Saturday, March 31, 2012

မင်္ဂလာပါ

“မင်္ဂလာပါ” လို့နှုတ်ခွန်း ဆက်သသော ယနေ့ရေဒီယိုFM မှ ထုတ်လွင့်နေသော အစီအစဉ် တင်ဆက်သူ များ၏အသံ၊  “မင်္ဂလာဆရာ ၊ မင်္ဂလာပါ ” ဆရာမ ဟူ၍ လက်အုပ်ချီကာ မူကြိုတန်း မှစ၍ အထက်တန်း အထိကြားရသော အသံ “အားလုံး မင်္ဂလာပါ ခင်ဗျာ/ရှင်” စသော စတိတ်ရှိုးပွဲမှ ကြားနေရသော အသံ၊ နေ့စဉ်လိုလို ကြားနေမြင်နေရသော ထိုမင်္ဂလာ အကြောင်းနှင့် ဆက်စပ်၍ ကျွန်မအတွေးတွေ တစ်ခုပြီး တစ်ခုဆင့်ပွား၍ တွေးနေမိသည်။


မင်္ဂလာနှင့် ပတ်သတ်၍ (၃၈)ဖြာဆိုသော မင်္ဂလာကို ကလေးအရွယ် မှစ၍ သင်ကြား ရဖူးသောကြောင့် လူတိုင်းလူတိုင်း သိကြမည်မှာ အမှန်ပင်။ ထို့အတူ မြန်မာလူမျိုးတွေမှာ အာဝါဟ ၀ိဝါဟ ထိမ်းမြား လက်ထပ်လည်း မင်္ဂလာ ၊ မွေးနေ့အလှူ ဆိုလည်း မင်္ဂလာ ၊ ဧည့်ခံတွေ့ဆုံသည့် အခမ်းအနား ဆိုလည်း မင်္ဂလာ၊ ကလေးမွေးလည်း မင်္ဂလာ ၊ ကင်ပွန်းတပ်လည်း မင်္ဂလာ ၊ အိမ်သစ်တက်လည်း မင်္ဂလာ ၊ အလှူလုပ်လည်း မင်္ဂလာ ၊ ဟိုနေရာလည်း မင်္ဂလာ ဒီနေရာလည်း မင်္ဂလာ ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထိုမင်္ဂလာဆိုသည့် အခေါ်အဝေါ်ကို သုံးနှုန်းကြပါသည်။ ဒါ့ကြောင့် ကျွန်မအတွေးမှာ မင်္ဂလာဆိုသည့် ဝေါဟာရနှင့် ပတ်သတ်၍ စဉ်းစားလိုက်တော့ မင်္ဂလာ ဆိုသည်မှာ ကောင်းကျိုး ချမ်းသာ ဟူသမျှနှင့် ပတ်သတ်သော အရာကို မင်္ဂလာလို့ သုံးနှုန်းခေါ်ဝေါ် ကြသည်လို့ အဓိပါယ် ဖွင့်ဆိုလိုက်ပါတယ်။

ဒီလို ကောင်းကျိုးချမ်းသာ နှင့် ပြည့်စုံစေခြင်းလို့ အဓိပါယ် ဖွင့်ခဲ့တဲ့ မင်္ဂလာဆိုသော စကားကို ကျွန်မတို့ ငယ်စဉ်ကလေး ဘ၀၌ မူလတန်း မှစ၍ ဆရာ ဆရာမ များကို မင်္ဂလာပါဟု ကြိုဆိုနှုတ်ခွန်း ဆက်သခြင်းဖြင့် ရင်းနှီးကျွမ်းဝင် ခဲ့ကြပြီး ဖြစ်ပါသည်။ သူငယ်တန်း မြန်မာဖတ်စာ သင်ပုန်း ထဲတွင်ပင် “မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းကိုဆင်၊ မင်္ဂလာပါ ဆရာမ၊ ညီညီညာညာ နှုတ်ဆက်ကြ ” လို့သူငယ်တန်း သင်ခန်းစာ ထဲမှာပင် ပြဌာန်းထား၍ သင်ကြားခဲ့ ရလေသည်။ ထို့ကြောင့် ဂါရ၀ တရားနှင့်လည်း ပြည့်စုံသော “မင်္ဂလာပါ” ဆိုသော စကားစုသည် ဆရာနှင့် တပည့်တွေ့လျှင် “မင်္ဂလာပါ ဆရာ၊ မင်္ဂလာပါ ဆရာမ” ဟူ၍ လက်အုပ်ချီကာ နှုတ်ခွန်းကြိုဆို စကားအဖြစ် မြန်မာလူမျိုးများသည် ကျောင်း၌တွင်လည်း ယဉ်ကျေးမှု တစ်ခုအနေနှင့် ယနေ့အထိတိုင် သုံးနှုန်းနေ ကြပါသည်။

ထိုယဉ်ကျေး လိမ္မာ၍ နားဝင်ချိုခါ ဂါရ၀ တရားနှင့် ပြည့်စုံသော နှုတ်ခွန်းဆက် “မင်္ဂလာပါ” ဆိုသော စကားစုသည် ဆရာနှင့်တပည့် တွေ့လျှင်သာ သုံးနှုန်းမှု များပြားပြီး အပြင်လောကတွင် မိဘနှင့်သားသမီး ၊ ညီအစ်ကို မောင်နှမ ၊ ဆွေမျိုးသားခြင်း ၊ သူငယ်ချင်း မိတ်ဆွေ၊ သူဌေးနှင့်ဝန်ထမ်း ၊ စသည်ဖြင့် အလွှာစုံ အတန်းစုံမှ လူပုဂ္ဂိုလ် အချင်းချင်း တစ်ဦးနှင့်တစ်ဦး တွေ့ဆုံလျှင် လောက၀တ်ပြု စကားအဖြစ် သုံးနှုန်းမှုမှာ အင်မတန် နည်းပါးသည်ဟု ကျွန်မထင်မြင် မိပါသည်။

အလွန်ယဉ်ကျေး ပါသည်ဆိုသော ယနေ့ဖွံ့ဖြိုး တိုးတက်လာသော မြန်မာနိုင်ငံမှ မြန်မာလူမျိုးများသည် အချင်းချင်း မျက်လုံးချင်း ဆုံမိလျှင်ပင် ထိုဂါရ၀ တရားနှင့် ပြည့်စုံသော “မင်္ဂလာပါ” နှင့် “ကျေးဇူးတင်ပါတယ်” ဆိုသော စကားစုကို သုံးနှုန်းပြောဆိုရန် အလွန်တွန့်တို၍ နှုတ်လေးနေ တတ်ကြသည် ကိုလည်းတွေ့မြင် နေရပါတယ်။


မြန်မာများသည် လမ်း၌ တစ်ယောက်နှင့် တစ်ယောက် ခလုတ်တိုက်ဟန်လွဲ တွေ့လျှင်ပင် လောက၀တ် ပြူငှာသော စကားမှာ “နေကောင်းလား” ၊ “စားပြီးပြီလား” ၊ “ဘယ်သွားမလို့လဲ” ၊ “ဘယ်ကပြန် လာသလဲ” ဟူသော အကျိုးမရှိသော စကားများဖြင့်သာ လောက၀တ် စကားများသုံး၍ နှုတ်ခွန်းဆက်ကြသူ များလေသည်။ ထိုကဲ့သို့ အကျိုးမရှိသော စကားများဖြင့် သူများအရေးကို ပိုစိတ်ဝင်စားသည့် စပ်စုလွန်းသည့် အဓိပါယ်ပါသော စကားစု များဖြင့်သာ အစချီ၍ အချင်းချင်း အသိအမှတ်ပြု နှုတ်ဆက်ကြသည်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံပဲ ရှိသည်ဟု ထင်မြင်မိပါသည်။


ထိုအသုံးအနှုန်း အချင်းအရာကို ကြည့်ခြင်းအားဖြင့် မြန်မာအများစုသည် ယခင်ကတည်းက အလွန့်အလွန် သူများအရေးကို စပ်စုလွန်းတတ်သော လူမျိုးပင် ဖြစ်သည်ဟု ကောက်ချက်ချ နိုင်ပါသည်။ ကျေးလက်တောရွာ များတွင်သာမက မြို့ကြီးများတွင်ပင် အချင်းချင်း တွေ့ဆုံကြလျှင်လည်း “ ညည်း..ဟိုသတင်း ကြားပြီးပြီလား ၊ ဟိုကောင်မကတော့ ဘယ်လို ဘယ်ပုံ၊ ဟိုအိမ်ကတော့ ဘယ်လို ” စသည်ဖြင့် လူအချင်းချင်းတွေ့လျှင် ရေအိုးခေါင်းပေါ်မှ ချ၍သော် လည်းကောင်း ၊ ဈေးခြင်းတောင်း အောက်ချ၍ သော်လည်းကောင်း ပိုက်ဆံအိတ် ချိုင်းကြားညှပ်၍ သော်လည်းကောင်း ၊ တစ်ယောက်နှင့် တစ်ယောက် မကောင်းသော အတင်းသဘောဖြင့်သာ အစချီ၍ စတင်နှုတ်ဆက်မှု ပြုကြလေသည်။

ထို့ကြောင့် ကိုယ့်အရေးထက် သူများအရေးကို ပို၍စိတ်ဝင်စားပြီး သဏ္ဍာန်လုပ်၍ ဟန်လုပ်ခါ နှုတ်ဆက်က၀တ် ပြုမူကြသည်မှာ မြန်မာလူမျိုးများသာ ဖြစ်လေသည်ဟု ကောက်ချက် ချမိပါသည်။ သို့ဆိုလျှင် လမ်း၌တစ်ဦး နှင့်တစ်ဦး တွေ့ဆုံလျှင် မင်္ဂလာပါ ဟုကြိုဆို နှုတ်ခွန်းဆက်မိလျှင် ထိုသူတို့အား ဒီကောင်လေး ကြောင်သွားသလိုလို ၊ ဒီကောင်မလေး ဂေါက်သွားသလိုလိုဖြင့် လူတိုင်း ပြုံးစိစိဖြင့် လှည့်ကြည့်တတ် ကြသည်ကိုလည်း တွေ့ရတတ်ပါသည်။

ယနေ့တိုးတက်လာသော မြန်မာများကြားတွင် သုံးနှုန်းလာသော “မင်္ဂလာပါ” ဆိုသော လောက၀တ်ပြုသော စကားစုသည် ၀န်ဆောင်မှု အလွန်ကောင်းသော လုပ်ငန်းများတွင် လည်းကောင်း၊ စတိတ်ရှိုး စင်ပေါ်တွင်လည်းကောင်း ၊ နေ့စဉ်ထုတ် လွှင့်နေသော ရေဒီယို အက်ဖ်အမ် များတွင်လည်းကောင်း၊ တီဗွီအစီအစဉ် များတွင်လည်းကောင်း ၊ ယနေ့ လူနည်းစုဖြစ်သော အွန်လိုင်းသုံးသော လူငယ်များတွင် လည်းကောင်း နှုတ်ဆက်ပြော ဆိုသည်များ ကြားလာရပါသည်။ ထိုသို့နှုတ်ဆက်တတ်သော အနည်းစုသော လူငယ်များအား အင်မတန် ချီးကျူးထိုက်ပါသည်။

သူများအရေးအား စိတ်ဝင်စားသည့် စပ်စုလွန်းသော အကျိုးမရှိသော လောက၀တ် ပြုသော စကားများအစား “မင်္ဂလာပါ” ဟုပြောင်းလဲ သုံးနှုန်းလျှင် ဂါရ၀ တရားနှင့် ပိုမို၍ ပြည့်စုံစေပြီး နားဝင်ချိုကာ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံစေသည် မဟုတ်ပါလော။ ထို့နောက်တွင်သာ မိမိပြောလိုရာ စကားအား ဆက်လက်ပြောဆိုလျှင် အလွန်ပဲ သင့်မြတ်လှသည် မဟုတ်ပါလား။

ဥရောပလို အနောက်နိုင်ငံ များမှာတောင် မိဘနှင့် သားသမီးကြား၊ သူငယ်ချင်း မိတ်ဆွေများကြား၊ သူဌေးနှင့် ၀န်ထမ်းကြား၊ ဈေးဝယ်သူနှင့် ဈေးရောင်းသူကြား ၊ စသည့်အလွှာစုံမှ လူများသည် အချင်းချင်း တွေ့ဆုံလျှင်ဖြစ်စေ ၊ မျက်လုံးချင်း စုံမိလျှင် ဖြစ်စေ ကျေးမှုအရ Good Morning , Good Afternoon , Good Evening ,Good Night လို့ အသိအမှတ် ပြုသော နှုတ်ခွန်းဆက်စကား တွေရှိတာ သူတို့နိုင်ငံရဲ့ ချစ်စရာ ယဉ်ကျေးမှု တစ်ခုပါပဲ။ လူတစ်ယောက် နဲ့တစ်ယောက် မျက်လုံးချင်း ဆုံမိကြပြီး ရင်းနှီးမှု မရှိသော်လည်း ကောင်းသောနေ့ကို အစွဲပြု၍ ရင်းနှီးစွာ နှုတ်ဆက်ကြ သည်ကိုလည်း ကြုံဖူးခဲ့ တွေ့ဖူးခဲ့ ကြမှာပါ။ ဒါသည်ပင် သူတို့နိုင်ငံဧ။် လူသားအချင်းချင်း အသိအမှတ်ပြုတဲ့ ယဉ်ကျေးမှု တစ်ခုပင် မဟုတ်ပါလား။

ဟိန္ဒူဘာသာ ၀င်တွေလည်း တစ်ယောက်နဲ့ တစ်ယောက်တွေ့လို့ နှုတ်ဆက်ရင် လက်အုပ်ကလေး ချီရင်း (နာမ္မစတေး) လို့ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ကြပါတယ်။ ယနေ့ ခေတ်စားလာသော ကိုရီးယား ရုပ်ရှင်ကားတွေ မြန်မာနိုင်ငံမှာ လွမ်းမိုးလာ မှုအရ သတိထားမိသည်မှာ ၄င်းတို့တွင် အချင်းချင်း သိသည်ဖြစ်စေ မသိသည် ဖြစ်စေ တွေ့ဆုံကြလျှင် ခေါင်းလေးငုံ ခါးကိုကိုင်း၍ (အမ်ညော်ကဆာရော ) ဟုနှုတ်ဆက် ကြသည်ကို တွေ့ရပါသည်။ နိုင်ငံတစ်ကာတွင် တစ်ဖက်လူအား အသိအမှတ်ပြုသည့် နှုတ်ခွန်းဆက်သခြင်းကို သူတို့လူမျိုးရဲ့ ယဉ်ကျေးမှု တစ်ခုလို့ သတ်မှတ်ထား ကြပါတယ်။ ဤသည်မှာ အတုယူဖွယ် ပင်ဖြစ်ပါသည်။

တိုးတက်နေပြီးသော နိုင်ငံများတွင် မိဘနှင့် သားသမီး များအကြားတွင် မိုးလင်းအိပ်ရာထ မှစ၍ မိုးချုပ်အိပ်ယာဝင် သည်အထိ နှုတ်ဆက်မင်္ဂလာ ပြုကြသည်မှာ ချစ်စရာ ပင်ဖြစ်လေသည်။ ဂွတ်မောနင်း ဒက်ဒီ (အင်္ဂလိပ်) ၊ ကျောင်ဝ်စန့်ဟောင်ဝ် မာမား ၊ ၀မ်အမ်း ပါ့ပါ (တရုတ်) စသည်ဖြင့် ဘာသာစကား မျိုးစုံဖြင့် ကိုယ့်နိုင်ငံ ၊ကိုယ့်လူမျိုး ၊ကိုယ့်ယဉ်ကျေးမှု ကိုလိုက်၍ အနောက်နိုင်ငံ များနှင့်တကွ အာရှနိုင်ငံ များတွင် မိသားစု အချင်းချင်း၊ လူအချင်းချင်း နှုတ်ဆက်ကြပါသည်။ သူ့နိုင်ငံနှင့် သူ့လူမျိုးအလိုက် လက်အုပ်ချီ၍ သော်လည်းကောင်း ခါးကိုင်းညွတ်၍ သော်လည်းကောင်း လက်ပြ၍ သော်လည်းကောင်း ဂါရ၀ တရားနှင့် ပြည့်စုံစွာ နှုတ်ဆက်တတ် ကြသည်မှာ လေးစားအတု ယူဖွယ်ပင်ဖြစ်သည်။

ယနေ့နိုင်ငံတကာတွင် မိုးလင်း၍ မျက်လုံးနှစ်လုံး ဖွင့်သည်မှစ၍ အိပ်စက်အနားယူ မျက်စိမှိတ်သော အချိန်ထိ ကောင်းသောနေ့ ကောင်းသောအချိန်ကို အစွဲပြု၍ အချင်းချင်း အသိအမှတ်ပြုကာ မိဘနှင့် သားသမီး များကြားမှစ၍ အလွာစုံမှ လူများသည် တစ်နေ့တာကို မင်္ဂလာစကားနှင့် အစပြု၍ မင်္ဂလာနှင့် နှုတ်ဆက်ကာ ကုန်ဆုံးစေ ကြသည်ကို တွေ့မြင်ရပါသည်။

အမှန်စင်စစ် မင်္ဂလာရှိသော ထိုမင်္ဂလာပါ ဆိုသောစကားသည် မြန်မာလူမျိုးများ၏ ပါးစပ်ဖျားပေါ်မှာ မရှိခဲ့တာ မဟုတ်ပါဘူး။ တကယ်တမ်းက အသုံးမတွင်ကျယ် ခဲ့တာပါ။ ဆရာနှင့် တပည့် တွေ့ဆုံလျှင် လက်အုပ်ကလေးချီ၍ မင်္ဂလာပါ ဟု သုံးနှုန်းလျှင် ထူးထူးဆန်းဆန်း မဖြစ်ပေမယ့် အပြင်မှာ လူအချင်းချင်း လမ်း၌တွေ့ သည့်အခါ လက်အုပ်ချီပြီး “မင်္ဂလာ”ပါဟု နှုတ်ဆက်လျှင် လူထူး၊ လူဆန်းသဖွယ် အကြည့်ခံ ရမည်မှာစိုး သောကြောင့် ရှက်ရွံ၍သာ ဖြစ်သည်ဟု ကျွန်မထင်မြင် မိပါတယ်။

ဘာသာ၊ သာသနာ၊ ထွန်းကားသော မြန်မာ့နိုင်ငံတွင် ကိုယ်ပိုင်ယဉ်ကျေးမှု မြောက်များစွာ ရှိပါသည်။ ဘုရား၊ ရဟန်း၊ သံဃာ၊ မိဘ၊ ဆရာ၊ စသော လူကြီးသူမ များ၏ရှေ့တွင် လမ်းလျှောက်လျှင် ခေါင်းငုံ့၊ ခါးညွှတ်ခါ လက်အုပ်ချီ၍ သော်လည်းကောင်း လက်ကလေး ပိုက်၍သော်လည်းကောင်း ရိုသေ၊ ယဉ်ကျေးစွာ ပြုမူကြပါသည်။ ဒါသည်လည်း မိမိတို့ မြန်မာနိုင်ငံ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှု ဖြစ်ပါသည်။

ယနေ့ခေတ်တွင် လက်အုပ်ချီ၍ ဆရာ၊ ဆရာမ များအား မင်္ဂလာပါ သုံးနှုန်းနှုတ်ဆက် သည်မှလွဲ၍ လူအချင်းချင်း တစ်ယောက်နှင့် တစ်ယောက် စတင်နှုတ်ဆက် သည့်အခါ အသုံးနည်း နေကြပါ သေးသည်ဟု ထင်ပါသည်။ တချို့ကလည်း လက်အုပ်ချီခြင်းသည် ဘုရား ရဟန်း သံဃာတော်များ ဆရာ၊ ဆရာမ များကို နှုတ်ဆက်သမှု ပြုမှသာ သုံးရသည်ဟု နားလည်မှု လွဲနေတတ်ကြ ပါသေးသည်။

ထို့ကြောင့် အသုံးတွင်ကျယ်စွာ သုံးတတ်စေရန် မည်သည့်နေရာ တွင်ဖြစ်စေ မည်သူ့ကို ဖြစ်စေ တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံလျှင် အသက်အရွယ်နှင့် ဂုဏ်ရှိန်ဂုဏ်ဝါကြီး သူဆိုပါက လက်အုပ်ချီကာ ခါးလေးကိုင်း ၍ဖြစ်စေ ၊ ရွယ်တူတန်းတူ ဆိုပါက လက်ဆွဲနှုတ်ဆက်၍ ဖြစ်စေ ၊ မင်္ဂလာပါဟု နှုတ်ခွန်းချိုချို ဆက်သခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုကို လူငယ်များအား အချင်းချင်း အဆင့်အဆင့် လက်ဆင့်ကမ်း၍ နှုတ်ဆက်တတ်ရန် သင်ကြားပြောဆို ပေးသင့်ပါသည်။

ရဟန်းသံဃာများကို သော်လည်းကောင်း၊ မိဘများကို သော်လည်းကောင်း၊ ညီအစ်ကို၊ မောင်နှမများကို သော်လည်းကောင်း၊ သူငယ်ချင်း၊ မိတ်ဆွေများကို သော်လည်းကောင်း၊ လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ၀န်ထမ်းများကို သော်လည်းကောင်း၊ အချင်းချင်း တွေ့ဆုံကြ သည့်အခါ တစ်ဖက်သူအား ရိုသေလေးစားမှုဖြင့် ရင်ဘတ်ထဲ မှနေ၍ “မင်္ဂလာပါ” ဟု လှိုက်လှိုက်လှဲလှဲ ခေါ်ဆိုနှုတ်ဆက်ခြင်းဖြင့် နေ့တစ်နေ့ရဲ့ အစပြုခြင်းကို မင်္ဂလာ ရှိစွာနှင့် စတင်ပြီး မင်္ဂလာရှိစွာနဲ့ နှုတ်ဆက်ကုန်ဆုံး နိုင်ကြပါစေလို့ ဆန္ဒပြု ရေးသားလိုက် ပါတယ်ရှင်။

တီတီဒွင်း၏ http://www.royaldreamlover.com မှ ကူးယူပါသည်။ :)

Read more...

ငြိမ်းချမ်းသောလူမှုအသိုက်အမြုံတခုဆီသို့

လူသား တစ်ယောက်ဆီတိုင်းတစ်ယောက်စီတိုင်း ငြိမ်းချမ်းရေးကိုအလိုရှိရပါတယ်။ ဒါကြောင့် ယခု အချိန်မှာ ကမ္ဘာလောကတခုလုံးရဲ့ အတောင့်တဆုံးက ငြိမ်းချမ်းရေးဆိုတာပဲလို့  ပြောမယ်ဆိုရင် ငြင်းကြမယ်မထင်ပါဘူး။ ငြိမ်းချမ်းရေးကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတယ်။

-    စစ်မက်မရှိခြင်း

-    ပဋိပက္ခမရှိခြင်း

-    တရားမျှတခြင်း

-    ပျော်ရွှင်ခြင်း

-    မျှဝေသုံးစွဲခြင်း

-    စည်းလုံးညီညွတ်ခြင်း

-    လောဘ၊ဒေါသ၊မောဟ ကင်းခြင်း ဆိုပြီးဖွင့်ဆိုသူရဲ့ လိုအပ်ချက်နဲ့ ခံယူချက် ပေါ်လိုက်ပြီး ကွဲပြား ကြပါတယ်။



ငြိမ်းချမ်းရေးလှုပ်ရှားသူ ထိုင်းဘုန်းတော်ကြီးဆရာတော်ဖရဖိုက်ဆန်ကတော့ ငြိမ်းချမ်းခြင်းဆိုတာရုပ် (Physical)၊ စိတ် (Mental)၊ဥာဏ်ပညာ(Wisdom) နဲ့ လူမှုရေး (Social)ဆိုတဲ့ လူတစ်ယောက် ကောင်းမွန်စွာရှင်သန်နိုင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများ ကျန်းမာစွာသမမျှတနေခြင်း ပါဘဲလို့ ရိုးရှင်းစွာရှင်းပြခဲ့ဖူးပါတယ်။ လူတစ်ယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရှင်သန်နေခြင်း ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ နေစရာ၊ စားစရာ၊ အ၀တ်အစားနဲ့ ဆေးဝါးပစ္စည်းတွေရှိပြီး အသက်အရွယ်အလိုက်လုံခြုံစွာ ဖွံ့ဖြိုးရှင်သန်နေခြင်းကို ဆိုလို တာဖြစ်ပါတယ်။  စိတ်ကျန်းမာ တယ်ဆိုတာကတော့အပေါင်းလက္ခဏာဆောင်တဲ့ စိတ်တွေဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ၊ မုဒိတာတွေ လွှမ်းခြုံနေတဲ့စိတ်၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနဲ့ ရင့်ကျက်တဲ့စိတ် စတဲ့ မိမိအပေါ်နဲ့ အများကိုပါ ကောင်းကျိုး လိုလားတဲ့ စိတ်ဖြစ်ပါတယ်။  ဥာဏ်ပညာ(Wisdom) ကတော့ အကောင်းအဆိုးအကြောင်းအကျိုးကိုဝေဖန်ပိုင်းခြားနိုင်တဲ့ အရည်အသွေး ပေါ့ (သိပြီးသေချာလက်တွေ့ကျင့်ကြံတာမျိုး)။  ကောင်းမွန်မျှတလူမှုရေး (Social) ဆိုတာကတော့ ပေါင်သင်းဆက်ဆံသတ္တ၀ါ(Social Animal) ဖြစ်တဲ့ လူတွေဟာ လူမှုလောကမှာ သင့်တင့်မျှတစွာ နေထိုင်ခြင်းပါ။ အများအကျိုးလိုလားတာ၊ ခွဲခြားဆက်ဆံမှု မရှိတာ၊ တရားမျှတမှုရှိတာ၊ မေတ္တာရှေ့ထားပြောဆိုဆက်ဆံတာ၊ ရိုင်းပင်းကူညီတာ၊ မျှဝေသုံးစွဲတာ တွေဟာ လူမှုအသိုက်အ၀န်းထဲမှာ ကောင်းမွန်ကျန်းမာစွာပါဝင်နေထိုင်ခြင်းပါ။  လူတွေမှာ ဒီအရည်အသွေးတွေ ရှိနေနိုင်တဲ့ အဆင့်ကို မူတည်ပြီး သူ့ရဲ့ငြိမ်းချမ်းမှု ဘ၀ဟာ ကွာခြား သွားပါတယ်။ ဒီ(၄)ခုဟာ တခုနဲ့တခု ဆက်စပ်မှုရှိပြီး အပြန်အလှန်အကျိုးပြုနေကြပါတယ်။ ဗုဒ္ဓရှင်လက်ထက်တုန်းက ရဟန်းတော်များ ဆွမ်းမလုံလောက်တာကြောင့် တရားရဖို့ အခက်ခဲဖြစ်နေပြီး ကျောင်းဒကာမကြီး ၀ိသာခါက ဆွမ်းပြည်စုံအောင် ထောက်ပံတာကြောင့် အစာအဟာရပြည်စုံ ပြီးတရားထူးရသွားတဲ့ဖြစ်စဉ်ကို ကြည့်ရင် ဥာဏ်ပညာအတွက် ရုပ်ပိုင်းဆိုင်ရာဟာ ဘယ်လောက်အထောက် အကူပြုလည်းဆိုတာထင်ရှားပါတယ်။  မေတ္တာတရား၊ ကရုဏာတရား ကြီးမားတဲ့စိတ်ဟာလည်း ကောင်းမွန်စွာဆက်ဆံပြောဆိုဖို့အတွက် လူမှု ၀န်းကျင်နဲ့ သဟဇာတဖြစ်ဖို့အတွက် အထောက်အကူဖြစ်လှပါတယ်။ ဥာဏ်ပညာမရှိရင် ခွဲခြားဆက်ဆံဖို့ သိပ်လွယ်သလို မျှဝေသုံးစွဲဖို့လည်းမဖြစ်နိုင်ပြန်ဘူး။ ခွဲခြားဆက်ဆံမှုကနေ အမုန်းတရားနဲ့ ဆင်းရဲခြင်းတွေကို ရောက်စေပြီး၊ မျှဝေသုံးစွဲမှုတွေ မရှိတဲ့အခါမှာတော့ မတရားခေါင်းပုံဖြတ်မှုတွေနဲ့အတူ စစ်ပွဲတွေ လည်းဖြစ် စေပြန်ပါတယ်။ အဲဒီအခါမှာ အမုန်းတရားတွေ အပေါ် အမုန်းတရားတွေ ထပ်ဆင့်ပြီး ကမ္ဘာမကျေဘူးဆိုတဲ့ အတုံ့အလှည့် တွေဟာ နှစ်ဦးနှစ်ဖက် ဘယ်တော့မှ မငြိမ်းချမ်းစေဘဲ ခြောက်လှန့်မှုတွေ ပြည့်နှက် နေတော့တာ ပါပဲ။ ယနေ့ခေတ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေစရာ၊ စားစရာ၊ အ၀တ်အစားနဲ့ ဆေးဝါးပစ္စည်းတွေရှိပြီး လုံခြုံစွာ ဖွံ့ဖြိုးရှင်သန်ဖို့ လူတော်တော်များများအတွက်မဖြစ်နိုင်ပါဘူး။ ဘယ်တုန်းကစပြီး လူမှုအဆောက်အုံထဲကို ၀င်လာမှန်း မသိတဲ့ စားသုံးသူပဓာန၀ါဒ (Consumerism)ဟာ လူတွေဆီကိုကူးစက်ရောဂါတခုလိုပျံ့နှံ့ နေပါတယ်။ ကျန်းမာဖို့ကို လျစ်လျူရှုပြီး ရုပ်ပိုင်းဆိုင်ရာဇိမ်ခံဖို့ အမြတ်ထုတ်ဖို့ ကို အလွန်အမင်း ဦးတည်တဲ့ ဒီဝါဒဟာ သဘာဝကရတဲ့ အရင်းအမြစ်တွေကို မတရားထုတ်ယူပြီး အမြတ်ရဖို့တစ်ခုတည်းကြည့်ပြီး  တရားဝင်ခေါင်းပုံဖြတ်မှုတွေကို အားပေးပါတယ်။ မြောက်ကမ္ဘာခြမ်းကလူတွေဟာ သန့်ရှင်းတဲ့ရေနဲ့ အဟာရ ပြတ်လပ်မှုကြောင့် နေ့စဉ်သေဆုံးနေတဲ့လူတွေကို လျစ်လျူရှုထားပေမယ့် သူတို့အလွန်အမင်း သုံးစွဲတဲ့ ယာမကာ၊ အသားနဲ့ဇိမ်ခံပစ္စည်းတွေကတော့ သူတို့ကျန်းမာရေးကို မျက်နှာသာမပေးကြပြန်ပါဘူး။ တောင်ကမ္ဘာတခြမ်း က အငတ်ဘေးဒဏ်ကို ခံစားနေရချိန်မှာ ကျန်တခြမ်းက အလွန်အမင်းစားသုံးခြင်းကြောင့် အစားလွန်ခြင်းဒဏ် ခံစားနေ ရပါတယ်။  ယနေ့ ကမ္ဘာကြီးမှာဖြစ်နေတဲ့ စစ်ပွဲအများစုဟာ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ် လုယူကြတဲ့အတွက် ဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ နိုင်ငံတော်လုံခြုံရေး အတွက်ဆိုပြီး သူ့ထက်ငါအပြိုင် စစ်လက်နက်တွေစုဆောင်း နေကြ၊ စစ်အင်အားတွေ စုဆောင်းနေကြနဲ့ ပြဿနာကို အဓမ္မနည်း အကြမ်းဖက်နည်းတွေ နဲ့သာတုံ့ပြန်ဖို့ အတွက် အလွယ်တကူပဲ နိုင်ငံတော်ရဲ့ အများပြည်သူပိုင် ဘဏ္ဍာငွေတွေကို အဆင်အခြင်မဲ့သုံးနေကြပါတယ်။ ပြဿနာရဲ့အရင်းအမြစ် တွေဆီသွားပြီး သုံးသပ်ကြဖို့နဲ့ ပဋိပက္ခတွေကို အကြမ်းမဖက် တရားမျှတတဲ့ နည်းလမ်း တွေနဲ့ ဖြေရှင်းဖို့အတွက်တော့မကြိုးစားကြပြန်ဘူး။ တယောက်နဲ့တယောက်ကြားမှာမေတ္တာမထားနိုင်ဘဲအမုန်းတွေ၊မနာလိုဝန်တိုမှုတွေ၊အနိုင်ကျင့်တာတွေ၊ မကောင်းကြံ တာတွေ၊သူ့ထက်ငါပိုတော်ချင်ကြ သူ့ထက်ငါပိုချမ်းသာလိုကြနဲ့ ပြိုင်ဆိုင်ခြင်းတွေဟာ ဟိုးငယ်စဉ် ကျောင်းမှာကတည်းက ပုံသွင်းခြင်းခံခဲ့ရတယ်။ ပိုင်းခြားဝေဖန်မယ့် ဥာဏ်ပညာအစား အမှားကိုအမှန်ထင်ပြီး အမှန်ကို အမှားထင်ဆင်ခြင်မှုမဲ့စွာ လုပ်ဆောင် နေကြပြန်တယ်။ ခွဲခြားဆက်ဆံမှုတွေဟာ ယောက်ျားနဲ့ မိန်းမအကြား၊ လူမျိုးတစ်စု နဲ့တစ်စုအကြား၊ ဒေသတစ်ခုနဲ့တစ်ခုအကြား၊ ရာထူးစည်းစိမ်တွေအကြား၊ ဘာသာတစ်ခုနဲ့တစ်ခုအကြား၊ အသားရောင်တွေအကြား ဥာဏ်ပညာမပါတဲ့ နှလုံးသားများနဲ့  ကွဲပြားတာကို ခွဲခြားဖို့ အလွန်တွင်ကျယ် နေပါတယ်။ တချို့ကျပြန်တော့လည်း ဘာခွဲခြားမှုမှမရှိပါဘူးလို့ မျက်မှန်စိမ်း တပ်ပြီး မျက်ခြောက်ဝါးနေကြရင်းနဲ့ ကမ္ဘာကြီးဟာဖျားနာလို့နေပါတယ်။  ဒီနေ့ ဒီလိုပတ်ဝန်းကျင်ဟာ မကောင်းမှုကို ကျူးလွန်ဖို့အလွန်လွယ်ကူပြီး ရင်ထဲမှာအကြောက်တရားကိုယ် စီနဲ့ ငြိမ်းချမ်းခြင်းဆိုတာ မဖြစ်နိုင်တဲ့ဒဏ္ဍာရီစကားလို၊ ဘယ်လိုမှမရနိုင်တဲ့၊ ကိုယ်နဲ့ဘယ်လိုမှမသက်ဆိုင်တဲ့အရာ တခုလို့ပဲထင်နေတဲ့ လူတွေကဒုနဲ့ဒေးပါပဲ။ ဒါပေမယ့်ငြိမ်းချမ်းခြင်းဟာ ကိုယ်တွင်းကစတဲ့အရာပဲဖြစ်လို့ ကိုယ်ကနေစ ပြီးတည်ဆောက်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဟာ လုပ်ငန်းစဉ် (process) တခုဖြစ်ပါတယ်။ ပဋိပက္ခမဖြစ်ခင်အချိန်၊ ပဋိပက္ခဖြစ်နေစဉ်နဲ့ ပဋိပက္ခဖြစ်ပြီးနောက်မှာပါ ငြိမ်းချမ်းရေး  တည်ဆောက်ရပါတယ်။ ကာကွယ်ခြင်းကကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့အတိုင်းပဲ ဆုံးရှုံးမှု အနည်းဆုံးနဲ့ နာကျင်မှုအနည်းဆုံးက ပဋိပက္ခမဖြစ်ခင်အချိန်ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း Early Conflict Warning ဆိုပြီး သတိပေးမှုတွေရှိတာဖြစ်ပါတယ်။ ပဋိပက္ခ ဖြစ်နေစဉ်မှာလည်းအဆင့်ဆင့်ရှိပြီး ပထမအဆင့်များ မှာဖြေရှင်းနိုင်မယ် ဆိုရင် နာကျင် ဆုံးရှုံးရမှုနည်းပြီး ဖြေရှင်းရ ပိုမိုလွယ်ကူပါတယ်။ စေ့စပ်ညှိုနှိုင်းခြင်း (Negotiation) နဲ့ ကြားဝင်ညှိုနှိုင်းခြင်း(Mediation)တွေဟာ အလွန်အရေးကြီးပါတယ်။ ပဋိပက္ခဖြစ်ပြီး နောက်အထိ ကိုပါဖြေရှင်းဖို့ သုံးကြပါ တယ်။ ပဋိပက္ခဖြစ်ပြီးနောက်မှာ ပြန်လည်သင့်မြတ်စေခြင်း (Reconciliation) ဟာလည်း ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ အရေးကြီးတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ အဲဒီအခါမှာ တဦးကိုတဦးခွင့်လွှတ်တတ်တဲ့ နှလုံးသားနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့စိတ်ထားတို့ ရှိရပါမယ်။  ငြိမ်းချမ်းရေးတည်ဆောက်ခြင်းလုပ်ငန်းတလျှောက်မှာ အရေးကြီးတာတခုက အကြမ်းမဖက်ဆက်သွယ် ဆက်ဆံခြင်း (Non Violent Communication-NVC) ပါ။ လူအတော်များများဟာ တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်ဖို့်၊ သူဘယ်သူငါဘယ်သူဆိုပြီး ဆုံးဖြတ်သုံးသပ်ဖို့၊ လိုချင်နေတဲ့အရာ ကို တောင်းဆိုဖို့ နှင့် ဘယ်သူဘာဖြစ်သည်ဆိုသည်ကို ရှာဖွေဖော်ထုတ်ကြဖို့ မွေးကတည်းက ပုံသွင်းခြင်း ခံခဲ့ရတယ်။ လူအဖွဲ့စည်းရဲ့ သင်ကြားခံခဲ့ရတယ်။ သူမှားတယ် ငါမှန် လို့ တွေးတောပြီး ဆက်သွယ် ဆက်ဆံဖို့ အကျင့်ပါ နေတယ်။ မိမိရဲ့ ခံစားချက်ကို အခြားသူမိမိကို ဘာလုပ်ခဲ့တယ်ဆိုတာနှင့် ရောထွေးဖော်ပြတတ် ကြတယ်။ လက်ရှိအခြေအနေမှာ မိမိဘာလိုချင်တယ်၊ ဘာလိုအပ်တယ် မိမိလိုအပ်ချက်ကိုတောင်းဆိုဖို့အတွက် ခြောက်လှန့်ပြီး အင်အားမသုံးဘဲ ဘယ်လို မေတ္တာရပ်ခံရမလဲဆိုတာကိုတော့ တွေးတောလုပ်ဆောင်ဖို့ မေ့နေကြပါတယ်။  ငြိမ်းချမ်းတယ်ဆိုတာ အစွန်းနှစ်ဖက်ဖြစ်တဲ့ အသံတိတ် ခေါင်းငုံ့ မနိုင်လို့ သည်းခံနေရတာမျိုး မဟုတ် သလို အနိုင်ကျင့် အဓမ္မအကြမ်းဖက် ခြိမ်းခြောက် နေတာလည်းမဟုတ်ဘူး။  တရားမျှတတာ တွေဖြစ်ဖို့အတွက် ကိုယ်လိုအပ်ချက် သူ့လိုအပ်ချက်ကို ရှာရင်း အကြမ်းမဖက်အနုနည်းနဲ့ဆက်သွယ် လုပ်ဆောင်ခြင်းNVC ကိုဖြစ်တယ်။ တနည်း အားဖြင့် အလယ်အလတ် မှန်ကန်မျှတတဲ့ လမ်းစဉ်ကို ကျင့်သုံးခြင်းဖြစ်တယ်။  ဒီလို နေစဉ်လူမှုဘ၀တွေအထဲ ဥာဏ်ပညာနဲ့ ကိုယ်တွင်းငြိမ်းချမ်းရေး မှတဆင့် ကျွန်မတို့ မှီတင်း နေထိုင် နေတဲ့ မိသားစု၊ရပ်ရွာ၊နိုင်ငံနဲ့ ကမ္ဘာမြေကို ငြိမ်းချမ်းတဲ့ လူမူအသိုက်အမြုံလေးတစ်ဖြစ် အောင် တည်ဆောင် နိုင်မယ်လို့ ယုံကြည်ပါတယ်။

ရေး - ပပဖြိုး(BYEP)

တည်းဖြတ် - မောင်ဥဂ္ဂါ(BYEP)    

Read more...

Tuesday, March 13, 2012

Daw Aung San Su Kyi's Speech On Air

Read more...

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP