူ အမေပါတက်မှ ကျောင်းတက်မည်ဆိုကာ ကတ်ဖဲ့နေ၏။ စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဟု ဆိုရမည် ဖြစ်သော ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ဟု အလိုလိုက်ထားခဲ့၏။

 
သို့ဖြင့် (၈) နှစ်သား အရွယ်ရောက်သောအခါမှ အောင်ဆန်း ကျောင်းတက်ရန် ဆုံးဖြတ်ပါတော့သည်။ အကိုဖြစ်သူ အောင်သန်း ရှင်သာမဏေဘောင်သို့ ၀င်သောအခါ၌ ဘုန်းကြီးကျောင်းနေ သံဃာတို့ဘ၀ကို သဘောကျ၍ပေလား၊ ရှင်လောင်းများစီးသည့် ကကြိုးတန်ဆာ ဆင်ရင်ထားသော မြင်းဖြူလေးကို သဘောကျ၍လားမသိ၊ အောင်ဆန်းက သူလည်း ရှင်ပြုချင်ပါသည်ဟု ဆိုလာပါတော့သည်။ လိမ္မာပါးနပ်သော အမေက အခွင့်ကောင်းကို ချက်ချင်းယူ၍ ရှင်မပြုမီ စာရေးစာဖတ်တတ်ရန် လိုမည်ဟု ထောက်ပြလိုက်ပါသည်။

 
ကျောင်းစတက်သည်ဆိုသည်နှင့် အောင်ဆန်းသည် ထူးချွန်သော ကျောင်းသားတဦးဖြစ်ကြောင်း ပေါ်လွင်လာပါသည်။ စာကြိုးစား၍ စည်းကမ်းရိုသေပြီး အတန်းထဲတွင် အစဉ် ထိပ်တန်းက ရှိနေခဲ့ပါသည်။ အောင်ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါသည်။ လောကုတ္တရာပညာသာမက ခေတ်သစ်ပညာရပ်အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုးဖြစ်ပါသည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်းမရှိပေ။

 
ထိုအချိန်က အထက်တန်းပညာသင်ကြားရာ၌ လိုအပ်ချက်တခုဖြစ်သော အင်္ဂလိပ်စာကို အကိုကြီးများက သင်ထားပြီးဖြစ်သည့်အတိုင်း အောင်ဆန်းကလည်း တတ်အောင်သင်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။ သို့ဖြင့် အောင်ဆန်းလည်း ရေနံချောင်း အမျိုးသားကျောင်းသို့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းသွားပါသည်။ သားထွေးလေးကို အိမ်မှ ခွဲခွာမသွားစေလိုသော ဒေါ်စုထံမှ ရေနံချောင်းကျောင်းတက်ခွင့်ရရန် အောင်ဆန်း အစာငတ်ခံဆန္ဒပြပွဲလေးတခုကို ဆင်နွှဲခဲ့ရပါသေးသည်။

 
ရေနံချောင်းရောက်သောအခါ ကျောင်းတွင် ဆရာတဦးအဖြစ် အလုပ်လုပ်နေသော အကိုကြီး ဦးဘ၀င်း၏ ထိန်းကျောင်း စောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်မှာ အောင်ဆန်းအတွက် လွန်စွာမှ ကံကောင်းပါသည်။ ဦးဘ၀င်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်း ကမ်းရှိရှိ၊ ဆင်ဆင်ခြင်ခြင် အထူးဂရုစိုက်ခဲ့၏။ ညီဖြစ်သူကလည်း ပညာရေးဖက်တွင် အားကောင်းကြောင်း ဆက်လက်ပြသကာ အသက် (၁၅) နှစ်အရွယ်၌ သတ္တမတန်း စာမေးပွဲတွင် ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမစွဲသူများအား ချီးမြှင့်သော ဦးရွှေဘို ရွှေတံဆိပ်နှင့် ပညာသင်ထောက်ပံ့ကြေးဆုကို ရရှိခဲ့၏။

 
အမျိုးသားကျောင်းများမှာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက်တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင် သူများကယူဆခဲ့ပါသည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်တို့အား သူတို့၏ ကိုလိုနီလက်အောက်ခံ ဘ၀အခြေအနေကို နိုင်ငံရေးအသိတရားအရ ခံစားနားလည်စေပြီး၊ ထိုဘ၀မှ လွတ်မြောက်လိုစိတ်များ အသည်းနှလုံးအတွင်းမှ ဖြစ်ပေါ်လာရန် ကျိုချက်ပေးလိုက်သော နေရာများသဖွယ် ဖြစ်ပါသည်။

 
မိမိ၏ နိုင်ငံကို လူမျိုးခြားတို့အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသောဆန္ဒသည် ရေနံချောင်း အမျိုးသားကျောင်း မတက်မီကာလကပင် အောင်ဆန်း၏စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရပါသည်။ ကလေးဘ၀က ဗြိတိသျှတို့အား ပုန်ကန်မောင်းထုတ်ရန် နည်းအမျိုးမျိုးကို ကြံစည်စဉ်းစားခဲ့ပုံ၊ တခါတရံ ပြဒါးရှင်လုံးကဲ့သို့သော တန်ခိုးသိဒ္ဓိရှင်ပစ္စည်းများ အကူအညီဖြင့် မြန်မာပြည်လွတ်မြောက်ရေးကိုရယူရန် စိတ်ကူးယဉ်ခဲ့ပုံအကြောင်းကို သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးတွင် ရေးသားထားပါသည်။

 
အမျိုးသားကျောင်း၌ နေစဉ်အတွင်း နိုင်ငံရေးလောက၌ နာမည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စိတ်ဝင်စားလာပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။ သူ၏ ဟောပုံပြောပုံမှာ အားတက်စရာ မဟုတ်သော်လည်း ကိုင်တွယ်ရမည့် အကြောင်းအရာနှင့်ပတ်သက်၍ သေချာစေ့စပ်စွာ ပြင်ဆင်ထားခြင်း၊ ယုံကြည်ချက် အပြည့်အ၀ရှိခြင်းတို့ကြောင့် အဟောကောင်း၊ အပြောကောင်းဟူ၍ နာမည်ရခဲ့၏။

 
ကျောင်းဂျာနယ် စာတည်းအဖြစ်လည်း ဆောင်ရွက်ခဲ့၏။ ထိုကဲ့သို့ စာသင်ခန်းပြင်ပလုပ်ငန်းများတွင် ပါဝင်သော်လည်း တယောက်တည်း အတွေးနယ်ထဲ နစ်မြုပ်နေတတ်ခြင်း၊ နေပုံထိုင်ပုံ ထောင့်မကျိုးခြင်းတို့ကြောင့် အောင်ဆန်းကို လူ့ဂွစာ လူထူးလူဆန်းအဖြစ် ကျောင်းနေဖက်များက မြင်ကြပါသည်။ ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ် ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပညာဆက်သင်ရန် ရောက်သွားပါသည်။

 
အောင်ဆန်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည့်နှစ်သည်ကား ဆရာစံသူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်းကာ ခေါင်းဆောင်များကို သေဒဏ်ပေးခဲ့ပြီး တနှစ်ကြာကာလကပင် ဖြစ်ပါသည်။ တောင်သူလယ်သမားများ ခံစားနေရသော အတိဒုက္ခများမှ ပေါ်ပေါက်လာရသော ပုန်ကန်မှုကို ဗြိတိသျအစိုးရက ရှင်ဘုရင်ဖြစ်လိုသော အယူသည်းသူတယောက် ဦးဆောင်သည့် တောသူတောင်သား ပုန်ကန်မှုမျှသာဖြစ်သည်ဟု သေးသိမ်စေရန် နှိမ်၍ဖော်ပြခဲ့ပါသည်။ သို့သော်လည်း မြန်မာများအနေဖြင့် ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲခဲ့သူ မများပြားသော်လည်း ထိုပုန်ကန်မှုအပေါ် အတော်ပင် ဂရုဏာထားကြပါသည်။ ဆရာစံကို စွဲဆောင်နိုင်စွမ်းရှိသူတဦးအဖြစ် မမြင်သူများကပင် သူပုန်တို့၏ မျိုးချစ်စိတ်နှင့် သတ္တိပြောင်မြောက်မှုကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့ရပြီး အစိုးရ၏ ရက်စက်ကြမ်းတမ်း တုံ့ပြန်မှုများကြောင့် အရေးနိမ့်သွားရသော သူပုန်တို့ကို များစွာသနား ကြင်နာခဲ့ ကြ၏။

 
ဗြိတိသျှအုပ်ချုပ်မှု အစောပိုင်းကာလတွင် ကျင့်သုံးသော ငြိမ်ဝပ်အေးချမ်းရေးလမ်းစဉ်မှာ အတော်အတန် အောင်မြင်မှုရှိခဲ့ သော်လည်း လူမျိုးခြားကြီးစိုးမှုကို မြန်မာများက ကျေနပ်စွာ လက်ခံခြင်းမရှိပါ။ ကိုလိုနီအစိုးရ ပိုမိုခိုင်မြဲလာသည်နှင့် အုပ်ချုပ်သူလူမျိုးခြားတို့၏ ပလွှားမောက်မာသော အမူအကျင့်များနှင့် တိုင်းပြည်အတွက် စစ်မှန်သော ကောင်းကျိုးကိစ္စရပ်တို့ကို လျစ်လျူရှုမှုများသည် တိုင်းသူပြည်သားတို့၏ မနှစ်သက် မကျေနပ်စိတ် များကို ဆွပေးသကဲ့သို့ ဖြစ်လာပါသည်။

 
ပထမဦးစွာပေါ်ထွန်းခဲ့သော အမျိုးသားရေးရာ အဖွဲ့အစည်းများသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု တည်တံ့ခိုင်မြဲရန် နှင့် သန့်ရှင်းစင်ကြယ်ရန်ကိုသာ ဆောင်ရွက်ကြသည်။ သို့သော် ခေတ်ပညာတတ် မြန်မာလူငယ် အရေအတွက် များပြားလာသည်နှင့်အမျှ နိုင်ငံရေးရည်မှန်းချက်များပါ ပေါ်ပေါက်လာပါသည်။ ၁၉၀၆ ခုနှစ်တွင် တည်ထောင်သော ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(၀ိုင်အမ်ဘီအေ)သည် နိုင်ငံရေးရာများကို စတင် ကိုင်တွယ်သော အဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်သပိတ်ကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။

 
အမျိုးသားလှုပ်ရှားမှု အရှိန်အဟုန်ရလာသောအခါ ‘၀ိုင်အမ်ဘီအေ’ သည် ၁၉၂၀ ခုနှစ်၌ ‘ဂျီစီဘီအေ’ အသွင် သို့ ကူးပြောင်းသွားပါသည်။ ပထမဦးဆုံး ပေါ်ပေါက်လာသော အမျိုးသားမဟာမိတ်အဖွဲ့ဟု ခေါ်နိုင်ပါသည်။ မြန်မာ့အမျိုးသားရေးရာလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည်သွင်းပေးလိုက်သော ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမ ဖြစ်သည်။ ဆရာတော်၏ စိတ်အားထက်သန်သော လွတ်လပ်ရေးတောင်းဆိုမှုတို့ကြောင့် နိုင်ငံတ၀ှမ်းတွင် မျိုးချစ်စိတ်ဓာတ်ပြင်းပြစွာ တက်ကြွလာပါသည်။သို့သော်လည်း စုပေါင်းညီညာသော လွတ်လပ်ရေးလှုပ်ရှားမှု ပေါ်ပေါက်စေမည့် အင်အားများမှာ နိုင်ငံရေး အကွဲအပြားများကြောင့် လွင့်စင်သွားရ၏။

 
၁၉၂၂ ခုနှစ်တွင် (၂၁) ဦးပါတီသည် ဂျီစီဘီအေမှ ခွဲထွက်သွားပြီးနောက်တွင် ထပ်မံကွဲကြပြန်သဖြင့် ၁၉၂၀ ခု နှစ်များ ကုန်ဆုံးခါနီးတွင် အဖွဲ့အစည်း (၃) ဖွဲ့ ဖြစ်သွားပါတော့သည်။ ၁၉၃၀ ခုနှစ်များ၏ အစပိုင်းကာလတွင်မူ ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲထားသင့်၊ မထားသင့် ဟူသော “ခွဲရေး-တွဲရေး” ကိစ္စအပေါ် မြန်မာနိုင်ငံရေးသမားများ စိတ်ဝင်စားစွာ အငြင်းပွားကြသည်ကို တွေ့ရပါသည်။

 
ထိုနိုင်ငံရေးသမားများအနက် အချို့မှာ ဆရာစံသူပုန်တို့အား ဗြိတိသျှအစိုးရက ခုံရုံးတင်စစ်ဆေးရာ၌ သူပုန်များဘက်မှ ခုခံကာကွယ်ပေးခဲ့သဖြင့် ထင်ပေါ်ကျော်ကြားလာသူများဖြစ်ပါသည်။ တချိန်တည်းမှာပင် ငြိမ်၍ ခေါင်းငုံ့ခံသည့်ကာလမှာလည်း ဆုံးခန်းသို့ ဦးတည်လာကာ ထိုးနှက်တိုက်ခိုက်ခြင်း သဘောဆောင်သော နည်းဗျူဟာများသုံးစွဲရန် တွန့်ဆုတ်လိမ့်မည် မဟုတ်သော အမျိုးသားရေး စိတ်ဓာတ်ရှိသည့် မျိုးဆက်သစ်များလည်း နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရောက်ရှိလာပါသည်။

 
အသက် (၁၈) နှစ်အရွယ် အောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားကလေးပင်ဖြစ်ပါသည်။ မိမိတို့ကိုယ်မိမိတို့ လူ့မလိုင်ဟု အထင်ရောက်နေကြပြီး ကြော့ရှင်းဝံ့ကြွားစွာ ၀တ်ဆင်နေထိုင်ကြသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ အသိုင်းအ၀ိုင်းတွင် မျက်နှာထားရှုသိုးသိုးနှင့် အ၀တ်အစား ပိုသီပတ်သီဝတ်ဆင်သော အောင်ဆန်းသည် အံမ၀င်ဂွင်မကျ ဖြစ်နေ၏။ ထို့အပြင် သူ့ထက်သိမ်မွေ့ပါးနပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက်ပြောင်မှုကိုလည်း ဂရုမစိုက်ကြောင်း စောစီးစွာပေါ်လွင်စေခဲ့၏။

 
အောင်ဆန်း တက္ကသိုလ်ရောက်စ ပထမနှစ်ပတ်တွင် ကျောင်းသားသမဂ္ဂမှ စကားရည်လုပွဲတရပ် ကျင်းပပါ သည်။ ထိုစကားရည်လုပွဲအပြီး၌ အောင်ဆန်းသည် ပရိသတ်အကြားမှထကာ သူ့အကို အောင်သန်း တင်သွင်းသော “ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်” ဟူသည့် အဆိုကို ထောက်ခံလိုက်ပါသည်။ ဤသည်မှာ မိသားစုသွေးစည်းရေး သဘောဆောင်သည့် အပြုအမူမဟုတ်ပါ။ ယုံကြည်ချက်အရ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါသည်။

 
အောင်ဆန်း အင်္ဂလိပ်စကားပြောရာတွင် အသံထွက် အမှားမှားအယွင်းယွင်း ကို့ယို့ကားရား ချောမွေ့ပြေပြစ် ခြင်း မရှိသောကြောင့် သူ့စကားများမှာ နားမလည်နိုင်သလောက်ပင်ဖြစ်၏။ ပရိသတ်က ပြောင်လှောင်သရော် အော်ဟစ်ကြသဖြင့် အကိုဖြစ်သူ အတော်ပင် အနေရခက်သွား၏။ အောင်ဆန်းကမူ ကြောက်ရွံ့၍ အသံပျောက် သွားခြင်းမရှိ။ ကဲ့ရဲ့သံများ၊ မြန်မာစကားနှင့်သာပြောရန် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်သံများကို လျစ်လျူရှုကာ အဆင့်အတန်းမမီသော သူ့အင်္ဂလိပ်စကားကို ပါဠိအသုံး အနှုန်းများဖြင့် ဖြည့်စွက်၍ သူပြောလိုရာအားလုံးကို ပြီးဆုံးအောင် ဆက်လက်ပြောဆိုသွားပါသည်။

 
ထိုပထမစကားရည်လုပွဲ အဖြစ်အပျက်သည် နောင်အတွက် အစဉ်အလာတရပ် ချမှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပါသည်။ ပရိသတ်က ကဲ့ရဲ့ရှုတ်ချနေသည့်ကြားကပင် သူပြောလိုရာကို အင်္ဂလိပ်စကားနှင့်ပြောခြင်း၊ သုန်သုန်မှုန်မှုန် နေတတ်ခြင်းတို့ကြောင့် သူသည် အူကြောင်ကြောင်နိုင်သော အရူးတယောက်ဟူ၍ပင် နာမည်ရခဲ့၏။

 
သို့သော် အောင်ဆန်းသည် အဝေဖန်ခံရမည်ကို ကြောက်ရွံ့ပြီး သူလုပ်ကိုင်ရန် ဆုံးဖြတ်ထားသောကိစ္စများကို မလုပ်ဘဲနေမည့် လူမျိုးမဟုတ်ပါ။ ခေတ်ပြိုင်ကမ္ဘာတွင် အင်္ဂလိပ်စကား အရေးပါပုံကို သိရှိနားလည်သဖြင့် အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင် သုံးစွဲနိုင်ရန် သူ ကြိုးစား၏။ အင်္ဂလိပ်စာအုပ်များကို သဲကြီးမဲကြီးဖတ်ခြင်း၊ အခြားသူများ ပြောပုံဆိုပုံကို နားထောင်လေ့လာခြင်း၊ အင်္ဂလိပ်စာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့သူ မိတ်ဆွေရင်းတဦးထံမှ အကူအညီယူခြင်း စသည်တို့ဖြင့် ဘုန်းကြီးကျောင်းထွက် အညာသားတဦးအတွက် ထူးခြားလောက်သော အင်္ဂလိပ်စကားကျင်လည်မှုကို သူရရှိလာ၏။

 
ထိုပထမစကားရည်လုပွဲတွင် အောင်ဆန်း ထောက်ခံခဲ့သောအဆိုမှာ သူ၏ ရေရှည်ယုံကြည်ချက် တရပ်အား ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ကို သတိမူသင့်ပါသည်။ ထိုယုံကြည်ချက်မှာ သံဃာတော်များ နိုင်ငံရေးတွင် ၀င်ရောက်လုပ်ကိုင်ခြင်း မပြုသင့်ကြောင်းပင် ဖြစ်ပါသည်။ မကွယ်လွန်မီ တနှစ်ကျော်ခန့်က ပြောကြား ခဲ့သော ရွှေတိဂုံစေတီတော် အလယ်ပစ္စယံညီလာခံမိန့်ခွန်း၌ “ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏”ဟု ပြောခဲ့၏။ ရဟန်သံဃာများအား “အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ – ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည် -- ဤကဲ့သို့ဆောင်ရွက်မှုသည် သာသနာ ဖက်ကသာကြည့်၍ မြင့်မြတ်သည်မဟုတ်ပါ၊ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေး ကို ဆောင်ရွက်ရာ ရောက်ပါသည်ဘုရား” စသဖြင့် လျှောက်ထားခဲ့ပါသည်။

 
အများက နိုင်ငံရေးသတ္တ၀ါ ပကတိအဖြစ်ဖြင့်မြင်ကြသော အောင်ဆန်းမှာ စင်စစ်တွင် ဘာသာရေး၌ လေးနက်စွာ တသက်လုံး စိတ်ဝင်စားသူပင် ဖြစ်ပါသည်။ ရေနံချောင်း၌ ကျောင်းတက်နေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ၀မ်းနည်းကြေကွဲကာ ရဟန်းဘောင် ၀င်ရန်ပင် စိတ်ကူးခဲ့ပါသည်။ တက္ကသိုလ်ရောက်စအချိန်ကလည်း အီတလီလူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးလောကနန္ဒကို ကြည်ညိုလေးစားလှသဖြင့် ဆရာတော်နှင့် အတူလိုက်ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မိခင်ထံ အခွင့်တောင်းဖူး၏။ အခွင့်ကား မရခဲ့ပေ။ သို့သော် လောကုတ္တရာကိစ္စများကို အောင်ဆန်း ဆက်လက်၍ ဂရုတစိုက် အလေးထားပါသည်။

 
နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ပြီးနောက်ပိုင်း၌ပင် သူနှင့် အရင်းနှီးဆုံး မိတ်ဆွေတဦးအား သူ၏ “သစ္စာတရားနှင့် လုံးဝ အပြစ်ကင်းစင်မှု ရှာပုံတော်ဘ၀ခရီး” အကြောင်းနှင့် ကာယကံ၊ ၀စီကံ၊ မနောကံအရ ရိုးဖြောင့်နိုင်ရန် သတိပြုကြိုးပမ်းနေကြောင်းတို့ကို စာရေး၍ ရှင်းပြဖူးပါသည်။ ခေတ်လူငယ်များ စိတ်ပိုင်းဆိုင်ရာ အသိတရား ခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ လောကဒဏ်လှိုင်းများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်တွန်းလှန်နိုင်စွမ်းမရှိပါက ထိုအသိတရားများ လုံးဝကွယ်ပျောက်ပြီး စိတ်ဓာတ် ဗလ မွဲပြာကျသောအဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန်မိကြောင်း စသဖြင့်လည်း ရေးသားထားပါသည်။

 
အောင်ဆန်းစုကြည်

Source : 88 New Generation Blog

Read more...

Saturday, February 4, 2012

ထင်ရာမြင်ရာ ပြောပါရစေ

လူတွေက ဟန်ဆောင်ပန်ဆောင်နဲ့သာ အမှန်တရားကို မြတ်နိုးသလေး ပွင့်လင်းရိုးသားမှုကို တန်ဖိုးထားသလေးနဲ့ ကြားကောင်းအောင်သာ ဟစ်နေကြတာ တကယ်ပြောပြီဟေ့ဆိုရင် ဘယ်သူမှ သူတို့ဝေါမှာ စတေးတပ်မှာ ပေ့ခ်ျမှာ ဂရုမှာ အတင်မခံချင်ကြပါဘူး။ နည်းနည်းလေး ပြောမိရင်ပဲ ကျွန်တော့်ခမျာမှာ ဂရုထဲက ထုတ်ပစ်ခံရတာနဲ့ အန်ဖရန့်လုပ်ခံရ ဘလော့ခံရနဲ့ အရေကို တော်တော်ထူနေပြီ။ ကိုယ်ကသာ ပြောချင်တာ သူများပြောတာ လက်မခံချင်ဘူးဆိုတဲ့အထဲမှာ ကိုယ်ကိုယ်တိုင်လဲပါတော့ ကိုယ့်နုတ်နဲ့ ကိုယ်ရေးတာ အရှင်းဆုံးပဲထင်မိပါရဲ့။ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ။ ဖေ့ဘွတ်ဟာ ဘလောက်မဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် လူတွေရုံးစုရုံးစုရှိတဲ့နေရာမှာ ဆပ်ပြာသေတ္တာပေါ်တက်ပြီး လက်သီးလက်မောင်းတန်းအော်ရတာက လူမသိ သူမသိ တစ်ယောက်တည်း ပြောချင်ရာပြောနေရတာထက် ပိုအရသာရှိတာတော့ အမှန်ပါပဲ။ ဒီလိုဆိုရင် ဖေ့ဘွတ်ထဲက လူတွေကကော လူတန်းစားပေါင်းစုံကို ကိုယ်စားပြုပါ့မလား။ ဘယ်ပြုနိုင်ပါ့မလဲ။ အင်တာနတ်သုံးပြီး ဖေ့ဘွတ်အကောင့်တစ်ခုဖွင့်နိုင်တဲ့ လူတန်းစားပဲပေါ့။


ကိုယ်ပဲ လူပေါင်းသူပေါင်း မဆန့်လို့လားမသိ။့ လွှတ်တော်ထဲက အမတ်တွေ ဖေ့ဘွတ်ထဲမှာ သိပ်မတွေ့ရသလိုပါပဲ။ ဖေ့ဘွတ်ထဲရောက်နေတဲ့ နိုင်ငံရေးသမားတွေကလဲ တစ်ယောက်မှ လွှတ်တော်ထဲမရောက်ကြသေးဆိုတော့ ဟုတ်ဟုတ်သေးတော့တယ်။ တွေးမိတာက လွှတ်တော်ရောက်နေတဲ့အမတ်တွေက ဖေ့ဘွတ်မသုံးဘူး။ လူကြားထဲလဲ ဆင်းတယ်မထင်မိဘူး။ ကျွန်တော့်မြို့နယ်မှာ ဘယ်သူကိုယ်စားပြုပြီး ခေါင်းပေါင်းစထောင်နေသလဲတောင် ကျွန်တော်ကိုယ်တိုင်မသိပါဘူး။ ဘယ်သိပါ့မလဲ မဲ မှသွားမထည့်တာကိုး။ ဘာလို့ကောထည့်ရမှာလဲ။ ကိုယ်ကပဲ လေ့လာအားနည်းလို့လားမသိ ၀င်ပြိုင်တဲ့ကိုယ်စားလှယ်လောင်းတွေကကော ဘယ်သူတွေမှန်းမသိတာကိုး။ ဒီလိုပဲ လုံးချာလည်ရိုက်နေတော့မှာပဲ။


အမှန်က ရွေးကောက်ပွဲကို မဲထည့်ဖို့နေနေသာသာ အခြေခံဥပဒေကို ၂၀၀၈ကတည်း ကျွန်တော် ကန့်ကွက်မဲ နှစ်ခါပြန်ထည့်ခဲ့ပြီးသား။ တစ်ခုက ကိုယ်တိုင်၊ တစ်ခုက အဖေ့ကိုယ်စားပါ။ ညှစ်ပြီးသားနှပ်ချေးတော့ နှာခေါင်းထဲပြန်မထည်ချင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလဲ လွှတ်တော်ထဲ ပြန်ဝင်ပြီး အခြေခံဥပဒေကို ပြင်မယ်ပြုမယ် ပြောတာပါပဲ။ ရှင်းရှင်းပြောရရင်  တပ်က ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း လွှတ်တော်ထဲက ထွက်မသွားမချင်း ပြင်လို့ရမယ်မထင်ပါ။ ၁၀၉(ခ) ရှု။ ၁၄၁(ခ) ရှု။ ၄၃၆(ခ)ရှု။ ဒီချုပ်ကအမတ်တွေ လွှတ်တော်ထဲရောက်ပြီး ကြံ့ခိုင်ရေး အမတ်တွေအားလုံးကို စည်းရုံးနိုင်ရင်တောင်(အောင်မလေး ကြားသားမိုးကြိုး) ဟိုဘောင်းဘီဝတ်အမတ်တွေဘက်က မထောက်ခံသမျှ ၇၅ရာခိုင်နှုန်းကျော်မှာလဲမဟုတ်ဘူး။ အဲဒီ ဘောင်းဘီဝတ်အမတ်တွေကလဲ ကာချုပ်သဘောမတူပဲ ကိုယ့်သဘောနဲ့ကိုယ် တောင်ရှည်ဝတ်အမတ်တွေဘက် လိုက်မှာမဟုတ်ပါဘူး။ ခုတောင် ကာချုပ်ကနည်းနည်း သဘောမတွေ့ရင် တမတ်သားအုပ်စုကို လူလဲနေလိုက်တာ ဘော်လုံးပွဲ လူလဲနေသလိုပါပဲ။ ပြောချင်တာ အခြေခံဥပဒေက လွယ်လွယ်ကူကူ(လုံးဝမဖြစ်နိုင်ဟု မပြော)ပြင်ဖို့ကို မဖြစ်နိုင်အောင် ခင်းကျင်းထားပြီးသား။ အဲ.. အနောက်ကနေထွက်သလို ဘောင်းဘီဝတ်အမတ် ဗိုလ်တစ်ယောက်ယောက်များ စိတ်ပြောင်းသွားပြီး တောင်ရှည်ဝတ်အားလုံးရဲ့ ဆန္ဒဘက်လိုက်သွားလို့ ၇၆ရာခိုင်နှုန်းဖြစ်သွားလို့များ ပြင်ခွင့်ရပြီ မထင်ပါနဲ့ဦး။ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရပါဦးမတဲ့။ ၄၃၆(က)ရှု။ မိအေးလဲ ခဏခဏနာရင် အလကားရတဲ့ဖာဖြစ်ကရောဆိုသလိုပါပဲ။


ဒါဆို သမ္မတကြီးကကော ဆောင်ရွက်နိုင်မလားမေးရင် သမ္မတက ကာချုပ်ကို ကျော်ပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။  ဟိုတစ်လောက အမေရိကန်သတင်းစာသမားမေးတော့ သူကပဲ ကာချုပ်ကို ခန့်ရသလိုလိုဘာလိုလိုနဲ့ ဝေေ၀၀ါးဝါးဖြေသွားတာဖတ်လိုက်ရပါတယ်။ အမှန်က ကာချုပ်ကို လုံခြုံရေးကောင်စီက ခန့်တာပါ။ လုံခြုံရေးကောင်စီမှာ သမ္မတပါတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ကာချုပ်၊ ဒုကာချူပ်၊ ကာကွယ်ရေးဝန်၊ ပြည်ထဲရေးဝန်၊ နယ်စပ်ဝန် စတာတွေအားလုံးက ကာချုပ်ကိုယ်တိုင်ခန့်ထားတဲ့ ဘောင်းဘီဝတ်တွေချည်းပဲ။ ၂၀၁ ရှု။ သမ္မတကြီးက လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုလက်မှတ်ထိုးပေးရုံသက်သက်ပဲ အခွင့်ရှိတာပါ။ ၃၄၂ ရှု။ အဲဒီတော့ အရင်ကာချုပ်ကပဲ နောက်ကာချုပ်ကို ခန့်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောပါပဲ။ ပြီးတော့ ကာချုပ်က လုံခြုံရေးကောင်စီကိုတောင် ခေါ်စရာမလိုပဲ တိုင်းပြည်ကို လိုအပ်သလို အာဏာသိမ်းခွင့်ရှိတယ်ဆိုတာ အထင်းသားကြီး ရေးထားပြီးသားပါ။ ၄၀(ဂ) ရှု။ ဒီချုပ်အနေနဲ့ အခြေခံမူခြောက်ချက်ထဲက အောက်ဆုံးက တစ်ချက်လေးကိုပဲ ပြင်နိုင်တယ်ဆိုရင် အတော်ချီးကျုးရမှာပါပဲ။ ၆(စ) ရှု။ ဒါပေမယ့် သိပ်တော့မထင်လှပါဘူး။ အခြေခံဥပဒေပြင်ဖို့ဆိုတာ ကာချုပ်ကိုယ်တိုင် လိုလိုလားလားရှိမှ ပြင်လို့ဆင်လို့ရမှာပါ။ ကာချုပ်ကပြည်သူတွေရဲ့သဘောထားနဲ့အသံကို နားထောင်ရင်တစ်မျိုးပေါ့။ ၂၀၀၈တုန်းက ပြည်သူတွေလက်ခံလို့ ဒီအတိုင်းပဲထားပါဆိုရင်တော့ မတတ်နိုင်ဘူးပေါ့။ ကာချုပ်က လွှတ်တော်နိုင်ငံရေးနဲ့ လုံးဝမပါတ်သက်ပဲ သီးသန့်နေနေတာလဲ သတိထားစရာပါ။ တပ်မတော်ကျောင်းဆင်းပွဲတစ်ချို့မှာ လက်ရှိကာချုပ်က ကျောင်းဆင်းတွေကိုပြောသွားတဲ့ မိန့်ခွန်းတချို့ကလဲ အာဏာပြန်ယူမလားလို့ ထင်နေသူတွေအတွက် စိုးရိမ်စရာပါပဲ။


တချို့ကလဲ နိုင်ငံတော်သမ္မတကို လူစွမ်းကောင်းကြီးအသွင်နဲ့ “ ပြည်သူ့သမ္မတကြီး ငါတို့သမ္မတကြီး” ဆိုပြီး ချီးကျုးဘုံမြှောက်လုပ် နေလိုက်ကြတာ မြင်ရရင် ဆရာအော်ပီကျယ်ရဲ့ ကာတွန်းတကွက်ကို သွားသွားသတိရမိပါတယ်။ တညည်းညည်း တညူညူနဲ့ သေတ္တာအလေးကြီးထမ်းလာတဲ့လူကို သူ့ဆရာက သေတ္တာအပေါ်မှာ ကျောက်တုံးကြီး ထပ်တင်ပေးတယ်။ ဟိုလူက ပိုပြီး လျှာထွက်တော့တာကိုး။ အဲသည်အခါကျမှ ဘောစိက သေတ္တာပေါ်က ကျောက်တုံးကြီးကို ဖယ်ချပေးလိုက်တော့ သေတ္တာထမ်းတဲ့လူခမျာ သူ့ဆရာကို ကျေးဇူးတွေတင်မဆုံး ချီးကျုးမဆုံး ဖြစ်လေတော့သတည်းပေါ့။ တချို့ကလဲ နိုင်ငံတော်သမ္မတကို ကိုယ့်အဖေများ အောက်မေ့နေတယ်ထင်ပါရဲ့။ “သမ္မတကြီးခင်ဗျား” တို့  “သမ္မတသို့ အိပ်ဖွင့်ပေးစာ” စသည်တို့ကို မုန့်ဖိုးတကျီကျီတောင်းသလို ဖေ့ဘွတ်ကနေ ဘောင်းလန်အောင် တောင်းဆိုနေလိုက်ကြတာတွေ့ရပါတယ်။ သမ္မတကြီးကများ အရေးတယူများ ဖတ်နေမယ်ထင်နေသလားမသိပါ။ တချို့ကလဲ အဖားလွန်လိုက်ပြီး “ ပြောင့်ကိုချစ်တယ်။ ပြောင့်ကိုမြတ်နိုးတယ်” “ဒါမှ ဒို့ပြောင်ပြောင်” နောက်သလိုလို ခြောက်သလိုလို လေသံနဲ့ ထောက်ခံတော်မူနေတဲ့သူတွေကလဲ ဒုနဲ့ဒေးပါပဲ။ ပြောင်နဲ့နဖူးတိုက် ဒူးတိုက်တွေ့ရင် ပြောင့်ဖင်လျက်ဖို့ပဲ ကျန်တော့မလားတွေးမိပါတယ်။ သူတို့ပြောပြောနေတဲ့ ပြောင်ကတော့ သူ့ကို ဒီလူတွေဒီလောက်ချစ်မယ်ဆိုတာ ဖေ့ဘွတ်မသုံးတော့ မသိရရှာပါ။ သိများသိရင် သတင်းဓာတ်ပုံတွေထဲကလို မချိပြုံးကြီးများ ပြုံးနေဦးမလားပဲ ထင်မိပါတယ်။ အမေရိကန်သမ္မတ၊ အီရန်သမ္မတ ဆိုသူများပင် ဖေ့ဘွတ်သုံးသည်ဆိုတော့ မြန်မာနိုင်ငံ သမ္မတကြီးလဲ ဖေ့ဘွတ်သုံးရင် ဘယ်လိုရလာဒ်တွေထွက်လာမလဲ အလွန် စိတ်ဝင်စားမိပါတယ်။ ၂၄နာရီ အွန်ဂျူတီ မော်ဒရေတာထားချင်လဲ ထားနေရမယ်လဲ တွေးမိပါတယ်။


အထက်ကရေးခဲ့သလိုပဲ လွှတ်တော်ထဲမှာ ဖေ့ဘွတ်သုံးတဲ့ လွှတ်တော်အမတ်တွေ မပါသလို နိုင်ငံတော်သမ္မတလဲ မပါသလို တွိတာသုံးမယ် နောက်တော့ ဖေ့ဘွတ်သုံးမယ်လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ဖေ့ဘွတ်သုံးတာ ယခုထိမတွေ့ရသေးပါ။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည် ဖေ့ဘွတ်သုံးရင်လဲ အခု ကိုဇာဂနာလို ဖေ့ဘွတ်မှာ လုပ်သမျှ ရေးသမျှ တင်သမျှ စောင့်ကြည့်ခံရပြီး အကြောင်းမသင့်ရင် အဆဲခံနေရသလို ဒေါ်အောင်ဆန်းစုကြည်ကို ဆဲမယ့်အုပ်စုကလဲ စနစ်တကျ သင်တန်းပေးပြီးသား အဆင်သင့်ရှိမယ်ထင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကပဲ ဒလန်ချထားသလို ဖေ့ဘွတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကောင်းကြောင်း ဒီချုပ်ကောင်းကြောင်း ရေးနေတဲ့သူများလဲရှိနေတာတွေ့ရတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကီးဘုတ်နဲ့ ၀န်းရံနေကြတယ်လို့ပဲ ယူဆပါတယ်။ သူတို့ခမျာမှာ အဲကွန်းခန်းမှာ အင်တာနတ်မပြတ်သုံးနေရတဲ့ နုနုထွတ်ထွတ် ရေပေါ်ဆီလူတန်းစားမို့ အပြင်မှာ လက်တွေ့တကယ်ဝန်းရံဖို့ အခက်အခဲရှိနေပုံရပါတယ်။့ ဒီလိုဆိုတော့လဲ ဒေါ်အောင်ဆန်းစုကြည်အနားမှာ လက်ချင်းချိတ်ပြီး လုံခြုံရေးပေးနေတဲ့ လူငယ်တွေကမှ ၀န်းရံတယ်ဆိုတဲ့ စကားလုံးနဲ့ ကိုက်ညီနေသလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်လာစကလို ၀န်းရံပြီးဓာတ်ပုံရိုက်တဲ့ အဆင့်ကနေ တကယ်စိတ်ရော ကိုယ်ပါ ကီးဘုတ်မပါ ၀န်းရံတယ်ဆိုရင်တော့ ရွေးကောက်ပွဲ ၀င်ပြိုင်မယ် စိတ်ပြောင်းထားတဲ့ ဒီချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မျက်နှာပန်းလှမှာပါ။ ဒါပေမယ့် အထက်က ပြောခဲ့သလို လွှတ်တော်ထဲရောက်ရင် ပြည်သူ့အတွက် အကျိုးမပြုတဲ့ ဥပဒေတွေပြင်မယ်ဆိုတာကတော့ အခက်အခဲအများကြီး ရှိနိုင်ပါတယ်။ ဒါပေမယ့် သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာ ဘာတွေ သဘောတူညီချက်ယူထားတယ်ဆိုတာ မည်သူမျှ မသိနိုင်တဲ့အတွက် ကျွန်တော်ကိုယ်တိုင် မဖြစ်နိုင်ဘူး အပ်ချမတ်ချမပြောနိုင်ပါ။ ဥပမာ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးသလိုမျိုးပေါ့။ အစပိုင်းမှာ တိုရေရှားရေ လွှတ်လွှတ်ပေးနေတုန်းက ဒေါသဖြစ် ၀မ်းနည်း ပေါက်ကွဲ အော်ဆဲ ကလော်တုတ်ခဲ့ရတဲ့ စိတ်မရှည်နိုင်ကြတဲ့ မြန်မာ ဖေ့ဘွတ်ကာများရဲ့ စိတ်ဓာတ်ကလဲ ကျွန်တော့်ဆီရောက်နေသလိုပါပဲ။ ဒါပေမယ့် အပေါ်ကပြောခဲ့သလို သမ္မတကြီးနဲ့ လူထုခေါင်းဆောင်တင် ပူးပေါင်ရုံနဲ့တင် မကသေးပဲ ကာချုပ်ကိုယ်တိုင် ပြောင်းလဲရန် စိတ်မပါပဲနဲ့တော့ မဖြစ်နိုင်သေးဘူးလို့ ယုံကြည်နေမိပါသေးတယ်။


စိတ်မရှည်တဲ့ မြန်မာဖေ့ဘွတ်ကာများလို့သာ ဆိုရတယ် မြန်မာအများစုရဲ့ စိတ်ဓာတ်က ဒီလိုပါပဲလားလို့ စတီရီယိုတိုက်ပ် သတ်မှတ်ရမလိုပါပဲ။ တစ်ခုခုဆို ကောက်ရိုးမီးလို ၀ုန်းကနဲ ဒိုင်းကနဲ ပေါက်ကွဲကြ၊ မျက်ရည်ဝဲကြ မကျေမချမ်းနိုင်တွေဖြစ်ကြနဲ  ခွင့်လွှတ်ကြေအေးချင်တော့လဲ မြန်လိုက်ကြတာ သူတို့အပြင် မေတ္တာရှင်တွေ မရှိတော့ပါဘူး။ ကျွန်တော် တခါရေးဘူးသလိုပါပဲ။ လူသတ်ထားတဲ့ တရားခံတစ်ယောက်ကို အသတ်ခံရတဲ့လူရဲ့ တရားလိုမိသားစုအနေနဲ့ ကြေအေးချင်ကြေအေးလို့ရပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေအရ လူသတ်မှုဟာ လူသတ်မှု့ပဲ ဖြစ်ပါတယ်။ ကြေအေးလို့မရပါဘူး။ အဲဒါကို ကာယကံရှင်ကိုယ်တိုင်မဟုတ်တဲ့ ဘာမှမဆိုင်တဲ့ ကြားလူတွေက တရားခံကို ခွင့်လွှတ်တယ် ကြေအေးတယ်။ လက်တွဲကြစို့ ပူးပေါင်းကြစို့ ပြောလားပြောရဲ့။ စင်ပေါ်ပြန်တင်ပေးဖို့ ကြိုးစားတဲ့သူတွေကလဲ ကြိုးစားရဲ့။ နာကျည်းနေဆဲသူတွေကိုတောင် ဒီရာဇ၀တ်ကောင်ကို ခွင့်မလွှတ်နိုင်ရကောင်းလားလို့ မာန်မဲတဲ့ ဘာမဆိုင်ညာမဆိုင် သဘောထားကြီးလွန်းသော မေတ္တာရှင်ကြီးများကို ဘယ်လိုသဘောထားရမယ်မှန်း ကျွန်တော် မသိတော့ပါ။ ဒီလို အဖြစ်မျိုးသာ အလေ့အထတစ်ခုအနေနဲ့ ဖြစ်လာရင် သမိုင်းမှာ ဒီလို ရာဇ၀တ်ကောင် တရားခံတွေဟာ အချိန်တန်ရင် ခွင့်လွှတ်ခံရမယ့်အပြင် ငါးထောင်စားမက သူတော်ကောင်းဘွဲ့တောင် ရနိုင်တယ် ဆိုတဲ့ မက်ဆစ်ခ်ျက နောက်လာလတ္တံ့သော ရာဇ၀တ်ကောင်များ စိတ်ထဲ ၀င်သွားနိုင်ပါတယ်။ မင်းကကော ဒီလူကြောင့် ဘာများထိခိုက်ဘူးလို့ ဒီလိုရေးနေရတာလဲ မေးလာခဲ့ရင် ကိုယ်တိုင် ထောင်မကျဘူး အနှိပ်စက်မခံဘူးပေမယ့် သူလုပ်ခဲ့တဲ့ အကျိုးဆက်တွေက ဘ၀မှာ အတိုင်းအတာတစ်ခုအထိ နစ်နာခဲ့ရတာတော့အမှန်ပါ။ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ကျဉ်းဟောင်း၊ ၈၈မျိုးဆက် တွေတောင်မှ နှုတ်ပိတ်နေသေးတာ မင်းက အနေသာကြီးလို့ ထပ်ပြောလာရင်တော့ သူတို့တတွေ နှုတ်ပိတ်နေတာ အားလုံးကောင်းဖို့ ရည်ရွယ်ချက်တစ်ခုကြောင့် အနစ်နာခံတဲ့ နှုတ်ပိတ်နေခြင်းမျိုးလို့ပဲ ယူဆပါတယ်။


ကျွန်တော်ဟာ နိုင်ငံရေးသမားလဲ မဟုတ်ပါ။ ဘယ်ပါတီဝင်မှလဲ မဟုတ်ပါ။ ၈၈မျိုးဆက်လဲ မဟုတ်ပါ။ ၉၆မျိုးဆက်လဲမဟုတ်ပါ။ ၂၀၀၀ မျိုးဆက်လဲမဟုတ်ပါ။ ၂၀၀၇ မျိုးဆက်လဲ မဟုတ်ပါ။ ဒါပေမယ့် အဲဒီလှုပ်ရှားမှုအားလုံးကို ဖြတ်သန်းဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားခြင်း မတရားခြင်း ကိစ္စမျိုး၊ မှန်တယ်လို့ ယူဆပြီး ယုံကြည်နေတဲ့ ကိစ္စမျိုးကို ပြောဖို့တော့ ၀န်မလေးပါဘူး။ ဒီလို ပြောခွင့်ရဖို့ ကျွန်တော် ထောင်ကျဖူးစရာမလိုပါဘူး။ ယူနီဖောင်း ၀တ်ထားစရာမလိုပါဘူး။ နိုင်ငံရေး လှုပ်ရှားမှုသမိုင်း ရှိစရာမလိုပါဘူး။ မင်းက ဘာသိဘာတတ်လို့ ၀င်ယောင်နေရသလဲမေးရင် အဲသည်မေးတဲ့သူဟာ ဒီမိုကရေစီစနစ်ကို နားမလည်တဲ့သူ ဒါမှမဟုတ် ဒီမိုကရေစီလမ်းစဉ်ကို ဆန့်ကျင်သူလို့ပဲ ကျွန်တော် သတ်မှတ်ပါမယ်။ နိုင်ငံသားတစ်ယောက် အခွင့်အရေးအရ ကိုယ့်အမြင်ကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိရပါမယ်။ အဲဒီလူ့အခွင့်အရေးသာ တကယ်ရှိတယ်ဆိုရင် ဒီမိုကရေစီကို အပြည့်အ၀ ဖော်ဆောင်နိုင်မယ့် အခြေခံဥပဒေရှိဖို့၊ ပြည်တွင်းစစ်ရပ်ဆဲပြီး ထာဝရငြိမ်းချမ်းရေးရဖို့၊ တိုင်းရင်းသားတွေအချင်းချင်း စည်းလုံးညီညွှတ်ချစ်ခင်ဖို့၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်သာယာဝပြောဖို့၊ မတရား အနိုင်ကျင့်မှုတွေ မတရားအခွင့်အရေးယူမှုတွေပပျောက်ဖို့၊ တိုင်းပြည်တ၀ှမ်း သဘာဝပါတ်ဝန်းကျင်ကိုကာကွယ်ထိမ်းသိမ်းပြီး စိမ်းလန်းစိုပြေဖို့၊.. စတာတွေကို ကျွန်တော်လိုလားတယ်ဆိုတာ ပြောချင်ပါတယ်။ နိုင်ငံတော်ကို ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ်ပါ။ ပြည်ခိုင်ဖြိုးပါတီကပဲ ဖြစ်ဖြစ် ဒီချုပ်ကပဲဖြစ်ဖြစ် ဘယ်သူပဲ နိုင်ငံတော်ကို ဦးဆောင်ပါစေ စောစောကပြောခဲ့တဲ့အချက်တွေနဲ့ညီရင် ဘယ်အစိုးရမဆို လက်ခံပါတယ်။ ဒါပေမယ့် မတရားမှု ချုပ်ချယ်မှုတွေ ရှိလာပြီဆိုရင်တော့ နိုင်ငံတော်ကို ဒီချုပ်ကပဲ ဦးဆောင်နေလဲ အာဏာရှင်အဖြစ် သတ်မှတ်ပြီး ဆန့်ကျင်ရမှာပါပဲ။ ဒီအခွင့်အရေးတွေကို ကျွန်တော်တို့ လက်ထက်မှာတင် မဟုတ်ပဲ သားစဉ်မြေးဆက် မပျောက်ပျက်အောင် ထိမ်းသိမ်းရမှာပါ။ ကျွန်တော်ကိုယ်တိုင် မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်တွေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ဒီအချိန်မှာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေပြီဆိုရင် ခုမှ လမ်းအစပဲရှိသေးတယ်လို့ သတ်မှတ်ရမှာပါ။ ရောက်တဲ့နေရမှာလဲ ဒီအတိုင်းရပ်နေလို့ လုံးဝမရပါဘူး။ ရှေ့ဆက်ပြီး ပီပြင်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရမှာပါ။ အဲလိုမှမဟုတ်ပဲ နောက်ကြောင်းပြန်လှည့်ဖို့ဆိုတာတော့ အသက်ပေးပြီးတောင် ကာကွယ်ရတော့မလိုပါပဲ။ ကျွန်တော်တို့လိုချင်တဲ့ ခရီးပန်းတိုင် စစ်မှန်တဲ့ အဆီအနှစ်ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်ကိုယ်တိုင် မှီချင်မှ မှီပါ့မယ်။ ကျွန်တော်တို့ နောက်မျိုးဆက်မှာ မှီသွားရင် ကျေနပ်ပါပြီ။

Credit To: http://www.facebook.com/notes/jl-tkg/%E1%80%91%E1%80%84%E1%80%B9%E1%80%9B%E1%80%AC%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%9B%E1%80%AC-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%95%E1%80%AB%E1%80%9B%E1%80%B1%E1%80%85/10150514626487596

Read more...

Thursday, January 19, 2012

ဆရာကြီးဦးအောင်သင်း ခေတ်ပြိုင်ဂျာနယ်နှင့် အင်တာဗျူး

အင်တာဗျူး - ခေတ်ပြိုင်

စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦးအောင်သင်းသည် လူငယ်များတိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟောပြောရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ အသက်အရွယ်ထောက်လာ သည့်တိုင် နိုင်ငံခြားရောက် လူငယ်များ မိမိတို့စိုက်ထုတ် ရင်းနှီးခဲ့သည်များ ကို ချင့်ချိန်တတ်အောင် အကြံပေးလိုသည့်ဆန္ဒ ရှိနေသည်။ ရန်ကုန်မြို့မှ စာ ရေးဆရာကြီး ဦးအောင်သင်းအား ခေတ်ပြိုင်ဂျာနယ် အယ်ဒီတာချုပ် ဦးစိန် ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အထူး သဖြင့် ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေး မြန်းရာ ဆရာအောင်သင်းက ယခုကဲ့သို့ ဖြေကြားသည်။

ဖြေ ။ ။ ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမသြ၀ါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေဟာ ဘာပဲဖြစ်ဖြစ်အခြေအနေအရ ရပ်ဝေး မြေခြားမှာ သွားပြီးတော့ စီးပွားရှာကြတယ်။ ဘ၀ကိုတည်ဆောက်ကြတယ် ဆိုတော့ ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ်လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။ နောက် ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီးတယ် ဆိုပါတော့နော်။

ဘာကြောင့်လဲဆိုတော့ ကိုစိန်ကျော်လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုးတွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့ သိပ်မခွာချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြား သိပ်မ သွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ သွားပြီးတော့ ဒီလိုလုပ်တဲ့ အတွက်ကြောင့် ကျနော် သူတို့ကို တ ကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။

အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာ မေတ္တာထားမိပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို စကားပြောချင်တာက ပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ ကျနော် ပြောချင်တာပါ။

မေး ။ ။ ဟုတ်ကဲ့ အဲဒီလို ပြောတဲ့နေရာမှာ ကျနော်တို့ အခု ဆရာပြောတဲ့ လူငယ်အမျိုးအစား တွေကို ပြန်ကြည့်တဲ့အခါကြတော့ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်ဆိုတဲ့ နေရာမှာ အထူးသဖြင့် ကိုရီးယားတို့၊ ဂျပန်တို့၊ နောက်တခါ မလေးရှားအစရှိတဲ့ နိုင်ငံတွေမှာ ပုံစံ အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အထူးသဖြင့် ကိုယ်ကာယ လုပ်အားကို အသုံးချပြီး လုပ်ကြ ရတဲ့ လူငယ်တွေ အတော်လေးများပါတယ်။ ဆိုတော့ အရေအတွက် အတော်လေးများများလာ ပါတယ်။ အထူးသဖြင့် စီးပွားရေး ကြပ်တည်းတဲ့အခါမှာ မလွှဲမရှောင်သာ ခုနဆရာပြောသလို ကိုယ့်အိမ်ကိုယ့်ယာ ခွာချင်လို့ မဟုတ်ဘဲနဲ့ မလွဲမသွေ ခွာဖို့ဖြစ်လာတဲ့အကြောင်းတွေရှိလာလို့ ခွာကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ ဘာများဆရာ့အနေနဲ့ ပြောချင်ပါလဲခင်ဗျာ။

စွန့်တယ်ဆိုတာ စားရဖို့

ဖြေ ။ ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ဘ၀လေးတွေကို ကျနော် ခဏခဏစဉ်းစားမိပါတယ်။ စဉ်းစားလိုက်တဲ့အခါကြတော့ သူတို့မှာလေ အရင်းအနှီး တော်တော်ကြီးပါတယ်။ အရင်းအနှီး ဆိုတာ ကိုစိန်ကျော်လှိုင်ရေ… ရင်းနှီးလိုက်ပြီဆိုရင် အမြတ်လိုချင်လို့ပဲ။ အကျိုးအမြတ်လိုချင်လို့ပဲ။ အဲတော့ အရင်းအနှီးဆိုတာ ကုန်ဆုံးသွားတာ။ ဥပမာဆိုပါတော့။ ကိုစိန်ကျော်လှိုင်က ဘူးသီးစိုက် တယ်။ စပါးစိုက်တယ်။ အဲဒီစပါးကို ရောင်းလိုက်ရတယ်ဆိုတာ ကိုယ်က ပေးလိုက်ရတာပဲ။ ပြီး တော့မှ ရလာတဲ့ဥစ္စာ အကျိုးအမြတ်။ အဲဒီလိုဆိုတဲ့အခါကြတော့။ အရင်းအနှီးဆိုတာက ကိုယ်က ပေးလိုက်ရတာပဲ။ အဲဒီပေးလိုက်ရတဲ့ ဥစ္စာက အကျိုးအမြတ်ရှိမှ စွန့်စားရကျိုး နပ်မှာပေါ့။ သဘောကတော့ စွန့်တယ်ဆိုတာ စားရမှာပေါ့ ကိုစိန်ကျော်လှိုင်ရယ်။ ဟုတ်လား။ မစားရပဲနဲ့ စွန့် တယ်ဆိုတာ အဓိပ္ပာယ်မှမရှိဘဲနဲ့။ ဒါကြောင့် သူတို့တွေကို ကျနော် ပထမဦးဆုံး သတိပေးချင်တာ ကတော့ ကိုယ်စိုက်ထားရတဲ့ အရင်းအနှီး နို့မဟုတ်လို့ရှိရင် ကိုယ့်ဘက်ကနေ ဆုံးရှုံးခံလိုက်ရတဲ့ အရင်းအနှီးကို တွက်စေချင်တယ်။ အဲဒါကို ပထမဦးဆုံး သတိပေးခြင်ပါတယ်။

လူငယ်များရင်းနှီးခဲ့သည့် အရင်းအနှီးအမျိုးအစား

အဲဒီ့သတိပေးခြင်တာ ပထမဦးဆုံး နံပါတ် (၁) မြင်သာတဲ့ အရင်းအနှီးက ဘာလဲဆိုလို့ရှိရင် ဥပမာ- ငွေ (၅) သိန်းပဲ ကုန်မယ်၊ (၁၀) သိန်းပဲကုန်မယ်။ (၁၅) သိန်းပဲကုန်မယ် အဲဒီငွေဟာ ဘယ်လိုရင်းနှီး ရတယ်ဆိုတာ ပုံစံ တယောက်နဲ့ တယောက်မတူဘူး။ တချို့ကြတော့ မိဘကပေးနိုင်လို့၊ တချို့ ကြတော့လည်း ကိုယ်ပိုင်ပိုက်ဆံရှိလို့၊ ငွေကြေးရှိလို့၊ တချို့ကြတော့လည်း ချေးငှားပြီးတော့ သွား ရတယ်။ ချေးငှားသွားတဲ့အခါမှာလည်း အတိုးက ကြီးသလား၊ နည်းသလား၊ အဲဒီလိုဆိုတော့ အဲဒီ ဟာတွေက မြင်သာတဲ့ အရင်းအနှီးတွေပါ။ အဲဒီ့ မြင်သာတဲ့ အရင်းအနှီးအကြောင်းကိုတော့ ကျနော် မပြောတော့ဘူး။ သူတို့ဘာသာသူတို့ မြင်တတ်တယ်။ ငါ ဒီလောက်ငွေကုန်ထားပြီ။ ဘယ်လောက် အရင်းအနှီးရှိတယ်။ ငါဘယ်လောက် စိုက်ထုတ်ရလိမ့်မယ်။ ဘယ်လောက် အကျိုးရှိမှဖြစ်မယ် ဆိုတာ သူတို့ တွက်နိုင်ပါတယ်။ ကျနော် အခုပြောချင်တာက မမြင်သာတဲ့ အရင်းအနှီးတွေကို သတိပေးချင်ပါတယ် ကိုစိန်ကျော်လှိုင်။

အရွယ်အရင်းအနှီး

အဲဒါတွေထဲမှာ ပထမဦးဆုံးကတော့ ကိုစိန်ကျော်လှိုင်ရေ သူတို့ကိုယ်သူတို့ သတိမထားမိတဲ့ အရင်း အနှီးကို ကျနော်ပြောချင်ပါတယ်။ အဲဒါကတော့ အရွယ်၊ အသက်အရွယ်ဆိုတာ အရေးကြီးပါတယ်။ ဆိုပါတော့ ကိုစိန်ကျော်လှိုင်ရယ်။ ကလေးတယောက်က အသက် (၂၂) နှစ်မှာ နိုင်ငံခြားကို ထွက် တယ်။ အဲဒီ (၂၂) နှစ်ဆိုတော့ (၃) နှစ် လုပ်မယ်ဆိုလို့ရှိရင် သူပြန်လာတဲ့အချိန်မှာ အသက် (၂၅) နှစ် ဖြစ်သွားပြီ။ တကယ်လို့ အသက် (၂၅) နှစ်မှာ ထွက်မယ်။ (၃) နှစ်ဆိုရင် သူပြန်လာတဲ့အခါကြ အသက် (၂၈) နှစ် ဖြစ်သွားပြီ။

အသက် (၂၅) နှစ်ကြမှ ထွက်ဖြစ်တယ်ဆိုရင် (၅) နှစ်နေမယ်ဆိုရင် အသက် (၃၀)။ ကိုယ့်အရင်း အနှီးက အဲဒီ့ (၃) နှစ်၊ (၅) နှစ်ပေးလိုက်တဲ့ အရင်းတွေသည် အရွယ်ကောင်းတွေဖြစ်နေတော့ အင်မတန်ကောင်းတဲ့ အရွယ်ကို ကိုယ်ပေးလိုက်ရတာ။ ပေးလိုက်ရတာအခါကြတော့ ဥပမာ အသက် (၃၀) ကျော်သွားမယ်ဆိုလို့ရှိရင် နောက်တခါ ပြန်သွားတဲ့အခါကြ သင်္ဘောဆိုလို့ရှိရင် လည်း သင်္ဘောသားဆိုရင်လည်း လက်မခံတော့ဘူးနော် ကိုစိန်ကျော်လှိုင်။

အဲဒီတော့ ပြောချင်တာက အဲဒီအရွယ်အရင်းအနှီးကို ကြပ်ကြပ်ကြီး သတိထားဖို့လိုမယ်လို့ ကျနော် ပြောချင်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး အရွယ်အရင်းအနှီးပါ။ အဲဒီ့ အရွယ်အရင်းအနှီးကို ဆုံးရှုံး လိုက်တဲ့ ကိစ္စဟာ ပေါ့ပေါ့သေးသေး မထင်နဲ့။ နောက်တခါပြန်ပြီး အလုပ်တခုကို စဖို့လို့အတွက်ကို တော်တော်လေး အခက်အခဲကြုံသွားတတ်ပါတယ်။ ဥပမာဆိုပါတော့ အသက် (၂၂) နှစ်နဲ့ အသက် (၃၀) ဆိုလို့ရှိရင် တော်တော်ကွာသွားပြီ။ အသက် (၂၅) နှစ်နဲ့ (၃၀) ဆိုရင်လည်း တော်တော် ကွာသွားပြီ။

အဲဒီတော့ အလုပ်ရှင်တွေ လိုချင်တဲ့ ဥစ္စာက ငယ်ငယ်အရွယ် သန်တုန်းမြန်တုန်းကို လိုချင်တာပေါ့။ အထူးသဖြင့် ကာယကိုအားပြုပြီး၊ အားစိုက်ပြီးလုပ်ရတဲ့ သူတွေဆိုလို့ရှိရင် ပိုပြီးတော့ အဲဒီဟာကို တန်ဖိုးထားကြတယ်။ အဲဒီတော့ အရွယ်အရင်းအနှီးဟာ သိပ်ပြီးတော့ အရေးကြီးတယ်ဆိုတာကို ပထမဦးဆုံး သိဖို့လိုပါတယ် ကိုစိန်ကျော်လှိုင်ရေ။ ဒါ သူတို့ သတိထားဖို့ပါ။ ကောင်းပြီ။ အဲဒီတော့ ကျနော်ဒါတွေပြောနေတာ တခြားကြောင့်မဟုတ်ဘူးနော်။ နောက်ပိုင်းရောက်တဲ့အခါကြတော့ ပိုပိုပြီး ထင်ရှားလာလိမ့်မယ်။ သိပ်အရေးကြီးပါတယ်။

ဦးနှောက်အရင်းအနှီး

နောက်တခုက ဘာလဲဆိုတော့ ဦးနှောက်အရင်းအနှီး။ ဦးနှောက်အရင်းအနှီးဆိုတာက နိုင်ငံခြားကို သွားလိုက်တယ်။ ဥပမာဆိုပါတော့။ ပညာနဲ့ အလုပ်လုပ်ဖို့သွားလိုက်တယ်။ အဲ့ ပညာနဲ့။ အခုဆို ပါတော့ ကျနော့် တပည့်တပန်းတွေထဲက၊ ကျနော့်ဆွေမျိုးသားချင်းလို ဖြစ်နေတဲ့ ကလေးတွေထဲက ဥပမာ- ကုလသမဂ္ဂမှာ သွားအမှုထမ်းတယ်။ သူတို့က ဆည်းပူးနိုင်တယ်။ ဟိုမှာ ဆည်းပူးစရာ ပညာတွေရှိတယ်။ ပညာတိုးတိုးနေတာ။ မဆည်းပူးလို့လည်းမရဘူး။

သူတို့လုပ်ငန်းက ကာယလုပ်ငန်းအနေနဲ့ ထွက်တဲ့အခါကြတော့ ဆည်းပူးဖို့ အချိန်မရှိဘူး။ မရှိတဲ့ အခါကြတော့ သူတို့က ခိုင်းတာလုပ်တာကြီး အကျင့်ပါသွားတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က ဒီဦးနှောက်နဲ့ ကြံစည်တွေးတောတဲ့ဘက်မှာ သူက ခြောက်ခန်းသွားတယ်။

ဆိုကြပါစို့။ သံချည်သံကွေး လုပ်တယ်ဆိုပါတော့။ သံချည်သံကွေး လုပ်ပြီးတော့ သံချည်သံကွေးရဲ့ ဟိုဘက် ဘာတတ်စရာရှိသေးလဲ။ ဥပမာ- ဘာမှတတ်စရာ သိပ်မရှိတော့ဘူး။ စားပွဲထိုးဆိုပါတော့။ စားပွဲထိုး ကျွမ်းကျင်တယ်။ ကောင်းပြီ။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ စက်ရုံအလုပ်သမားလုပ်တယ်။ စက်ရုံမှာ အလုပ်ကြမ်းလုပ်ရတယ်။ သူ့အတွက် ဘာပညာတိုးတက်ဖို့ရှိလဲ။

ဥပမာ- ကားမောင်းတယ်။ ကားမောင်းတာကနေပြီးတော့ ပိုက်ဆံတော့ရနေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အဖို့မှာ ဘာဖြစ်သွားလဲဆိုတော့ ရှေ့ဆက်ဖို့လို့အတွက်ကို သိပ်ပြီးတော့ တော်တော်ခက် သွားတယ်။ ဒါကြောင့်မို့လို့ ပညာမတိုးဘဲနဲ့ သူများခိုင်းတာသာလျှင် လုပ်ရတဲ့ ဦးနှောက်ကို ထုတ်ပေးနေရတဲ့ဟာ။ ကိုယ့်ဦးနှောက်နဲ့ ကြံစည်ဖို့ အချိန်မရဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဦးနှောက် အရင်းအနှီးပေါ့။ အင်္ဂလိပ်လိုပြောရင်တော့ creative thinking ပေါ့နော်။ ကိုယ့်အတွက် ငါဘာလုပ်မလဲဆိုတော့ စဉ်းစားပြီးတော့ တီထွင်ကြံစည်တဲ့ စိတ်ကူး စိတ်သန်း ခေါင်းပါးသွားတတ်တယ်။ တီထွင်ဥာဏ်တုန်းသွားတတ်တယ်။ အဲဒီအရင်းအနှီးက တော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။

ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသလဲဆိုလို့ရှိရင် ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာလိုက်တယ်။ ပြန်လာလိုက်တဲ့အခါကြတော့ အဲဒီ ကိုယ်နေခဲ့တဲ့ (၄-၅) နှစ် အတောအတွင်းမှာ သူငယ်ချင်းတွေက သူ့လိုငွေရင်းငွေနှီးမရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်ပကို မသွားနိုင်ဘူး။ မသွားနိုင်တဲ့အတွက်ကြောင့် ကိုယ့်ပြည်တွင်းမှာပဲနေတယ်။

နေတဲ့အခါကြတော့၊ ဥပမာဆိုပါတော့။ မြေပဲစိုက်ခင်းလုပ်တဲ့ ကလေးတယောက်ရှိတယ်။ မြေပဲကို ဒီအတိုင်းရောင်းတယ်။ နောက်ကြတော့ ငါ ဒီအတိုင်းနေလို့ရှိရင် ငွေအမြတ်နည်းတယ်။ အဲဒီတော့ ဒီမြေပဲကို ငါကိုယ်တိုင်သွားပြီးတော့ မုံရွာကနေပြီးတော့ မန္တလေးကို သွားချမလား။ နို့မဟုတ်ရင် ရန်ကုန်အထိအောင် ဆင်းမလား။ ဒါတွေ စဉ်းစားလာတယ်။ အဲဒီတော့ ကူးသန်းရောင်းဝယ်ရေးကို သူသဘောပေါက်လာတယ်။

ဒါမှမဟုတ်လို့ရှိရင် မြေပဲကို ဒီအတိုင်း ရောင်းမလား။ နို့မဟုတ်လို့ရှိရင် လှော်ပြီးတော့ ရောင်းမ လား။ အထုပ်လေးတွေနဲ့ ရောင်းမလား။ စသည်အားဖြင့် added value ပေါ့နော်။ နောက်ထပ် ကိုယ်ရောင်းတဲ့ပစ္စည်းကို ကိုယ်လုပ်တဲ့လုပ်အားကို ပိုပြီး ကောင်းသထက်ကောင်းအောင် တီထွင်လာတဲ့အခါကြတော့ အဲဒီ နိုင်ငံခြားသွားပြီးတော့ စီးပွားရှာပြီးတော့ ပြန်လာတဲ့ကလေးက
ဒီ (၄-၅) နှစ်ရှိလို့ ပြန်ရောက်လာတဲ့အချိန်မှာ သူ့ သူငယ်ချင်းက သူ့ထက်ကြီးပွားတိုးတက်နေတာ၊ ဖြစ်ထွန်းနေတာ ဖြစ်သွားတတ်တယ်။

အဲဒီတော့ ကိုယ်က တီထွင်မှုခေါင်းပါးသွားတဲ့ ဥစ္စာဟာ အန်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့်မို့လို့ တီထွင်မှု ခေါင်းပါးသွားတဲ့ဟာမျိုး၊ ဦးနှောက်အရင်းအနှီးမျိုး ကုန်မသွားစေချင်ဘူး။ ဒါကျနော် သူတို့အတွက် စိုးရိမ်တဲ့အချက် ဖြစ်ပါတယ်။

ဦးနှောက်အရင်းအနှီး မတုံးစေလိုလျှင်

မေး ။ ။ အဲလိုမျိုး တီထွင်တဲ့ ဦးနှောက်တုံးမသွားအောင် အခုလောလောဆယ်မှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ကိုယ်ကာယကို အားပြုလုပ်ရတဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်သင့် တယ်လို့ ဆရာအကြံပေးခြင်လဲခင်ဗျ။

ဖြေ ။ ။ ဒီလိုခင်ဗျ။ ကျနော် အဲဒီဟာနဲ့ ပတ်သက်ပြီး တော်တော်လေး စဉ်းစားပါတယ်။ သူတို့ က ပင်ပန်းတဲ့အခါကြတော့ စာဖတ်ဖို့ အချိန်မရဘူး။ ဥပမာ- ပြန်သွားတယ်ဆိုလို့ရှိရင် လုပ်အားပေး ရ အချိန်ပိုဆင်းရတာတွေရှိတယ်။ ပြန်သွားရပြီဆို သူတို့က အိပ်ချင်ပြီ။ တနင်္ဂနွေ တပတ်ကလေးမှာ တရက်တလေ ရပြန်တော့လည်း အပျော်အပါးလေး ဘာလေး သွားချင်၊ လာချင် အဲလိုကုန်ကုန် သွားတယ်။ အဲဒီတော့ အဲဒီအချိန်တွေဟာ သူတို့ကုန်နေတဲ့အချိန်တွေကို တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။

အဲဒီတော့ကို ဥပမာ- ကျနော်အကြံဥာဏ်ပေးခြင်တာက သူနဲ့ အနီးစပ်ဆုံး အထက်ဆင့် လုပ်ငန်း ပေါ့ ဥပမာ- သူသံချီ သံကွေးကို သူလုပ်နေတယ်။ သံချီသံကွေးကို သူလုပ်နေရင်းကနေပြီးတော့ အထက်ဆင့်ဖြစ်တဲ့ ပန်းရံကိုင်တဲ့လုပ်ငန်း။ အထူးသဖြင့် သံချီသံကွေးအတွက် မူလ ဘောင်ချပေး တဲ့ စီမံကိန်းလုပ်ငန်း၊ ဘယ်လိုဘယ်လိုရှိရတယ် ဘယ်လိုဘယ်လိုလုပ်ရတယ်ဆိုတာတွေ။ အနီးစပ် ဆုံးလုပ်ငန်းတွေကို သူကနောက်တဆင့် နောက်တဆင့် တက်တက်ပြီးတော့ သိအောင် လုပ်နေ ရင်းကနေ အနားမနေဘဲနဲ့ ဦးနှောက်နဲ့ မျက်စိကို အနားမနေဘဲနဲ့ ဆက်ပြီးတော့ ကြိုးပမ်းသွားမှ သာလျှင် သူတို့ဟာ ရပြီးသားဖြစ်လိမ့်မယ်လို့ တွက်တယ်။

ဥပမာ ကားမောင်းတယ်ဆိုပါတော့။ ကားမောင်းတဲ့လုပ်ငန်း လုပ်နေရတာပဲ။ သူက ကားမောင်းနေ ရတာပဲ။ ဒါပေမယ်လို့ သူနဲ့ အနီးစပ်ဆုံးက စက်ပြင်တဲ့ လုပ်ငန်း။ အဲဒီ စက်ပြင်တဲ့လုပ်ငန်းကို ဆက်လက်ပြီး ဆည်းပူးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ- ကွန်ပျူတာလုပ်ငန်းကို လုပ်နေ တဲ့ကလေးဟာ ဒီကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ စာစီစာရိုက်၊ စာရင်းအင်းပေါ့။ တွက်တာလောက်၊ စာရင်းသွင်းတာလောက်၊ ထုတ်တာလောက်၊ အဲလောက်လေးတင်မကဘဲနဲ့ အဲဒီထက်ပိုပြီးတော့ မြင်တဲ့ ဥပမာ- ပရိုဂရန်းမင်းလို ဟာမျိုး။ ဟုတ်လား အဲဒါမျိုးထိအောင် ဆက်ပြီးလေ့လာတာမျိုး။

သခင်စိတ်ထားပါ သူခိုးစိတ်မထားပါနှင့်

ပြောချင်တာက သီးခြားကြီး မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်နဲ့မပြတ်တဲ့ နောက်တဆင့်ကို ဆက်ပြီး တော့ အမြဲတန်း မပြတ်လေ့လာနေပါလို့ ကျနော်ပြောချင်ပါတယ်။ အဲဒီ့ဥစ္စာက ဘာလဲဆိုလို့ရှိရင် မိမိကိုယ်မိမိ ရိုသေပြီးတော့နေတဲ့ သခင်စိတ်နဲ့ ကြိုးပမ်းနေတာပေါ့။ သူများ ခိုင်းတာတင် လုပ်နေ တယ်ဆိုလို့ရှိရင် အဲဒါ ကျွန်စိတ်နဲ့ တာဝန်ကျေအောင်လုပ်နေတာတင်ပဲ ဖြစ်မယ်။

အဲဒီကြားထဲမှာမှ ကိုယ်က တတ်နိုင်သမျှ အသက်သာခိုပြီးတော့ ကပ်ပြီးတော့နေမယ်ဆိုလို့ ရှိရင် အဲဒါ သူခိုးစိတ်ခေါ်တယ်။ ကျနော့်စိတ်ထဲမှာ သူခိုးစိတ်မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ကျွန်စိတ် လည်း မဖြစ်စေချင်ဘူး။ သခင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်အောင်လေ့လာစေချင်တယ်။ ကိုယ် ရတဲ့ ဥစ္စာသည် ငွေကြေးတွင်မကဘဲနဲ့ ငါသည် ပညာမပါဘဲနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ လေ့လာစေချင်တယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်လုပ်ငန်းနဲ့ အနီးစပ်ဆုံး နေရာ မှာရှိတဲ့ အဆင့်မြင့်ဆုံးပညာကို ရနိုင်သမျှရအောင် ကြိုးပမ်းခြင်းသည် ပြန်လာလျှင် အင်မတန်ကြီး တဲ့ အမြတ်ဖြစ်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ဆရာ။ အဲတော့ တဘက်ကလည်း ပြန်ကြည့်လို့ရှိလျှင် ကနေ့လူငယ်တွေ အများစုပေါ့နော် အခုလို နိုင်ငံရပ်ခြားမှာသွားပြီးတော့ အလုပ်လုပ်ကြရတယ်ဆိုတာ အများအားဖြင့် ပြည်တွင်းမှာ စီးပွားအကျပ်အတည်းတွေဖြစ်ပြီးတော့မှ သွားကြရတာများပါတယ်။ ဆရာပြောသလို အရင်းအနှီးတွေလည်း တော်တော်များပါတယ်။ သို့သော် တဘက်က ဆရာ့အနေနဲ့ နောင်နိုင်ငံခြား သွားမယ့်လူငယ်လေးတွေကို စိုးရိမ်မိတော့ သူတို့အတွက် အားပျက်သွားစေနိုင်မယ့် အနေအထား မျိုး ရှိနိုင်မယ်လို့များ ယူဆမိလားခင်ဗျ။

ဖြေ ။ ။ ကိုစိန်ကျော်လှိုင်ပြောတာ ဟုတ်ပါတယ်။ အားပျက်တယ်ဆိုတာနဲ့ အားပျက်သွားမယ် ဆိုတာနဲ့ အသင့်ပြင်တာနဲ့ဆိုတာက တမျိုးစီပါ။ တကယ်လို့ အားပျက်သွားမယ် ဆိုလို့ရှိလျှင် ပျက်နိုင်တယ်။ ပျက်တယ်ဆိုတာ တကယ့်ကို ပျက်သွားမယ်ဆိုလို့ရှိလျှင် အခြေအနေအကုန်လုံးကို ကိုယ့်အခြေအနေ အကုန်လုံး။ ပတ်ဝန်းကျင်အခြေအနေ အကုန်လုံးကို ကြည့်ပြီးတော့မှ ပျက်သွား ပြီး မသွားဖြစ်တာဟာ သွားပြီး ဒုက္ခရောက်တာနဲ့စာရင် အင်မတန်သက်သာပါတယ်။

တကယ်လို့ သွားမယ်ဆိုလို့ရှိလျှင် အားမပြတ်စေတဲ့ နည်းလမ်း အဲဒါတွေ အကုန်လုံးတွက်၊ ဒါတွေ ငါရင်ဆိုင်နိုင်သလား၊ အဲဒီအရင်းအနှီးတွေ ငါပေးနိုင်သလားတွက်၊ တွက်ပြီးမှ သွားလို့ရှိလျှင် ဒီ (Prepare) နော်။ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်သွားတဲ့အတွက်ကြောင့် အဲဒီလိုကလေးမျိုးအတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

မိသားစုပတ်ဝန်းကျင်အရင်းအနှီး

မေး ။ ။ ဟုတ်ကဲ့ အများကြီးကောင်းပါတယ်ဆရာ။ အခုလို ဆွေးနွေးပြောပြတာလေ။ လူငယ် တွေအတွက်ကို။ နောက်ထပ်ရော ဆရာ့အနေနဲ့ ဒီထက်ပိုပြီးတော့ လူငယ်တွေကို ဘာများမှာကြား ချင်သေးလဲခင်ဗျ။

ဖြေ ။ ။ ကျနော်ပြောမယ် ကိုစိန်ကျော်လှိုင်ရေ။ ကျနော် ခုနဥစ္စာပြန်ဆက်ချင်တယ်။ အဲဒီဆုံးရှုံး မှုတွေဆိုလိုက်တဲ့ ကိစ္စထဲမှာနော်။ အရင်းအနှီးတွေအထဲမှာ ပထမဦးဆုံး စပြီးတော့ အရင်းအနှီးက ဘာလဲဆိုတော့ မိသားစု ပတ်ဝန်းကျင်။ ကိုယ့်မိသားစုနဲ့ ကိုယ်ကင်းကွာသွားပြီးတော့ အဲဒီကင်းကွာ သွားတဲ့ (၅) နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။ ညီမလေးက အိမ်ထောင် ကျသွားနိုင်တယ်။ အကိုဖြစ်တဲ့သူက အိုးခွဲသွားနိုင်တယ်။ မိဘဖြစ်တဲ့သူက ကျန်းမာရေးချို့တဲ့လာ နိုင်တယ်။ အမျိုးမျိုးဖြစ်သွားနိုင်တယ်။

အဲဒီဥစ္စာမျိုးတွေမှာ ကိုယ်က တာဝန်ယူရတဲ့ဟာမျိုးတွေ ပါလာနိုင်တယ်။ တာဝန်မယူဘဲနဲ့ နေနိုင် တာလည်း ပါလာနိုင်တယ်။ အဲတော့ တာဝန်ဆက်ယူရမယ်ဆိုလို့ရှိရင် အဲဒီ့အရင်းအနှီးအတွက်က လည်း သူက ပြင်ဆင်ရတော့မယ်။

အဲဒါ ခုနက ပြောတဲ့ မိသားစုပတ်ဝန်းကျင် အရင်းအနှီး။ ပြီးတော့ ဆိုကြပါစို့။ မိဘကနေပြီးတော့ မကျန်းမာဘူးဆိုလို့ရှိလျှင် ကိုယ်က ပစ်ထားလို့လည်းမရဘူး။ တတ်နိုင်သမျှ တဘက်တလမ်းက တာဝန်ယူရတော့မယ်။ အဲဒီအရင်းအနှီးတွေကလည်း ရှိသေးတယ်။ အဲဒါ ကျနော် မိသားစုအရင်း အနှီး။ နောက်တခုက ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ။ အဲဒီ့ အပြောင်းအလဲ တွေရဲ့ အရင်းအနှီးတွေ။ ဥပမာဆိုကြပါဆို့။ ကိုယ်သွားတုန်းက စီးပွားရေးဝန်းကျင်ကတမျိုး။ ခု ကိုယ်ပြန်လာတော့ တမျိုး။ စီးပွားရေး ၀န်းကျင်က ပထမတုန်းက ကိုယ်သွားတဲ့လမ်းတွေက ရေလမ်း။ ခုကားလမ်းဖြစ်သွားပြီ။ ပထမတုန်းက ကိုယ်သွားတဲ့ ကားလမ်းတွေ ခုကျ ရထားလမ်း ဖြစ်သွားပြီ။

အဲဒီတော့ ကိုယ့်အတွက်က ကုန်သွယ်မယ်ဆိုရင် စီးပွားရေး လမ်းကြောင်းတွေက တော်တော် များများပြောင်းလဲကုန်ပြီ။ အများကြီး။

နောက်တခုက ပတ်ဝန်းကျင်ကြီးတခုလုံးက ပြောင်းသွားတာတွေလည်းရှိသေးတယ်။ ဥပမာဆို ပါတော့။ ကိုယ်သွားတုန်းက ကိုယ့်ပတ်ဝန်းကျင်က ကွင်းပြင်ကြီး ခုကြတော့ ကွန်ဒိုမီနီယံတိုက် ခန်းတွေဖြစ်နေတတ်တယ်။ တခါတရံကျတော့ ကိုယ်နေခဲ့တဲ့ ရွာလေးက ပျောက်သွားတယ်။ အဲဒါက ခုနကပြောတဲ့ စီမံကိန်းထဲမှာပါသွား။ ကိုယ်သွားတုန်းက ရွာလေးမဟုတ်တော့ဘူး။ စိုက်ပျိုးရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ မွေးမြူရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ ကိုယ်သွားတဲ့အခါတုန်းက ကျေးရွာ။ အခုကျတော့ ရေကြီးလို့ ဘာကြီးလို့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ အဲဒီ ပတ်ဝန်းကျင်အပြောင်းအလဲတွေကလည်း ရှိပါသေးတယ်။ အဲဒါကလည်း တချက်စဉ်းစားရမယ်နော်။

နောက်တခုက ဘာလဲဆိုတော့ ကိုယ်က စုဆောင်းထားတဲ့ငွေက ဘယ်မှာထားလဲ။ ကိုယ့်ဆီမှာ ထားသလား။ ဘဏ်မှာထားသလား။ ကိုယ့်လက်ထဲမှာ စုထားသလား။ အိမ်ပြန်ပြီးပို့ရလား။ ပို့ရ လို့ရှိလျှင် အဲဒီငွေကြေးကို ထိန်းသိမ်းတဲ့သူက ဇနီးလား၊ မိဘလား။ ဆွေမျိုးသားချင်းထဲကလား။ သို့မဟုတ်လို့ရှိလျှင် အပေါင်းအသင်းထဲကလား။ သို့မဟုတ်လို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလား။ အဲဒီတော့ ဇနီးသည်ဆီ ပို့မယ်ဆိုပါတော့။ ဇနီးသည်က ငွေကြေးထိန်းသိမ်းတဲ့ ဥစ္စာမလိမ္မာဘူး ဆိုပါတော့။ ကိုယ်ပြန်လာတဲ့အခါကြတော့ အဲဒီဘာမှမရှိတော့ဘူး။ ကိုယ့်လက်ထဲမှာ ယူပြီးပြန် လာတဲ့ငွေက (၂) သိန်း၊ (၃) သိန်းပဲရှိလျှင် အဲဒါလေးပဲ။ အဲဒါလေးနဲ့ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ တလလောက် စားလိုက်သောက်လိုက်တဲ့အခါကြတော့ ပိုက်ဆံ သုံးစရာမရှိတော့ဘူး။ အရင်းအနှီး ဘာမှလုပ်စရာမရှိတော့ဘူး။ မရှိတော့ကို နောက်ထက်တခါချေးပြီးတော့ တခါပြန် ထွက်ရတယ်။

အဲဒီလို အဖြစ်မျိုးတွေလည်း ကျနော့်မျက်စိအောက်မှာ တွေ့တွေ့နေရတယ်။ အဲဒါ ဇနီးသည် မလိမ္မာလို့ရှိလျှင် ပြောတာ။ ဇနီးသည်က လိမ္မာလို့ရှိလျှင်တော့ ပို့လိုက်တဲ့ငွေကို ပြန်ပြီးတော့ တိုးပွားအောင်၊ ခိုင်မြဲအောင် လုပ်ထားနိုင်တယ်။ ဒါ အားကိုးရတဲ့အခြေအနေ။

ကောင်းပြီ မိဘကထိန်းမယ်။ မိဘက ထိန်းမယ်ဆိုတဲ့အခါကျတော့ မိဘလက်ထဲမှာ အမြဲတန်းရှိ နေမှလား။ သို့မဟုတ် တခြားသော သားချင်းတွေရဲ့ ပြဿနာတွေ ပေါ်လာနိုင်သလား။ ဥပမာ- အကိုအကြီးဆုံးဖြစ်တဲ့သူက စီးပွားရေးပျက်သွားလို့၊ အလုပ်ပြုတ်သွားလို့ (သို့မဟုတ်) အချုပ်ထဲဝင်သွားရလို့ ပိုက်ဆံကုန်သွားတယ် ဆိုပါတော့။ ဒီဟာ စိုက်ထုတ်ပြီး မိဘက သုံးလိုက်ရတယ်ဆိုပါ တော့။ ကိုယ်ဘယ်လိုလုပ်မလဲ။

ကျနော်ပြောချင်တာက ကိုယ့်အခြေအနေ။ ကိုယ်လုပ်ထားတဲ့ စီးပွားဟာ ကိုယ့်နေရပ် ဇာတိမြေမှာ ဘယ်လောက်ထိအောင် ခိုင်လဲဆိုတာ ပြန်တွက်မိရဲ့လား။ ဒါတွေလည်း စဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။

လူမှုရေးဝန်းကျင်အပြောင်းအလဲ

နောက်တခုက လူမှုရေးဝန်းကျင်အနေနဲ့ ပြောင်းသွားတာရှိတယ်။ လူမှုရေးဝန်းကျင်တွေနဲ့ စီးပွား ရေးဝန်းကျင်တွေနဲ့ ရောပြီးတော့ ပြောင်းသွားတာ။ ဥပမာ- အရင်တုန်းက လူမှုရေးဝန်းကျင်တွေက လဖက်ရည်ဆိုင်ထိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။ အခုကျတော့ ကျေးရွာမှာ ဘိလိယက်ခုံတွေက ရောက်နေပြီ။ ဥပမာ- ကာယာအိုကေတွေခေတ်စားလာတယ်။ အဲဒါမျိုးတွေက အများကြီး။ အဲဒီ တော့ အဲဒီ့အချိန်မှာသွားပြီးတော့ စီးပွားရေးလုပ်တဲ့သူငယ်ချင်းတွေက ကိုယ့်ထက်ကြီးပွားချင် ကြီးပွားနေတတ်တယ်။ ပြောချင်တာက စီးပွားရေးဝန်းကျင်ကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်က ပြောင်းသွားတတ်တယ်။ အဲဒီတော့ ကိုယ်ပြန်လာတဲ့အခါမှာ ဆုံးရှုံးရတဲ့အရင်းအနှီးတွေ မျက်ခြေ ပြတ်သွားတတ်တယ်။

ကိုယ်မျက်ခြေပြတ်သွားတဲ့အချိန်မှာ ကိုယ်ပြန်လာတဲ့အချိန်မှာ အပြောင်းအလဲတွေကြားမှာ ကိုယ်က အူကြောင်ကြောင် ဖြစ်နေတတ်တယ်။ နောက်တခါ ထပ်ပြီးတော့ နိုင်ငံခြားရောက်သလို ပြန်ဖြစ် သွားတတ်တယ်။ ဖြစ်သွားတဲ့အခါကြတော့ ဘယ်နေရာကနေစပြီးတော့ ဘယ်ကိုဦးတည်ရာမှန်း မသိဖြစ်သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်အရပ် ကိုယ့်ဒေသကို မျက်ခြေမပြတ်အောင် ဘာတွေဖြစ်နေသလဲဆိုတဲ့ဟာကို အမြဲတန်းမပြတ် သိနေအောင် နိုင်ငံခြားကနေပြီးတော့ ကြိုးစား သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတချက်။

နောက်တချက်က ဘာရှိသေးလဲဆိုတော့ ကိုယ်က နိုင်ငံခြားမှာနေရင်းကနေ တယောက်ယောက်နဲ့ တွေ့ရော အဲဒါ အိမ်ထောင်ရက်သားကျချင်ကျတတ်တယ်။ ကျတဲ့အခါကြတော့ ဘယ်လိုလုပ်မလဲ။ ကိုယ့်အမျိုးသမီးက ဗမာအမျိုးသမီးပဲလား။ နေရပ်ကိုပြန်မှာလား။ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားမှာပဲ အခြေချတော့မလား။ နိုင်ငံခြားမှာပဲ အခြေချတော့မယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက ဘယ်နိုင်ငံလဲ။ အဲဒီက ဘာသာရေး၊ ကိုးကွယ်ရေး ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့ အသက်ကြီးတဲ့ဘ၀မှာ ပျော်နိုင်မ လား။ ဒါတွေအကုန်လုံး စဉ်းစားရတော့မယ်။

အဲဒီတော့ ပြောချင်တာက နိုင်ငံခြားမှာ အခြေချတော့မယ်ဆိုချင်တောင်မှ ကိုယ့်ဒေသ ပတ်ဝန်းကျင်နဲ့လည်း တော်တော့်ကို ကွာနေပြီ။ ကိုယ့်သား၊ ကိုယ်သမီးရဲ့ ပတ်ဝန်းကျင်နဲ့လည်း ကွာသွားပြီ။ ကိုယ့်သားသမီးတွေ ထွန်းကားလာတဲ့အခါမှာ ဗမာအမျိုးသားတယောက်က မျှော်လင့်တဲ့ မိဘဘ၀မျိုးကို မမျှော်လင့်နိုင်ဘူး။ နိုင်ငံခြားသားတယောက်ရဲ့ မိဘအဖြစ်နဲ့ ကိုယ်ရောက်သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ စဉ်းစားထားဖို့ဆိုတာ လိုတယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျာ။ ။

Read more...

နေရာဟာမတည်ငြိမ်ခြင်း အချိန်ဆိုတာမတည်မြဲခြင်းလို့ ယူဆကြရင်

ထမင်းအသက် ခုနစ်ရက် ရေအသက်တစ်မနက်လို့ ဆိုသလို ဖေ့စ်ဘုတ်ကြီးရဲ့ အသက်ဟာလည်း တစ်ရက်စာလောက်တော့ ခံမယ်ထင်ပါတယ်။ နောက်တနေ့မနက်ရောက်လို့ ရာသီလေကလေး တစ်မျိုးပြောင်းသွားရင် အာရုံကလေးတွေက လိုက်လိုက်ပြောင်းသွားကြတာကိုး။ ဘူတန်မှာကတည်းက တနေ့တနေ့ အဲဒီအပေါ်မှာချည့်ပဲ အချိန်ကုန်ခဲ့တာ နှစ်ပြောင်းလရှည် ကြာခဲ့ပြီ မောင်ရေ ဆိုတော့ ခဏတဖြုတ်ဝင် ကြည့်လိုက်ရင်ကိုပဲ ဒီကနေ့ဘာဂဏန်းထွက်မလဲ မှန်းလို့ရနေပေါ့။ ကိုယ့်ဘ၀ရဲ့ အပြောင်းအလဲထဲမှာတော့ ဒီဖေ့စ်ဘုတ်ကြီးလည်း ပါခဲ့တာပေါ့လေ။ သူ့ပေါ်မှာမှ စာတွေ စရေးဖြစ်လာတာ မဟုတ်လား။ စာရေးဆရာဖြစ်ရချည်သေးရဲ့လို့လည်း မမျှော်ခဲ့ပါဘူး။ (ခုလည်း ဖြစ်မှ မဖြစ်သေးတာ)။ ပေါ်ပြူလာဖြစ်ရချည်သေးရဲ့လို့လည်း မအောင့်မေ့ပါဘူး။ အခုလုပ်နေမိတဲ့အလုပ်အပေါ်မှာ ကျေနပ်မိတာ တစ်ခုပဲ ရှိတယ်။ တွေးမိလာတာပေါ့။ အရင်ကဆို မစဉ်းမစား မတွေးမတော ထင်ရာလုပ်၊ ထင်ရာပြော မောင့်သဘောဗျ။ အစကရေးခဲ့တဲ့စာတွေနဲ့ အခုနောက်ပိုင်းရေးဖြစ်တဲ့စာတွေ ကွာလာတာလည်း ကိုယ့်ဘာသာ သတိထားမိလာတယ်။ မြင်းရိုင်းများ တစတစယဉ်လာသလိုပေါ့။ တစ်သက်လုံး အကျက်အမှတ်နဲ့ လူဖြစ်လာခဲ့တာ ခုခါမှ ဦးဏှောက်ကြီးက အတွေးအတောဘက်ကို ရောက်လာသလိုပဲ။ အသက်အရွယ်နဲ့များ ဆိုင်မလားမသိ။
         

နောက်တစ်ခုသတိထားမိပြန်တာက အပြင်လောကကြီးဟာလည်း အရင်ကနဲ့မတူ ပြောင်းလဲလာပုံတွေကိုပေါ့။ သင်္ခါရလောကကြီး လို့ ပြောကြတာ ဒါ့ကြောင့်ထင်ပါရဲ့။ ကိုယ်ကရော အရင်အတိုင်းနေလို့လား။ ရက်စွဲနဲ့ ဓါတ်ပုံအဟောင်းတွေ ပြန်ကြည့်လိုက်ရင် သံဝေဂရစရာကြီး။ ကိုယ့်ထက်ပိုပြီး သံဝေဂရတဲ့သူတွေကငတာ့ မင်္ဂလာဆောင်ဓါတ်ပုံတွေ တင်လိုက်ကြ၊ ဟိုစတေးတပ်ကလေးပြင်လိုက်ကြနဲ့ မောင်အရင်လို မဟုတ်တော့ဘူးလို့ လူသိရှင်ကြား ၀င့်ဝါကြတယ်။ ဒါဆိုရင် နိုင်ငံတော်ကြီးကရော မပြောင်းလဲပဲ အရင်အတိုင်းရှိနေမယ်လို့ လှေနံဓါးထစ် မှတ်ထားတာ ဟုတ်ချင်မှ ဟုတ်မှာပေါ့နော်။ တစ်သက်လုံးခွတိုက်ပြီး အပုပ်ချလာခဲ့တာ အခုကောင်းလာပြီ။ နင် မသိချင်ယောင်ဆောင်ပြီး ပါးစပ်ကြီးပိတ်နေတာလား လို့ ဆိုနေပါဦးမယ်။ အရင်ကလည်း အပုပ်ချချင်လို့ မကောင်းကြောင်းရှာရေးနေခဲ့တာမဟုတ်၊ သူများမြှောက်ပေးလို့ ရေးခဲ့တာမဟုတ်၊ (တကယ်တော့ အတန်တန် တားကြပါတယ်) ကိုယ့်စိတ်ထဲမှာ ခံစားလာရတဲ့အတိုင်း၊ တွေးမိတဲ့အတိုင်း မျှဝေရေးလိုက်တာပဲ။ အခုလည်း ရင်ထဲမှာ ခံစားလာရရင် ရေးမှာပေါ့။ သုမနကျောမှာ ဒဏ်ရာတွေမှ မကျက်သေးပဲနဲ့။ ချောင်ပိတ်ရိုက်လို့ဝမှ ထန်းလျက်ခဲကလေးပြပြီး အို့ အို့ လို့ခေါ်ရင် အောင်နက်တောင် ချက်ချင်း ထွက်မလာရဲဘူးလေ။ စိုးမြတ်သူဇာကြီး အမေကြီးကားက ပထမတစ်ခေါက်ပြန်လာလို့ အယ်စတုံဂွမ်ကြီး ဖြစ်လာတဲ့အခါ စတွေ့တွေ့ချင်း ဒွေးကပြောတဲ့ စကားကလေးတစ်ခွန်းကို ပြောပြချင်ပါတယ်။ “သြော် .. သူများတွေ ပြောနေသလောက်ကြီးလဲ မဆိုးသေးပါဘူးနော့..”တဲ့။ ၀တာကတော့ တကယ်ဝနေတာ မြင်ဖူးတယ် မဟုတ်လား။ သို့သော်လည်း အချင်းချင်းဆိုတော့ အားပေးရတာပေါ့အေ။ နောက်တော့လည်း ပိန်သွားတာပဲ ဟုတ်တယ်ဟုတ်။ အခုလည်းပဲ ကျုပ်တို့အစိုးရကြီးကို နဖူးတွေ့ ဒူးတွေ့ တွေ့မိရင် နှုတ်ဆက်ချင်တာကတော့ ”သြော် .. သူများတွေ ပြောနေသလောက်ကြီးလည်း မဆိုးသေးပါဘူး နော့…” လို့။
            


ဘာပဲပြောပြော ပြောင်းလဲမှုဖြစ်စဉ်ကြီးထဲမှာ သူတို့လည်း ဘာသားနဲ့ထုထားတာမို့လို့ ထာဝစဉ်တည်မြဲနေမလဲ။ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်မှ ရှင်သန်ကျန်ရစ်တယ်ဆိုတာ ကမ္ဘာဦးအစကတည်းက နိယာမပဲဟာ။ လူတွေကတော့ ဒီလူတွေပဲ။ ဒါပေမယ့် အရင်ကနဲ့မတူတော့ဘူး မဟုတ်လား။ တကယ်ပြောင်းလဲတာ ဟုတ်မဟုတ်ဆိုတာ သူတို့အပေါ်မှာ မတည်ပါဘူး။ ပြည်သူတွေ အားလုံးအပေါ်မှာပဲ တည်ပါတယ်။ ပြည်သူတွေကိုယ်တိုင်က တကယ်ပြောင်းလဲမှ သူတို့လည်းပဲ သူတို့ရှင်သန်နေထိုင်ရေးအတွက် လိုက်ပြီး ပြောင်းလဲယူကြမှာပေါ့။ အခုမှ ခက်တော့တာပါပဲဗျာ။ ပြည်သူတွေက မပြောင်းလဲသေးဘူးဗျ။ အရင်သောက်ကျင့်တွေ အတိုင်းပဲရှိသေးတယ်။ ကလေးဘ၀တုန်းက သင်္ကြန်သံချပ်တွေထဲမှာ မောင်ကြေးမုံတို့ အော်ခဲ့တဲ့ ခြင်းကြီးထဲက ကြက်တွေလိုပဲဆိုတာ အခု အနှစ်လေးဆယ်ပြည့်တော့မယ်။ ဒီအတိုင်းပဲရှိသေးတာ။ ဟောရင်းမတ်တပ်က ပျံတော်မူခဲ့တဲ့ ဘုန်းကြီးတွေလည်း မနည်းတော့ဘူး။ “လိမ္မာရစ်ကြပါ” ဆိုတာ ဥိးဝိစာရကတည်းက မှာသွားခဲ့တာမဟုတ်လား။ လူလိမ္မာလုပ်ကြပါလို့ အနက်ပြန်ထားကြသလားမသိ။ တို့ကတော့ တို့ကတော့ နဲ့ သိုးမည်းဟောင်းကြီးတွေ ဘ၀က မကျွတ်သေးဘူး။
             


ဘာလို့ မပြောင်းလဲရမတုန်း မောင်ရာ၊ အရင်ကလို ထီးဖုန်းအောက်ကနေ “ရင်ထဲကို အေးမြသွားမယ် ရေခဲရေ။ သောက်မလားကို့” ဆိုတဲ့အသံနဲ့အပြိုင် ကျူတဲ့အစားမျိုးမဟုတ်တော့ဘူး။ ဘတ်စကားပေါ် ဟန်းဖုန်းပြောရင် ဟိုလူကြည့်ဒီလူကြည့် အကြည့်မခံရတော့ဘူး။ ၀တ်ထားစားထားတာကအစ လန်ထွက်နေတယ် မဟုတ်လား။ ဆံပင်တွေတောင် ဆေးဆိုးပြီး နားပေါက်တွေဖောက်ထားတာ မမြင်ဘူးလား။ အရင်အတိုင်းပဲလို့ လာမပြောပါနဲ့ သနားတယ်လို့ ဆိုချင်ဆိုမယ်။ ဟုတ်ပါတယ်။ လူတစ်ကိုယ်လုံးပြောင်းလဲသွားတာကတော့ တသွေးတမွေးကိုဖြစ်လို့။ မှတ်မိချင်မှတောင် မှတ်မိမယ်။ မပြောင်းလဲတာက စိတ်ဓါတ်နဲ့ အကျင့်တွေ။ သွားလေသူကြီးတွေဟာ လူထုဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးဆိုတာကို သိပ်အလေးထားကြပါတယ်။ သူတို့ မေ့နေကြတာက လူမှုကျင့်ဝတ်နဲ့ စိတ်ဓါတ်မြှင့်တင်ရေးဆိုတာ ဘာမှန်းသိအောင် လေ့ကျင့်မပေးခဲ့ဘူး။ ခုချိန်အထိ မြန်မာပြည်မှာ လူတစ်ယောက်ကို အဆင့်အတန်းခွဲခြားမယ်ဆိုရင် သူစီးတဲ့ကား၊ သူနေတဲ့အိမ်၊ သူ့မိဘဘာလုပ်သလဲ ဆိုတာနဲ့ပဲ တန်ဖိုးဖြတ်ကြတယ်။ သူ့အနေအထိုင်၊ အကျင့်စာရိတ္တ၊ စိတ်နေသဘောထား ဆိုတာတွေက တစ်ပြားမှ တန်ကြေးမရှိဘူး။ လူရိုးဆိုတာ သင်းချိုင်းမှာတောင် မရှိတော့ဘူး။ ကြံတောနေရာက ပွဲစားတန်းမှာ သွားကြည့်။ အကိုရေ ဘာကားရိုက်ချင်သလဲ ပြော။ အောက်ကားလား အထက်ကားလား။ ဘယ်လောက်သုံးမှာလဲ နဲ့ သွက်သွက်လည်သွားမယ်။
          


နိုင်ငံတစ်နိုင်ငံက လူတွေရဲ့ အဆင့်အတန်းကို အကဲဖြတ်တဲ့အခါမှာ စောစောကပြောတဲ့ ပဲလည်းလှော်မရ သဲလည်းကော်မရတဲ့ နတ်အိုးကွဲလို တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်လို့မှ နှစ်ပြားထွက်မလာတဲ့ စိတ်နေစိတ်ထား၊ စာရိတ္တ၊ ဓလေ့စရိုက်ဆိုတာတွေက စကားပြောလာပါတယ်။ ဥပမာတစ်ခု ပြောပြပါ့မယ်။ လူမျိုးရေးတွေ ပါလာတယ်ထင်ရင် ခွင့်လွှတ်ကြပါ။ ရည်ရွယ်ချက်က အဲဒီမှာ မရှိပါဘူး။ ကာလကတ္တားဟာ ကမ္ဘာမှာ လူဦးရေ အသိပ်သည်းဆုံး မြို့ကြီးတွေထဲမှာ အင်္ဂလိပ်ခေတ်ကတည်းက ဗိုလ်စွဲထားပါတယ်။ အိန္ဒိယဟာလည်း ကမ္ဘာပေါ်မှာ ရှေးအကျဆုံး မြို့ပြနိုင်ငံတွေထဲမှာ မဇ္ဖိမတိုင်းရယ်လို့ အစဉ်အလာကြီးမားခဲ့တာပါ။ အခုလည်း အာရှတိုက်မှာ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံပါတဲ့။ ကာလကတ္တားက ဘင်္ဂါလီသားများရဲ့သဘာဝကတော့ ရောက်ဖူးသူတွေကို မေးကြည့်ကြပါ။ ကျွန်တော်ပြောတဲ့အတိုင်း ဟုတ်မဟုတ်။ ကာလကတ္တားမှာ အင်္ဂလိပ်လိုပြောပြီး အငှားကားစီးလို့မရပါဘူး။ ဒရိုင်ဘာတွေ အင်္ဂလိပ်လို မတတ်လို့ မဟုတ်။ အဂ်လိပ်လိုပြောတတ်တဲ့ ဒရိုင်ဘာတွေဆို ပို ကြောက်ရလို့ပါ။ သွားရမယ့်လိပ်စာကို ကဒ်ပြားကြီးနဲ့ပေးလိုက်ပြီး ပိုက်ဆံအရွက်လိုက်ထောင်ပြ ဒီဈေးနဲ့နော်လို့ ဘယ်လိုပဲ ပြောထားပြောထား။ ဟိုတွေ ဒီတွေ ထင်သလို လျှောက်မောင်း လမ်းမှားတယ် လမ်းပိတ်တယ် ထင်သလိုပြောပြီး သုံးလေးဆထပ်တောင်းတာ ထုံးစံပါ။ တစ်ခါလည်းမဟုတ်။ နှစ်ခါလည်းမဟုတ်၊ ကိုယ်တစ်ယောက်တည်း ကြုံရတာလည်းမဟုတ်။ နောက်ပိတ်ဆုံး လေဆိပ်ကနေ ဘောက်ချာနဲ့ဖြတ်ပေးတဲ့ ကြိုတင်ပေးအငှားကားတွေ စီးတာတောင်မှ ဘောက်ဆူးမပေးရင် အထုပ်မပေးဘူး ဆိုတဲ့သူတွေနဲ့ချည့် တွေ့ရပါတယ်။ ဟိုတယ်က ကုလားစကားပြောတတ်တဲ့လူနဲ့ ကားငှားစီးလည်း လွတ်မယ်မထင်နဲ့။ ငါးဆယ်ပေးရတယ်ဆိုတဲ့ကားဟာ လမ်းရောက်ရင် နှစ်ရာဖြစ်သွားရော။  မက်ထရိုစီးတတ်သွားတော့ အဲဒါ လေးကျပ်ပဲ တန်တဲ့ခရိး။ ပိုတောင်မြန်သေးတာ။ လေဆိပ်ကငွေလဲတဲ့ဆိုင်နဲ့ မြို့ထဲကဆိုင်တွေကလည်း ရူပီးသုံးရာလောက် ဈေးကွာပါတယ်။ မြို့ထဲမှာလည်း လဲနေကြဆိုင်မဟုတ်ရင် သေသေချာချာ ဈေးမေးပြီးလဲလေမှ။ မဟုတ်ရင် နောက်ကျောက ၀ှိုက်ဘုတ်ပေါ်မှာ ရေးထားတဲ့ဈေးနဲ့ သုံးရာလောက် ကွာပြန်တာပဲ။ အဲဒါ ရောင်းဈေး ၀ယ်ဈေးမဟုတ်ဘူး လို့ ပြောင်ငြင်းပါတယ်။ တကယ်တော့ ဇယားကွက်မှာ နေ့စွဲရော ၀ယ်ဈေးရော၊ ရောင်းဈေးပါ အကြွေဈေးပါမကန် ရေးထားပြီးသား။ ဒါမျိုးလာကျောလို့ ဘာရမလဲဆိုတဲ့စိတ်ဓါတ်နဲ့တော့ မလာလေနဲ့။ တနေကုန် တွေ့သမျှလူနဲ့ ရန်ဖြစ်နေရလို့ ထမင်းတောင် စားရလိမ့်မယ် မဟုတ်။ ရန်ကုန်က ကားစပါယ်ယာတွေ အကြွေပြန်မအမ်းတာလောက်ကတော့ သူတို့ဆီက တို့များရိုးရာ တို့ရိုးရာပဲ။ နေ့တိုင်းစားနေကျ ထမင်းဆိုင်တောင် ဘောက်ချာထဲကအတိုင်းပေးပြီး ဘောက်ဆူးမပေးရင် ရေခွက် ၊ ခက်ရင်းလာချမပေးဘူး။ ခေါ်ရင် မကြားချင်ယောင်ဆောင်မယ်။ လူတဘက်သားပြောရမယ်ဆိုရင် ရစရာမရှိဘူး။ အတုံးလိုက်အတစ်လိုက် လို့ မထင်ပါနဲ့။ ပြောချင်တာက အဲဒီစိတ်ဓါတ်အဆင့်အတန်းမျိုး မြန်မာတွေမှာ ရှိလာရင် ဘယ်လောက်ရှက်စရာကောင်းသလဲဆိုတာ သတိပြုမိစေချင်လို့ပါ။ နီးတော့ နီးစပ်လာပြိလား မသိပါဘူး။ အဲဒါ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား စိတ်ဓါတ်လို့ခေါ်ပါတယ်။ နောက်တခါ အကြောင်းကြုံကြိုက်လို့ သူများက ကိုယ့်ကို အဲသလို မှတ်ချက်ပေးလာရင် ဆဲတာထက် နာလိုက်ကြပါနော်။ ( ငါကချည့်ပဲ ဦးအောင် မှတ်ချက်ပေးပလိုက်မယ် လို့လည်း မှတ်မနေနဲ့။ အဲဒါ အတူတူပဲ) နို့ အခု အဲဒီစိတ်က ကျုပ်တို့ဆီမှာ ရှိနေလို့လား လို့ မေးရင်တော့ ဒွေးပြောသလို “သြော် .. သူများတွေ ပြောသလောက်ကြီးလည်း မဆိုးသေးပါဘူး နော့ …” ပေါ့။
            


တကယ်တော့ ကိုယ်ကိုယ်တိုင်ကလည်း အဆင့်မြင့်မြင့် ကြယ်ငါးပွင့်ဟော်တယ်ကြီးတွေမှာ တည်းပြီး လီမူစင်းကားကြီးတွေ ငှားမစီးနိုင်တဲ့ အစားမို့လို့ပါ။ ကာလကတ္တားမှာလည်း မွန်မွန်ရည်ရည် အထက်တန်းကျကျ လူယဉ်ကျေး ပညာတတ်တွေ ပေါလွန်လွန်းလို့။ ကိုယ်က နောက်ဖေးလမ်းကြား လမ်းသလားတော့ ခွေးချေးနင်းမိတာ ဘာဆန်းသလဲ။ သူတို့ဆီမှာတော့ ရဲရဲသာနင်းပစ်လိုက် လူချေးမှ လူချေး လို့ တစ်ခါ ပြောခဲ့ဖူးပြီရော။ အခုပြောတာက မြန်မာတွေခွေးချေးမဖြစ်ဖို့ အဲဒါကြီးတွေက ရွံစရာကြီးတွေ အော့အော့ကျိကျိ လို့ ဥပမာပေးတာပါ။ သူများကို စော်ကားသလိုဖြစ်ရင် ကန်တော့ပါသေးရဲ့။ အဲ ခုမှ ပိုဆိုးသွားပြီ။ ကန်တော့ ကန်တော့။ ဒီမှာ အဲဒါမျိုးရှိမရှိ လေဆိပ်ကနေ၊ အောင်မင်္ဂလာကနေ ကားငှားစီးဖူးရင် သိကြလိမ့်မယ်။ အဲဒါကြွားစရာမဟုတ်ဘူး။ (ကိုယ့်ဂိုးတော့ ကိုယ် အသေကာရတာပ)
          


ပေါက်ကရရှစ်ဆယ်စာတွေ လျှောက်ရေးတဲ့အခါ တချို့သူတွေက လူမျိုးရေးခွဲခြားလွန်းတယ်။ ကျဉ်းမြောင်းတဲ့ အမြင်ရှိတယ် လို့ မှတ်ချက်ပေးပါတယ်။ တော်တော် စိတ်မကောင်းမိပါဘူး။ ကိုယ်အပြောခံရလို့ မဟုတ်ပါ။ ကိုယ်ရေးတဲ့စာကြောင့် တဘက်သားမှာ အမျိုးနဲ့ချီ နာသွားရလို့ စိတ်မကောင်းတာပါ။ အခါခါပြောခဲ့သလိုပဲ ပုဂ္ဂိုလ်ရေးမရည်ရွယ်တဲ့စာမို့ တရားကိုယ်သဘောကို မြင်အောင် ကြည့်စေချင်ပါတယ်။ ကာလကတ္တားသားတွေအပေါ်မြင်တဲ့ အမြင်ဟာ ကျွန်တော်တစ်ယောက်တည်း အဲဒီလို မြင်တာ မဟုတ်ပါဘူး။ A Passage to India ဆိုတဲ့ ကမ္ဘာကျော်ဝတ္ထုကြီးကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ကြည့်ဖူးပါတယ်။ (နည်းနည်းလောက် လျှာရှည်လိုက်ဦးမယ်နော်။ မကြည့်ဖူးသေးတဲ့သူတွေ နားမလည်မှာစိုးလို့) စေ့စပ်ထားတဲ့ အင်္ဂလိပ်စစ်ဗိုလ်ကလေးရှိရာ အိန္ဒိယကို ယောက္ခမလောင်းနဲ့အတူ အလည်လိုက်သွားတဲ့ မိန်းမပျိုကလေးဟာ ရှေးကျလှတဲ့ အိန္ဒိယရိုးရာ အံဖွယ်အဆန်းတကျယ်တွေကို စိတ်ဝင်စားမိလို့ လမ်းပြစကားပြန်လုပ်ပေးတဲ့ ဘင်္ဂါလီဆရာဝန်ကလေးနဲ့ မြောက်ပိုင်းဒေသက ကျောက်ဂူကြီးတွေကို လိုက်လေ့လာပါသတဲ့။ အဘွားကြီးက ဥိးဆောင်တာကို အဖော်လိုက်ရတာဖြစ်ပေမယ့် တစ်နေ့တော့ နေမကောင်းလို့ မလိုက်နိုင်တဲ့ အဘွားကြီးမပါပဲ ရင်းနှီးစပြုနေတဲ့ အဲဒီသူငယ်နဲ့ တောင်ပေါ်ကဂူတွေထဲ အလည်လိုက်သွားမိပါရော။ အပူရှိန်ပြင်းလွန်းလို့ မူးရိပ်ရိပ်ဖြစ်လာလို့ ဂူထဲမှာ မျက်စိတွေ ပြာလာခိုက်မှာ ဘသားချောက အမုန်းဆွဲပလိုက်တာ ခမျာမှာ ဆေးရုံရောက်သွားပါလေရော။ လူသိရှင်ကြားနဲ့ မီးခိုးကြွက်လျှောက်သွားတဲ့အခါ တိုင်းသိပြည်သိ အဓိကရုဏ်းတွေပါ စလာပါတော့တယ်။ အဖြူတွေတစ်နိုင်ငံလုံး သိမ်းထားချိန်မှာ ရာရာစစ အမည်းကများ မတန်မရာဆိုပြီး ဒေါသးပုန်ထလို့ နှိမ်လိုက်နှိမ်လိုက်တာများလေ။ ကြည့်တဲ့သူတောင် မခံချင်ဘူး။ အဲဒီသူငယ်က မိန်းမနဲ့ ကလေးတွေနဲ့ ကျောင်းကလည်း မပြီးသေးတာလားမသိ။ တမိသားစုလုံး ဒုက္ခရောက်ကုန်တော့မှာမို့ သူမဟုတ်တော့သလို ရှိခိုးဦးတင် တောင်းပန်ပါတယ်။ သေချာပြန်စဉ်းစားကြည့်ပါဦးလေ။ သူမှ ဟုတ်ရဲ့လား။ လူတူတာများလား။ တို့လူမျိုးတွေက အမွှေးတထူထူ သူလိုလို ကိုယ်လိုလို ခပ်ဆင်ဆင်တွေ မဟုတ်ဘူးလားတဲ့။ တရားရုံးရောက်တော့ အမည်းရှေ့နေတွေက အဲဒီသံသယကို အတင်းနင်းပြီး သေချာလို့လားဆိုတာကိုချည့်ပဲ ဟိုလိုလှည့်မေးလိုက် ဒီလိုလှည့်မေးလိုက် မေးပါတယ်။ မူးနေတယ်ဆို။ ပြာဝေနေတယ်ဆို။ ဟုတ်ကဲ့လား ကလေးမရယ်။ စိတ်ထင်လို့ဖြစ်မှာပါ နဲ့။ ဟိုကဖြင့် ဆေးရုံတောင် ရောက်ရှာတယ်။ သူတို့က တကယ်လား အိမ်မက်လား လုပ်ကောင်းတုန်း။ စီရင်ချက်ချခါနီးကလေးမှာ ဘိုမကလေးက ဂရုဏာသက်သွားလို့လား အားနာသွားတာလားမသိ။ သိပ်တော့ မသေချာပါဘူးလေ ဆိုလိုက်တော့ အမှုက ဇောက်ထိုးဆင်းသွားပါတော့တယ်။ ဒင်းတို့ အဖြူမတွေဟာ အိနြေ္ဒကို မရဘူး။ သူတို့ဟာသူတို့ မူလကျီသွန်နီလာလုပ်ပြီးတော့ တို့အမျိုးသားတွေကို မှိုချိုးမျှစ်ချိုး စွပ်စွဲတယ်။ အခုကြည့်စမ်း ငါတို့လူမျိုး ပညာတတ်ကလေး သူတော်ကောင်းကလေး။ ကံကြီးပေလို့ပေါ့။ နို့မို့ သွားပြီ သူ့ဘ၀ ဆိုပြီး တွန်းတင်လိုက်ကြတာ နေ့ချင်းညချင်း နိုင်ငံရေးသူရဲကောင်းကြီး၊ အမျိုးသားလူစွမ်းကောင်းကြီး ဖြစ်သွားပါလေရော။ ကလေးမလေးခမျာမတော့ ဘိုတွေလောကမှာ ငါတို့အရှက်ခွဲတဲ့ မိန်းမ၊ ဒီလောက် ချည်ပြီးတုပ်ပြီး တွန်းလှဲရုံကလေး စီမံထားတာကို သေတ္တာဖောက်တဲ့ဟာမဆိုပြီး ၀ိုင်းကျဉ်ကြလို့ အိမ်မပြန်နိုင်တော့ဘူး။ တောရွာတစ်ရွာက ရေကန်ကလေးနံဘေးမှာ အရိုးထုတ်သွားရတယ်။ ဘယ်သူမှ ဆေးဖော်ကျောဘက်လုပ်မယ့်သူ မရှိဘူး။ တနေ့သောအခါမှာတော့ နိုင်ငံရေးသူရဲကောင်းကြီးမှာ အကုသိုလ်တစ္ဆေခြောက်ရှာတယ်။ အမှန်တရားဆိုတာကို ဘယ်သူသိသိ မသိသိ သူတို့နှစ်ယောက်တော့ သိထားပြီးသား။ သူလွန်ကျူးတဲ့ ပစ်မှု၊ သူလိမ်ညာလိုက်တဲ့ အကုသိုလ်ကြောင့် ဟိုခမျာဘယ်လောက် ဘ၀ပျက်သွားရသလဲဆိုတာလည်း သူ့မျက်စိရှေ့တင်လေ။ နောက်ဆုံးတော့ လိုက်သွားပြီး တောင်းပန်ရတယ်။ ဒီအခါမှာ အသက်အရွယ် တော်တော်ရနေပြီဖြစ်တဲ့ အဲဒီအမျိုးသမီးက ရန်လည်းမတွေ့ဘူး။ စိတ်လည်းမဆိုးဘူး။ အေးအေးသက်သာပဲ ပြန်ပြောပါတယ်။ အဖြစ်အပျက်ရဲ့ နောက်ပိုင်းမှာ ဘ၀ပျက်သွားတာက သူမဟုတ်ပါဘူးတဲ့။ သူက သူ့ဘ၀အစစ်အမှန်အတိုင်းပဲ ရှိနေပါတယ်တဲ့။ လိမ်ညာလိုက်ရတဲ့သူမျာသာ တကယ်အစစ်အမှန်မဟုတ်တဲ့ ဘ၀တုကြီးနဲ့ တစ်သက်လုံးဆက်နေသွားရတာပါတဲ့။ ကြည့်ထားမိတာ ဆယ်နှစ်လောက်ကြာပြီမို့ လုံးစေ့ပတ်စေ့တော့ မမှတ်မိတော့ပါဘူး။ ရင်ထဲကိုတော့ တော်တော်ကလေးထိသွားတဲ့ ကားတစ်ကားပါ။
          


လောကကြီးဟာ မာယာတွေက အများသားပါလေ။ မျက်စိနဲ့ တပ်အပ်တွေ့လို့လည်း ယုံရတာမဟုတ်၊ နားနဲ့ဆတ်ဆတ်ကြားလို့လည်း စိတ်ချရတာမဟုတ်လို့ မှန်တယ် မမှန်တယ်ဆိုတာ ပါးစပ်ကပြောနေတဲ့ လက်က လုပ်ပြနေတဲ့အတိုင်း ယူဆလို့ ရတာမှ မဟုတ်ပဲ။ သူများကို လိမ်ညာလှည့်ဖြားပြီး ဟန်ဆောင်ထားတဲ့သူဟာ မဖုံးနိုင်လို့ ကုန်းကုန်းကြီး ဖြစ်တဲ့အခါ ပေါ်ချင်ပေါ်၊ မပေါ်လည်းပဲ သူတစ်သက်လုံး ဘ၀အတုကြီးနဲ့ ဟန်လုပ်နေရတော့မှာပေါ့။ ကိုယ့်ကိုယ်ကိုယ်သာ အသိဆုံးမဟုတ်လား။ ကိုယ့်ကိုယ်ကိုယ်မသိရင်ရော ဘာဖြစ်မလဲ။ အဲဒါ မောဟလို့ခေါ်တယ်လေ။ ဘာကိုမှ မမြင်နိုင်တော့ဘူး။ အမိုက်တိုက်ကြီး ဖုံးသလိုပဲတဲ့။ သံသရာမှာ လမ်းပျောက်ပြီး မျက်ကန်းခရီးသည်ဖြစ်ရတာ အဲဒိမောဟကြောင့်ပေါ့ကွယ်။ လောဘဆိုတာက မြင်လွယ်တယ်။ ကိုယ့်ဘာသာရော ဘေးလူကရောသိနိုင်တယ်။ ဒေါသလည်း ထိုနည်းလည်းကောင်းပဲ။ မောဟကတော့ ပညာမျက်စိနဲ့မှ မြင်နိုင်သတဲ့။ အဲဒါ ဘုရားဟောတွေလေ။ အုန်းကျွန်းတစ်လုံးမှ မပါဘူး။ ငါတော့ ဟောရင်းဟောရင်း ဘုန်းကြီးကျောင်းနဲ့တော့ တော်တော်နီးလာပြီ။ ဘုရား ဘုရား။ မဟနကြီးနဲ့တွေ့ရင် ကြောက်စရာ။ သြော် … သူများတွေ ပြောနေကြသလောက်တော့ ဆိုးမယ်မထင်ပါဘူးနော့။



ကဲ .. လာပြီဗျာ။ တရားသိမ်းကြရအောင် လိုက်ဆိုလိုက်စမ်းပ..။ (မီးခြစ်ကလေးတွေ ထွန်းပြီး ယိမ်းကြမယ်ဗျို့… )
“ဟန်ဆောင်ကြင်နာမှုများအလယ် ပျော်ရွှင်မိုက်မဲ အိမ်မက်နေဆဲ….”


Credit to: Soe Min (Facebook)

Read more...

Sunday, January 1, 2012

New Year Resolution

1st January 2012

Burma Democratic Concern (BDC) sends the best wishes to all the people of Burma.

May all the people of Burma be happy, peaceful and auspicious in this New Year!

In this New Year, let’s us pledge again to work together making Burma a better place. Burma is facing challenges ahead and we need the concerted efforts of the all citizens of Burma to meet these challenges.

The year that has just ended was a significant year for Burma.

For the positive side, the current ruling regime initiated the dialogue with Daw Aung San Suu Kyi, amended the electoral laws paving way for NLD to re-register as the official political party, released some political prisoners, Daw Aung San Suu Kyi and NLD decided to enter the election and by-election, U Thein Sein regime suspended the controversial Ayeyarwaddy dams, negotiating peace deals with the armed groups and passing some laws allowing democratic freedom.

At the other hand, fighting between government troops and KIA is still going on in Kachin State, foreign debts are still burden of the country, Burma economy is not in good shape combining together with poverty, corruption, unemployment, inflation, and economics monopoly and cronyism are still prevailing around the nation deeply rooted. Military is the only strongest well established institution in the country which is well infiltrated deep inside the bureaucratic system of Burma. Controversially still, military personnel are automatically occupied 25% of the parliamentary seats.

Burma must work without wavering to restore democracy, human rights, and rule of law. Burma must establish the independent judiciary system so as to put a full stop on corruption, abuse of power, anyone staying above the law and anyone buying justice in Burma. We have to work our utmost to establish independent and impartial judiciary system in Burma.

Burma must make sure to never allow manipulating laws which criminalize freedom of thought, expression, association, assembly and movement. Burma must ensure amending laws which legitimize arbitrary arrests, unlawful detention, inhumane interrogation, torture, arresting without warrant, charge or trial.

Burma must work to achieve the ever lasting peace, unity in harmony and equality in diversity in Burma. Equally important is to review the controversial 2008 constitution which gives absolute power to military commander in chief which is still major concern for people of Burma.

Burma must prioritise alleviating poverty, unemployment, inflation, illiteracy and major diseases.  At the same time, Burma must work hard to end the economics monopoly and cronyism in Burma.

Burma needs financial and technological assistance from international community so as to address the immediate needs of the people and in the process of rebuilding Burma.

Flourishing Civil Society Organisations are one of the main concrete pillars protecting and strengthening a democratic system in the nation. Burma must work her utmost to flourish Civil Society Organisations (CSOs) and Community Based Organisations (CBOs) in Burma. Emergences of the new institutions are an important part of the democratisation process of Burma.

Burmese citizens must be able to practice three fundamental democratic rights i.e. freedom of association, freedom of assembly and freedom of expression. Strengthening these three main principals are the essential parts of the democratisation process of Burma. Burma must work promoting freedom of assembly, freedom of association and freedom of expression in Burma.

Burma must work at the same time thriving Student Unions, Labour Unions and Peasant Unions so that students, workers, peasants and farmers will have the platforms to voice their concerns, to protect their rights and to promote their welfares in Burma.

Independent media and right to access freedom of information are the indicators which show the degree of the democratic tolerant in any nations. Burma must work to flourish freedom of media, social media and freedom of internet and information technology in Burma.

Burma must empower every citizen with education which is the best investment for future of Burma while ensure supporting welfares of teachers, teaching carrier, teaching environment and education standard in Burma.

Burma must educate her citizens of their rights, responsibilities and necessity of taking responsibilities in order to lay the concrete democratic foundation for future generations of Burma bearing in mind that Burma has gone through nearly half the century of successive various dictatorships and military dictatorships together with armed conflicts.

Burma Democratic Concern (BDC) truly believes that it must be one of our primary tasks to educate our children with knowledge, technology and employable skills while ensures teaching humanitarian caring, humanity values and human development.

Burma must build the society of tolerance. To meet that end Burma must work to prosper the culture of dialogue, research, reasoning, question mark, freedom from fear, boosting self-confident and nurturing positive attitude in Burma.

Education starts at home and we truly believe that it is the essential part of the nation building process to educate families with parenting skills, child development and nurturing children.

Since Buddhist monasteries and Buddhist monks are essential vital part of the Burmese society and accordingly Burma must work to promote monastery education and support the welfare of the Buddhist monks.

Burma must work to ensure promoting religious freedom in Burma while Burma must have a commission which oversee the protection and promotion of (ethnics) minority rights i.e. maintaining heritage, religion, language, culture, food, writing, music and environment etc.

Burma must gradually modernize defence forces while educating them with values of professionalism and humanity.

Burma must work improving health and social care system which must be affordable and accessible to all the citizens.

Burma must improve agricultural system and must emphasise working on the development of villages, rural and border areas.

Urban population is expected to grow and Burma must work to embrace urbanization by expanding urban infrastructure, by creating jobs and improving bus and transportation services.

Responsible sustainable tourism is one of the most rewarding industries which can assist economic development in Burma. Burma must promote responsible sustainable tourism and at the same time Burma must encourage citizens to travel so as to promote understanding, knowledge and friendship between different societies residing at the different places.

Burma must gradually build industrialised economy that can generate nation’s revenues. The process of gradual economic reforms must be initiated right now. Economic growth is essential for the well being of our people. We must build the infrastructures needed to industrialize Burma.

Energy is an essential for development. Burma must work to ensure providing sufficient electricity and gas for all the citizens of Burma.

Burma must protect and work improving environment for our future generations. We must work to protect the waters, lakes, streams and rivers not to be polluted and not to be dried up while ensure protecting people from flooding and water erosion. Burma must anticipate controlling the quality of our air bearing in mind that the potential growth of urbanisation and industrialisation can increase air pollution.

Burma must protect forests, biodiversity and natural resources. Burma must work to gradually end excessive irresponsible logging, cutting forests and clearing land for agriculture. Burma must increase efforts to afforestation while Burma must work to gradually ban exporting teaks, logs, raw wood, cane, bamboo and endangered forest products in Burma.

Burma must alleviate corruption. The worst form of corruption is corruption of immigration control personnel. We must prioritise to secure our borders to deter and detect illegal immigrants’ intrusions into Burma since population affect us all.

Burma must ensure the fiscal stability and we must set up the feasible tax, banking and monetary policy in Burma. Burma must have the strategic national planning and budget distribution commission so as to effectively plan and distribute spending and future strategic national planning.

We also need gradual reforms in systems of government which would increase responsibility, accountability and transparency. This will be simultaneous and gradual evolutionary process and from time to time we must re-evaluate our reform process so as to have the best possible results to democratise Burma.

Burma must be working to decentralise her administration mechanisms and people must have the right to voice their concerns on every aspect of democratisation process.

These will be on top of Burma Democratic Concern (BDC) agenda for this year.

Burma Democratic Concern (BDC) would like to reaffirm our position that we will be keep on working:

•       to restore democracy, human rights and rule of law in Burma.

•       to release all the political prisoners.

•       to establish the independent judiciary system in Burma.

•       to achieve the ever lasting peace, unity in harmony and equality in diversity in Burma.

•       to review 2008 constitution to be acceptable for all the people of Burma.

•       to flourish Civil Society Organisations (CSOs) and Community Based Organisations (CBOs) in Burma.

•       to flourish freedom of assembly, association and expression in Burma.

•       to flourish freedom of media, social media, internet and information technology in Burma.

•       to educate citizens of their rights, responsibilities and necessity of taking responsibilities in Burma.

•       to educate humanitarian caring, humanity values and human development in Burma.

•       to educate parenting, child development and nurturing children in Burma.

•       to promote monastery education, education standard, teaching system and welfares of teachers in Burma.

•       to prosper the dialogue, research, reasoning and question mark culture in Burma.

•       to promote minority rights i.e. maintaining heritage, language, culture, food, writing, music and environment etc

•       to prosper the culture of freedom from fear, boosting self-confident and nurturing positive attitude in Burma.

•       to improve health and social care system in Burma.

•       to support the responsible sustainable tourism in Burma.

•       to support international community giving humanitarian assistance inside Burma.

•       to support international financial institutions giving development assistance inside Burma.

•       to encourage establishing the strategic national planning and budget distribution commission in Burma.

•       to set up the feasible tax, banking, fiscal and monetary policy in Burma.

•       to alleviate unemployment, poverty and inflation in Burma.

•       to put a full stop on corruption, abuse of power, anyone above the law and buying justice in Burma.

•       to end the economics monopoly and cronyism in Burma.

•       to modernize defence forces while educating them with values of professionalism and humanity.

•       to control illegal immigrants intrusions into Burma.

•       to protect environment, biodiversity, forests and natural resources in Burma.

However, we accept the fact that this reform process will take time.

We would like to thank the millions people around the world who helped us to make Burma to be the free democratic society.

Let us stand united overcoming all challenges.

Yes We Can!

We Will Win!

Happy, healthy and peaceful new year to you all!

Burma Democratic Concern (BDC)

http://www.bdcburma.org/index.asp



Burma Democratic Concern (BDC)
Registered No:6496926
Registered Address:
2nd floor,145-157
St John Street
EC1V 4PY
London
United Kingdom

Web Addresses:
http://www.bdcburma.org
http://www.bdc-burma.blogspot.com
http://www.youtube.com/user/bdcburma

Read more...

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP