Saturday, March 31, 2012

မင်္ဂလာပါ

“မင်္ဂလာပါ” လို့နှုတ်ခွန်း ဆက်သသော ယနေ့ရေဒီယိုFM မှ ထုတ်လွင့်နေသော အစီအစဉ် တင်ဆက်သူ များ၏အသံ၊  “မင်္ဂလာဆရာ ၊ မင်္ဂလာပါ ” ဆရာမ ဟူ၍ လက်အုပ်ချီကာ မူကြိုတန်း မှစ၍ အထက်တန်း အထိကြားရသော အသံ “အားလုံး မင်္ဂလာပါ ခင်ဗျာ/ရှင်” စသော စတိတ်ရှိုးပွဲမှ ကြားနေရသော အသံ၊ နေ့စဉ်လိုလို ကြားနေမြင်နေရသော ထိုမင်္ဂလာ အကြောင်းနှင့် ဆက်စပ်၍ ကျွန်မအတွေးတွေ တစ်ခုပြီး တစ်ခုဆင့်ပွား၍ တွေးနေမိသည်။


မင်္ဂလာနှင့် ပတ်သတ်၍ (၃၈)ဖြာဆိုသော မင်္ဂလာကို ကလေးအရွယ် မှစ၍ သင်ကြား ရဖူးသောကြောင့် လူတိုင်းလူတိုင်း သိကြမည်မှာ အမှန်ပင်။ ထို့အတူ မြန်မာလူမျိုးတွေမှာ အာဝါဟ ၀ိဝါဟ ထိမ်းမြား လက်ထပ်လည်း မင်္ဂလာ ၊ မွေးနေ့အလှူ ဆိုလည်း မင်္ဂလာ ၊ ဧည့်ခံတွေ့ဆုံသည့် အခမ်းအနား ဆိုလည်း မင်္ဂလာ၊ ကလေးမွေးလည်း မင်္ဂလာ ၊ ကင်ပွန်းတပ်လည်း မင်္ဂလာ ၊ အိမ်သစ်တက်လည်း မင်္ဂလာ ၊ အလှူလုပ်လည်း မင်္ဂလာ ၊ ဟိုနေရာလည်း မင်္ဂလာ ဒီနေရာလည်း မင်္ဂလာ ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထိုမင်္ဂလာဆိုသည့် အခေါ်အဝေါ်ကို သုံးနှုန်းကြပါသည်။ ဒါ့ကြောင့် ကျွန်မအတွေးမှာ မင်္ဂလာဆိုသည့် ဝေါဟာရနှင့် ပတ်သတ်၍ စဉ်းစားလိုက်တော့ မင်္ဂလာ ဆိုသည်မှာ ကောင်းကျိုး ချမ်းသာ ဟူသမျှနှင့် ပတ်သတ်သော အရာကို မင်္ဂလာလို့ သုံးနှုန်းခေါ်ဝေါ် ကြသည်လို့ အဓိပါယ် ဖွင့်ဆိုလိုက်ပါတယ်။

ဒီလို ကောင်းကျိုးချမ်းသာ နှင့် ပြည့်စုံစေခြင်းလို့ အဓိပါယ် ဖွင့်ခဲ့တဲ့ မင်္ဂလာဆိုသော စကားကို ကျွန်မတို့ ငယ်စဉ်ကလေး ဘ၀၌ မူလတန်း မှစ၍ ဆရာ ဆရာမ များကို မင်္ဂလာပါဟု ကြိုဆိုနှုတ်ခွန်း ဆက်သခြင်းဖြင့် ရင်းနှီးကျွမ်းဝင် ခဲ့ကြပြီး ဖြစ်ပါသည်။ သူငယ်တန်း မြန်မာဖတ်စာ သင်ပုန်း ထဲတွင်ပင် “မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းကိုဆင်၊ မင်္ဂလာပါ ဆရာမ၊ ညီညီညာညာ နှုတ်ဆက်ကြ ” လို့သူငယ်တန်း သင်ခန်းစာ ထဲမှာပင် ပြဌာန်းထား၍ သင်ကြားခဲ့ ရလေသည်။ ထို့ကြောင့် ဂါရ၀ တရားနှင့်လည်း ပြည့်စုံသော “မင်္ဂလာပါ” ဆိုသော စကားစုသည် ဆရာနှင့် တပည့်တွေ့လျှင် “မင်္ဂလာပါ ဆရာ၊ မင်္ဂလာပါ ဆရာမ” ဟူ၍ လက်အုပ်ချီကာ နှုတ်ခွန်းကြိုဆို စကားအဖြစ် မြန်မာလူမျိုးများသည် ကျောင်း၌တွင်လည်း ယဉ်ကျေးမှု တစ်ခုအနေနှင့် ယနေ့အထိတိုင် သုံးနှုန်းနေ ကြပါသည်။

ထိုယဉ်ကျေး လိမ္မာ၍ နားဝင်ချိုခါ ဂါရ၀ တရားနှင့် ပြည့်စုံသော နှုတ်ခွန်းဆက် “မင်္ဂလာပါ” ဆိုသော စကားစုသည် ဆရာနှင့်တပည့် တွေ့လျှင်သာ သုံးနှုန်းမှု များပြားပြီး အပြင်လောကတွင် မိဘနှင့်သားသမီး ၊ ညီအစ်ကို မောင်နှမ ၊ ဆွေမျိုးသားခြင်း ၊ သူငယ်ချင်း မိတ်ဆွေ၊ သူဌေးနှင့်ဝန်ထမ်း ၊ စသည်ဖြင့် အလွှာစုံ အတန်းစုံမှ လူပုဂ္ဂိုလ် အချင်းချင်း တစ်ဦးနှင့်တစ်ဦး တွေ့ဆုံလျှင် လောက၀တ်ပြု စကားအဖြစ် သုံးနှုန်းမှုမှာ အင်မတန် နည်းပါးသည်ဟု ကျွန်မထင်မြင် မိပါသည်။

အလွန်ယဉ်ကျေး ပါသည်ဆိုသော ယနေ့ဖွံ့ဖြိုး တိုးတက်လာသော မြန်မာနိုင်ငံမှ မြန်မာလူမျိုးများသည် အချင်းချင်း မျက်လုံးချင်း ဆုံမိလျှင်ပင် ထိုဂါရ၀ တရားနှင့် ပြည့်စုံသော “မင်္ဂလာပါ” နှင့် “ကျေးဇူးတင်ပါတယ်” ဆိုသော စကားစုကို သုံးနှုန်းပြောဆိုရန် အလွန်တွန့်တို၍ နှုတ်လေးနေ တတ်ကြသည် ကိုလည်းတွေ့မြင် နေရပါတယ်။


မြန်မာများသည် လမ်း၌ တစ်ယောက်နှင့် တစ်ယောက် ခလုတ်တိုက်ဟန်လွဲ တွေ့လျှင်ပင် လောက၀တ် ပြူငှာသော စကားမှာ “နေကောင်းလား” ၊ “စားပြီးပြီလား” ၊ “ဘယ်သွားမလို့လဲ” ၊ “ဘယ်ကပြန် လာသလဲ” ဟူသော အကျိုးမရှိသော စကားများဖြင့်သာ လောက၀တ် စကားများသုံး၍ နှုတ်ခွန်းဆက်ကြသူ များလေသည်။ ထိုကဲ့သို့ အကျိုးမရှိသော စကားများဖြင့် သူများအရေးကို ပိုစိတ်ဝင်စားသည့် စပ်စုလွန်းသည့် အဓိပါယ်ပါသော စကားစု များဖြင့်သာ အစချီ၍ အချင်းချင်း အသိအမှတ်ပြု နှုတ်ဆက်ကြသည်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံပဲ ရှိသည်ဟု ထင်မြင်မိပါသည်။


ထိုအသုံးအနှုန်း အချင်းအရာကို ကြည့်ခြင်းအားဖြင့် မြန်မာအများစုသည် ယခင်ကတည်းက အလွန့်အလွန် သူများအရေးကို စပ်စုလွန်းတတ်သော လူမျိုးပင် ဖြစ်သည်ဟု ကောက်ချက်ချ နိုင်ပါသည်။ ကျေးလက်တောရွာ များတွင်သာမက မြို့ကြီးများတွင်ပင် အချင်းချင်း တွေ့ဆုံကြလျှင်လည်း “ ညည်း..ဟိုသတင်း ကြားပြီးပြီလား ၊ ဟိုကောင်မကတော့ ဘယ်လို ဘယ်ပုံ၊ ဟိုအိမ်ကတော့ ဘယ်လို ” စသည်ဖြင့် လူအချင်းချင်းတွေ့လျှင် ရေအိုးခေါင်းပေါ်မှ ချ၍သော် လည်းကောင်း ၊ ဈေးခြင်းတောင်း အောက်ချ၍ သော်လည်းကောင်း ပိုက်ဆံအိတ် ချိုင်းကြားညှပ်၍ သော်လည်းကောင်း ၊ တစ်ယောက်နှင့် တစ်ယောက် မကောင်းသော အတင်းသဘောဖြင့်သာ အစချီ၍ စတင်နှုတ်ဆက်မှု ပြုကြလေသည်။

ထို့ကြောင့် ကိုယ့်အရေးထက် သူများအရေးကို ပို၍စိတ်ဝင်စားပြီး သဏ္ဍာန်လုပ်၍ ဟန်လုပ်ခါ နှုတ်ဆက်က၀တ် ပြုမူကြသည်မှာ မြန်မာလူမျိုးများသာ ဖြစ်လေသည်ဟု ကောက်ချက် ချမိပါသည်။ သို့ဆိုလျှင် လမ်း၌တစ်ဦး နှင့်တစ်ဦး တွေ့ဆုံလျှင် မင်္ဂလာပါ ဟုကြိုဆို နှုတ်ခွန်းဆက်မိလျှင် ထိုသူတို့အား ဒီကောင်လေး ကြောင်သွားသလိုလို ၊ ဒီကောင်မလေး ဂေါက်သွားသလိုလိုဖြင့် လူတိုင်း ပြုံးစိစိဖြင့် လှည့်ကြည့်တတ် ကြသည်ကိုလည်း တွေ့ရတတ်ပါသည်။

ယနေ့တိုးတက်လာသော မြန်မာများကြားတွင် သုံးနှုန်းလာသော “မင်္ဂလာပါ” ဆိုသော လောက၀တ်ပြုသော စကားစုသည် ၀န်ဆောင်မှု အလွန်ကောင်းသော လုပ်ငန်းများတွင် လည်းကောင်း၊ စတိတ်ရှိုး စင်ပေါ်တွင်လည်းကောင်း ၊ နေ့စဉ်ထုတ် လွှင့်နေသော ရေဒီယို အက်ဖ်အမ် များတွင်လည်းကောင်း၊ တီဗွီအစီအစဉ် များတွင်လည်းကောင်း ၊ ယနေ့ လူနည်းစုဖြစ်သော အွန်လိုင်းသုံးသော လူငယ်များတွင် လည်းကောင်း နှုတ်ဆက်ပြော ဆိုသည်များ ကြားလာရပါသည်။ ထိုသို့နှုတ်ဆက်တတ်သော အနည်းစုသော လူငယ်များအား အင်မတန် ချီးကျူးထိုက်ပါသည်။

သူများအရေးအား စိတ်ဝင်စားသည့် စပ်စုလွန်းသော အကျိုးမရှိသော လောက၀တ် ပြုသော စကားများအစား “မင်္ဂလာပါ” ဟုပြောင်းလဲ သုံးနှုန်းလျှင် ဂါရ၀ တရားနှင့် ပိုမို၍ ပြည့်စုံစေပြီး နားဝင်ချိုကာ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံစေသည် မဟုတ်ပါလော။ ထို့နောက်တွင်သာ မိမိပြောလိုရာ စကားအား ဆက်လက်ပြောဆိုလျှင် အလွန်ပဲ သင့်မြတ်လှသည် မဟုတ်ပါလား။

ဥရောပလို အနောက်နိုင်ငံ များမှာတောင် မိဘနှင့် သားသမီးကြား၊ သူငယ်ချင်း မိတ်ဆွေများကြား၊ သူဌေးနှင့် ၀န်ထမ်းကြား၊ ဈေးဝယ်သူနှင့် ဈေးရောင်းသူကြား ၊ စသည့်အလွှာစုံမှ လူများသည် အချင်းချင်း တွေ့ဆုံလျှင်ဖြစ်စေ ၊ မျက်လုံးချင်း စုံမိလျှင် ဖြစ်စေ ကျေးမှုအရ Good Morning , Good Afternoon , Good Evening ,Good Night လို့ အသိအမှတ် ပြုသော နှုတ်ခွန်းဆက်စကား တွေရှိတာ သူတို့နိုင်ငံရဲ့ ချစ်စရာ ယဉ်ကျေးမှု တစ်ခုပါပဲ။ လူတစ်ယောက် နဲ့တစ်ယောက် မျက်လုံးချင်း ဆုံမိကြပြီး ရင်းနှီးမှု မရှိသော်လည်း ကောင်းသောနေ့ကို အစွဲပြု၍ ရင်းနှီးစွာ နှုတ်ဆက်ကြ သည်ကိုလည်း ကြုံဖူးခဲ့ တွေ့ဖူးခဲ့ ကြမှာပါ။ ဒါသည်ပင် သူတို့နိုင်ငံဧ။် လူသားအချင်းချင်း အသိအမှတ်ပြုတဲ့ ယဉ်ကျေးမှု တစ်ခုပင် မဟုတ်ပါလား။

ဟိန္ဒူဘာသာ ၀င်တွေလည်း တစ်ယောက်နဲ့ တစ်ယောက်တွေ့လို့ နှုတ်ဆက်ရင် လက်အုပ်ကလေး ချီရင်း (နာမ္မစတေး) လို့ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ကြပါတယ်။ ယနေ့ ခေတ်စားလာသော ကိုရီးယား ရုပ်ရှင်ကားတွေ မြန်မာနိုင်ငံမှာ လွမ်းမိုးလာ မှုအရ သတိထားမိသည်မှာ ၄င်းတို့တွင် အချင်းချင်း သိသည်ဖြစ်စေ မသိသည် ဖြစ်စေ တွေ့ဆုံကြလျှင် ခေါင်းလေးငုံ ခါးကိုကိုင်း၍ (အမ်ညော်ကဆာရော ) ဟုနှုတ်ဆက် ကြသည်ကို တွေ့ရပါသည်။ နိုင်ငံတစ်ကာတွင် တစ်ဖက်လူအား အသိအမှတ်ပြုသည့် နှုတ်ခွန်းဆက်သခြင်းကို သူတို့လူမျိုးရဲ့ ယဉ်ကျေးမှု တစ်ခုလို့ သတ်မှတ်ထား ကြပါတယ်။ ဤသည်မှာ အတုယူဖွယ် ပင်ဖြစ်ပါသည်။

တိုးတက်နေပြီးသော နိုင်ငံများတွင် မိဘနှင့် သားသမီး များအကြားတွင် မိုးလင်းအိပ်ရာထ မှစ၍ မိုးချုပ်အိပ်ယာဝင် သည်အထိ နှုတ်ဆက်မင်္ဂလာ ပြုကြသည်မှာ ချစ်စရာ ပင်ဖြစ်လေသည်။ ဂွတ်မောနင်း ဒက်ဒီ (အင်္ဂလိပ်) ၊ ကျောင်ဝ်စန့်ဟောင်ဝ် မာမား ၊ ၀မ်အမ်း ပါ့ပါ (တရုတ်) စသည်ဖြင့် ဘာသာစကား မျိုးစုံဖြင့် ကိုယ့်နိုင်ငံ ၊ကိုယ့်လူမျိုး ၊ကိုယ့်ယဉ်ကျေးမှု ကိုလိုက်၍ အနောက်နိုင်ငံ များနှင့်တကွ အာရှနိုင်ငံ များတွင် မိသားစု အချင်းချင်း၊ လူအချင်းချင်း နှုတ်ဆက်ကြပါသည်။ သူ့နိုင်ငံနှင့် သူ့လူမျိုးအလိုက် လက်အုပ်ချီ၍ သော်လည်းကောင်း ခါးကိုင်းညွတ်၍ သော်လည်းကောင်း လက်ပြ၍ သော်လည်းကောင်း ဂါရ၀ တရားနှင့် ပြည့်စုံစွာ နှုတ်ဆက်တတ် ကြသည်မှာ လေးစားအတု ယူဖွယ်ပင်ဖြစ်သည်။

ယနေ့နိုင်ငံတကာတွင် မိုးလင်း၍ မျက်လုံးနှစ်လုံး ဖွင့်သည်မှစ၍ အိပ်စက်အနားယူ မျက်စိမှိတ်သော အချိန်ထိ ကောင်းသောနေ့ ကောင်းသောအချိန်ကို အစွဲပြု၍ အချင်းချင်း အသိအမှတ်ပြုကာ မိဘနှင့် သားသမီး များကြားမှစ၍ အလွာစုံမှ လူများသည် တစ်နေ့တာကို မင်္ဂလာစကားနှင့် အစပြု၍ မင်္ဂလာနှင့် နှုတ်ဆက်ကာ ကုန်ဆုံးစေ ကြသည်ကို တွေ့မြင်ရပါသည်။

အမှန်စင်စစ် မင်္ဂလာရှိသော ထိုမင်္ဂလာပါ ဆိုသောစကားသည် မြန်မာလူမျိုးများ၏ ပါးစပ်ဖျားပေါ်မှာ မရှိခဲ့တာ မဟုတ်ပါဘူး။ တကယ်တမ်းက အသုံးမတွင်ကျယ် ခဲ့တာပါ။ ဆရာနှင့် တပည့် တွေ့ဆုံလျှင် လက်အုပ်ကလေးချီ၍ မင်္ဂလာပါ ဟု သုံးနှုန်းလျှင် ထူးထူးဆန်းဆန်း မဖြစ်ပေမယ့် အပြင်မှာ လူအချင်းချင်း လမ်း၌တွေ့ သည့်အခါ လက်အုပ်ချီပြီး “မင်္ဂလာ”ပါဟု နှုတ်ဆက်လျှင် လူထူး၊ လူဆန်းသဖွယ် အကြည့်ခံ ရမည်မှာစိုး သောကြောင့် ရှက်ရွံ၍သာ ဖြစ်သည်ဟု ကျွန်မထင်မြင် မိပါတယ်။

ဘာသာ၊ သာသနာ၊ ထွန်းကားသော မြန်မာ့နိုင်ငံတွင် ကိုယ်ပိုင်ယဉ်ကျေးမှု မြောက်များစွာ ရှိပါသည်။ ဘုရား၊ ရဟန်း၊ သံဃာ၊ မိဘ၊ ဆရာ၊ စသော လူကြီးသူမ များ၏ရှေ့တွင် လမ်းလျှောက်လျှင် ခေါင်းငုံ့၊ ခါးညွှတ်ခါ လက်အုပ်ချီ၍ သော်လည်းကောင်း လက်ကလေး ပိုက်၍သော်လည်းကောင်း ရိုသေ၊ ယဉ်ကျေးစွာ ပြုမူကြပါသည်။ ဒါသည်လည်း မိမိတို့ မြန်မာနိုင်ငံ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှု ဖြစ်ပါသည်။

ယနေ့ခေတ်တွင် လက်အုပ်ချီ၍ ဆရာ၊ ဆရာမ များအား မင်္ဂလာပါ သုံးနှုန်းနှုတ်ဆက် သည်မှလွဲ၍ လူအချင်းချင်း တစ်ယောက်နှင့် တစ်ယောက် စတင်နှုတ်ဆက် သည့်အခါ အသုံးနည်း နေကြပါ သေးသည်ဟု ထင်ပါသည်။ တချို့ကလည်း လက်အုပ်ချီခြင်းသည် ဘုရား ရဟန်း သံဃာတော်များ ဆရာ၊ ဆရာမ များကို နှုတ်ဆက်သမှု ပြုမှသာ သုံးရသည်ဟု နားလည်မှု လွဲနေတတ်ကြ ပါသေးသည်။

ထို့ကြောင့် အသုံးတွင်ကျယ်စွာ သုံးတတ်စေရန် မည်သည့်နေရာ တွင်ဖြစ်စေ မည်သူ့ကို ဖြစ်စေ တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံလျှင် အသက်အရွယ်နှင့် ဂုဏ်ရှိန်ဂုဏ်ဝါကြီး သူဆိုပါက လက်အုပ်ချီကာ ခါးလေးကိုင်း ၍ဖြစ်စေ ၊ ရွယ်တူတန်းတူ ဆိုပါက လက်ဆွဲနှုတ်ဆက်၍ ဖြစ်စေ ၊ မင်္ဂလာပါဟု နှုတ်ခွန်းချိုချို ဆက်သခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုကို လူငယ်များအား အချင်းချင်း အဆင့်အဆင့် လက်ဆင့်ကမ်း၍ နှုတ်ဆက်တတ်ရန် သင်ကြားပြောဆို ပေးသင့်ပါသည်။

ရဟန်းသံဃာများကို သော်လည်းကောင်း၊ မိဘများကို သော်လည်းကောင်း၊ ညီအစ်ကို၊ မောင်နှမများကို သော်လည်းကောင်း၊ သူငယ်ချင်း၊ မိတ်ဆွေများကို သော်လည်းကောင်း၊ လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ၀န်ထမ်းများကို သော်လည်းကောင်း၊ အချင်းချင်း တွေ့ဆုံကြ သည့်အခါ တစ်ဖက်သူအား ရိုသေလေးစားမှုဖြင့် ရင်ဘတ်ထဲ မှနေ၍ “မင်္ဂလာပါ” ဟု လှိုက်လှိုက်လှဲလှဲ ခေါ်ဆိုနှုတ်ဆက်ခြင်းဖြင့် နေ့တစ်နေ့ရဲ့ အစပြုခြင်းကို မင်္ဂလာ ရှိစွာနှင့် စတင်ပြီး မင်္ဂလာရှိစွာနဲ့ နှုတ်ဆက်ကုန်ဆုံး နိုင်ကြပါစေလို့ ဆန္ဒပြု ရေးသားလိုက် ပါတယ်ရှင်။

တီတီဒွင်း၏ http://www.royaldreamlover.com မှ ကူးယူပါသည်။ :)

Read more...

ငြိမ်းချမ်းသောလူမှုအသိုက်အမြုံတခုဆီသို့

လူသား တစ်ယောက်ဆီတိုင်းတစ်ယောက်စီတိုင်း ငြိမ်းချမ်းရေးကိုအလိုရှိရပါတယ်။ ဒါကြောင့် ယခု အချိန်မှာ ကမ္ဘာလောကတခုလုံးရဲ့ အတောင့်တဆုံးက ငြိမ်းချမ်းရေးဆိုတာပဲလို့  ပြောမယ်ဆိုရင် ငြင်းကြမယ်မထင်ပါဘူး။ ငြိမ်းချမ်းရေးကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတယ်။

-    စစ်မက်မရှိခြင်း

-    ပဋိပက္ခမရှိခြင်း

-    တရားမျှတခြင်း

-    ပျော်ရွှင်ခြင်း

-    မျှဝေသုံးစွဲခြင်း

-    စည်းလုံးညီညွတ်ခြင်း

-    လောဘ၊ဒေါသ၊မောဟ ကင်းခြင်း ဆိုပြီးဖွင့်ဆိုသူရဲ့ လိုအပ်ချက်နဲ့ ခံယူချက် ပေါ်လိုက်ပြီး ကွဲပြား ကြပါတယ်။



ငြိမ်းချမ်းရေးလှုပ်ရှားသူ ထိုင်းဘုန်းတော်ကြီးဆရာတော်ဖရဖိုက်ဆန်ကတော့ ငြိမ်းချမ်းခြင်းဆိုတာရုပ် (Physical)၊ စိတ် (Mental)၊ဥာဏ်ပညာ(Wisdom) နဲ့ လူမှုရေး (Social)ဆိုတဲ့ လူတစ်ယောက် ကောင်းမွန်စွာရှင်သန်နိုင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများ ကျန်းမာစွာသမမျှတနေခြင်း ပါဘဲလို့ ရိုးရှင်းစွာရှင်းပြခဲ့ဖူးပါတယ်။ လူတစ်ယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရှင်သန်နေခြင်း ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ နေစရာ၊ စားစရာ၊ အ၀တ်အစားနဲ့ ဆေးဝါးပစ္စည်းတွေရှိပြီး အသက်အရွယ်အလိုက်လုံခြုံစွာ ဖွံ့ဖြိုးရှင်သန်နေခြင်းကို ဆိုလို တာဖြစ်ပါတယ်။  စိတ်ကျန်းမာ တယ်ဆိုတာကတော့အပေါင်းလက္ခဏာဆောင်တဲ့ စိတ်တွေဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ၊ မုဒိတာတွေ လွှမ်းခြုံနေတဲ့စိတ်၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနဲ့ ရင့်ကျက်တဲ့စိတ် စတဲ့ မိမိအပေါ်နဲ့ အများကိုပါ ကောင်းကျိုး လိုလားတဲ့ စိတ်ဖြစ်ပါတယ်။  ဥာဏ်ပညာ(Wisdom) ကတော့ အကောင်းအဆိုးအကြောင်းအကျိုးကိုဝေဖန်ပိုင်းခြားနိုင်တဲ့ အရည်အသွေး ပေါ့ (သိပြီးသေချာလက်တွေ့ကျင့်ကြံတာမျိုး)။  ကောင်းမွန်မျှတလူမှုရေး (Social) ဆိုတာကတော့ ပေါင်သင်းဆက်ဆံသတ္တ၀ါ(Social Animal) ဖြစ်တဲ့ လူတွေဟာ လူမှုလောကမှာ သင့်တင့်မျှတစွာ နေထိုင်ခြင်းပါ။ အများအကျိုးလိုလားတာ၊ ခွဲခြားဆက်ဆံမှု မရှိတာ၊ တရားမျှတမှုရှိတာ၊ မေတ္တာရှေ့ထားပြောဆိုဆက်ဆံတာ၊ ရိုင်းပင်းကူညီတာ၊ မျှဝေသုံးစွဲတာ တွေဟာ လူမှုအသိုက်အ၀န်းထဲမှာ ကောင်းမွန်ကျန်းမာစွာပါဝင်နေထိုင်ခြင်းပါ။  လူတွေမှာ ဒီအရည်အသွေးတွေ ရှိနေနိုင်တဲ့ အဆင့်ကို မူတည်ပြီး သူ့ရဲ့ငြိမ်းချမ်းမှု ဘ၀ဟာ ကွာခြား သွားပါတယ်။ ဒီ(၄)ခုဟာ တခုနဲ့တခု ဆက်စပ်မှုရှိပြီး အပြန်အလှန်အကျိုးပြုနေကြပါတယ်။ ဗုဒ္ဓရှင်လက်ထက်တုန်းက ရဟန်းတော်များ ဆွမ်းမလုံလောက်တာကြောင့် တရားရဖို့ အခက်ခဲဖြစ်နေပြီး ကျောင်းဒကာမကြီး ၀ိသာခါက ဆွမ်းပြည်စုံအောင် ထောက်ပံတာကြောင့် အစာအဟာရပြည်စုံ ပြီးတရားထူးရသွားတဲ့ဖြစ်စဉ်ကို ကြည့်ရင် ဥာဏ်ပညာအတွက် ရုပ်ပိုင်းဆိုင်ရာဟာ ဘယ်လောက်အထောက် အကူပြုလည်းဆိုတာထင်ရှားပါတယ်။  မေတ္တာတရား၊ ကရုဏာတရား ကြီးမားတဲ့စိတ်ဟာလည်း ကောင်းမွန်စွာဆက်ဆံပြောဆိုဖို့အတွက် လူမှု ၀န်းကျင်နဲ့ သဟဇာတဖြစ်ဖို့အတွက် အထောက်အကူဖြစ်လှပါတယ်။ ဥာဏ်ပညာမရှိရင် ခွဲခြားဆက်ဆံဖို့ သိပ်လွယ်သလို မျှဝေသုံးစွဲဖို့လည်းမဖြစ်နိုင်ပြန်ဘူး။ ခွဲခြားဆက်ဆံမှုကနေ အမုန်းတရားနဲ့ ဆင်းရဲခြင်းတွေကို ရောက်စေပြီး၊ မျှဝေသုံးစွဲမှုတွေ မရှိတဲ့အခါမှာတော့ မတရားခေါင်းပုံဖြတ်မှုတွေနဲ့အတူ စစ်ပွဲတွေ လည်းဖြစ် စေပြန်ပါတယ်။ အဲဒီအခါမှာ အမုန်းတရားတွေ အပေါ် အမုန်းတရားတွေ ထပ်ဆင့်ပြီး ကမ္ဘာမကျေဘူးဆိုတဲ့ အတုံ့အလှည့် တွေဟာ နှစ်ဦးနှစ်ဖက် ဘယ်တော့မှ မငြိမ်းချမ်းစေဘဲ ခြောက်လှန့်မှုတွေ ပြည့်နှက် နေတော့တာ ပါပဲ။ ယနေ့ခေတ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေစရာ၊ စားစရာ၊ အ၀တ်အစားနဲ့ ဆေးဝါးပစ္စည်းတွေရှိပြီး လုံခြုံစွာ ဖွံ့ဖြိုးရှင်သန်ဖို့ လူတော်တော်များများအတွက်မဖြစ်နိုင်ပါဘူး။ ဘယ်တုန်းကစပြီး လူမှုအဆောက်အုံထဲကို ၀င်လာမှန်း မသိတဲ့ စားသုံးသူပဓာန၀ါဒ (Consumerism)ဟာ လူတွေဆီကိုကူးစက်ရောဂါတခုလိုပျံ့နှံ့ နေပါတယ်။ ကျန်းမာဖို့ကို လျစ်လျူရှုပြီး ရုပ်ပိုင်းဆိုင်ရာဇိမ်ခံဖို့ အမြတ်ထုတ်ဖို့ ကို အလွန်အမင်း ဦးတည်တဲ့ ဒီဝါဒဟာ သဘာဝကရတဲ့ အရင်းအမြစ်တွေကို မတရားထုတ်ယူပြီး အမြတ်ရဖို့တစ်ခုတည်းကြည့်ပြီး  တရားဝင်ခေါင်းပုံဖြတ်မှုတွေကို အားပေးပါတယ်။ မြောက်ကမ္ဘာခြမ်းကလူတွေဟာ သန့်ရှင်းတဲ့ရေနဲ့ အဟာရ ပြတ်လပ်မှုကြောင့် နေ့စဉ်သေဆုံးနေတဲ့လူတွေကို လျစ်လျူရှုထားပေမယ့် သူတို့အလွန်အမင်း သုံးစွဲတဲ့ ယာမကာ၊ အသားနဲ့ဇိမ်ခံပစ္စည်းတွေကတော့ သူတို့ကျန်းမာရေးကို မျက်နှာသာမပေးကြပြန်ပါဘူး။ တောင်ကမ္ဘာတခြမ်း က အငတ်ဘေးဒဏ်ကို ခံစားနေရချိန်မှာ ကျန်တခြမ်းက အလွန်အမင်းစားသုံးခြင်းကြောင့် အစားလွန်ခြင်းဒဏ် ခံစားနေ ရပါတယ်။  ယနေ့ ကမ္ဘာကြီးမှာဖြစ်နေတဲ့ စစ်ပွဲအများစုဟာ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ် လုယူကြတဲ့အတွက် ဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ နိုင်ငံတော်လုံခြုံရေး အတွက်ဆိုပြီး သူ့ထက်ငါအပြိုင် စစ်လက်နက်တွေစုဆောင်း နေကြ၊ စစ်အင်အားတွေ စုဆောင်းနေကြနဲ့ ပြဿနာကို အဓမ္မနည်း အကြမ်းဖက်နည်းတွေ နဲ့သာတုံ့ပြန်ဖို့ အတွက် အလွယ်တကူပဲ နိုင်ငံတော်ရဲ့ အများပြည်သူပိုင် ဘဏ္ဍာငွေတွေကို အဆင်အခြင်မဲ့သုံးနေကြပါတယ်။ ပြဿနာရဲ့အရင်းအမြစ် တွေဆီသွားပြီး သုံးသပ်ကြဖို့နဲ့ ပဋိပက္ခတွေကို အကြမ်းမဖက် တရားမျှတတဲ့ နည်းလမ်း တွေနဲ့ ဖြေရှင်းဖို့အတွက်တော့မကြိုးစားကြပြန်ဘူး။ တယောက်နဲ့တယောက်ကြားမှာမေတ္တာမထားနိုင်ဘဲအမုန်းတွေ၊မနာလိုဝန်တိုမှုတွေ၊အနိုင်ကျင့်တာတွေ၊ မကောင်းကြံ တာတွေ၊သူ့ထက်ငါပိုတော်ချင်ကြ သူ့ထက်ငါပိုချမ်းသာလိုကြနဲ့ ပြိုင်ဆိုင်ခြင်းတွေဟာ ဟိုးငယ်စဉ် ကျောင်းမှာကတည်းက ပုံသွင်းခြင်းခံခဲ့ရတယ်။ ပိုင်းခြားဝေဖန်မယ့် ဥာဏ်ပညာအစား အမှားကိုအမှန်ထင်ပြီး အမှန်ကို အမှားထင်ဆင်ခြင်မှုမဲ့စွာ လုပ်ဆောင် နေကြပြန်တယ်။ ခွဲခြားဆက်ဆံမှုတွေဟာ ယောက်ျားနဲ့ မိန်းမအကြား၊ လူမျိုးတစ်စု နဲ့တစ်စုအကြား၊ ဒေသတစ်ခုနဲ့တစ်ခုအကြား၊ ရာထူးစည်းစိမ်တွေအကြား၊ ဘာသာတစ်ခုနဲ့တစ်ခုအကြား၊ အသားရောင်တွေအကြား ဥာဏ်ပညာမပါတဲ့ နှလုံးသားများနဲ့  ကွဲပြားတာကို ခွဲခြားဖို့ အလွန်တွင်ကျယ် နေပါတယ်။ တချို့ကျပြန်တော့လည်း ဘာခွဲခြားမှုမှမရှိပါဘူးလို့ မျက်မှန်စိမ်း တပ်ပြီး မျက်ခြောက်ဝါးနေကြရင်းနဲ့ ကမ္ဘာကြီးဟာဖျားနာလို့နေပါတယ်။  ဒီနေ့ ဒီလိုပတ်ဝန်းကျင်ဟာ မကောင်းမှုကို ကျူးလွန်ဖို့အလွန်လွယ်ကူပြီး ရင်ထဲမှာအကြောက်တရားကိုယ် စီနဲ့ ငြိမ်းချမ်းခြင်းဆိုတာ မဖြစ်နိုင်တဲ့ဒဏ္ဍာရီစကားလို၊ ဘယ်လိုမှမရနိုင်တဲ့၊ ကိုယ်နဲ့ဘယ်လိုမှမသက်ဆိုင်တဲ့အရာ တခုလို့ပဲထင်နေတဲ့ လူတွေကဒုနဲ့ဒေးပါပဲ။ ဒါပေမယ့်ငြိမ်းချမ်းခြင်းဟာ ကိုယ်တွင်းကစတဲ့အရာပဲဖြစ်လို့ ကိုယ်ကနေစ ပြီးတည်ဆောက်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဟာ လုပ်ငန်းစဉ် (process) တခုဖြစ်ပါတယ်။ ပဋိပက္ခမဖြစ်ခင်အချိန်၊ ပဋိပက္ခဖြစ်နေစဉ်နဲ့ ပဋိပက္ခဖြစ်ပြီးနောက်မှာပါ ငြိမ်းချမ်းရေး  တည်ဆောက်ရပါတယ်။ ကာကွယ်ခြင်းကကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့အတိုင်းပဲ ဆုံးရှုံးမှု အနည်းဆုံးနဲ့ နာကျင်မှုအနည်းဆုံးက ပဋိပက္ခမဖြစ်ခင်အချိန်ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း Early Conflict Warning ဆိုပြီး သတိပေးမှုတွေရှိတာဖြစ်ပါတယ်။ ပဋိပက္ခ ဖြစ်နေစဉ်မှာလည်းအဆင့်ဆင့်ရှိပြီး ပထမအဆင့်များ မှာဖြေရှင်းနိုင်မယ် ဆိုရင် နာကျင် ဆုံးရှုံးရမှုနည်းပြီး ဖြေရှင်းရ ပိုမိုလွယ်ကူပါတယ်။ စေ့စပ်ညှိုနှိုင်းခြင်း (Negotiation) နဲ့ ကြားဝင်ညှိုနှိုင်းခြင်း(Mediation)တွေဟာ အလွန်အရေးကြီးပါတယ်။ ပဋိပက္ခဖြစ်ပြီး နောက်အထိ ကိုပါဖြေရှင်းဖို့ သုံးကြပါ တယ်။ ပဋိပက္ခဖြစ်ပြီးနောက်မှာ ပြန်လည်သင့်မြတ်စေခြင်း (Reconciliation) ဟာလည်း ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ အရေးကြီးတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ အဲဒီအခါမှာ တဦးကိုတဦးခွင့်လွှတ်တတ်တဲ့ နှလုံးသားနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့စိတ်ထားတို့ ရှိရပါမယ်။  ငြိမ်းချမ်းရေးတည်ဆောက်ခြင်းလုပ်ငန်းတလျှောက်မှာ အရေးကြီးတာတခုက အကြမ်းမဖက်ဆက်သွယ် ဆက်ဆံခြင်း (Non Violent Communication-NVC) ပါ။ လူအတော်များများဟာ တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်ဖို့်၊ သူဘယ်သူငါဘယ်သူဆိုပြီး ဆုံးဖြတ်သုံးသပ်ဖို့၊ လိုချင်နေတဲ့အရာ ကို တောင်းဆိုဖို့ နှင့် ဘယ်သူဘာဖြစ်သည်ဆိုသည်ကို ရှာဖွေဖော်ထုတ်ကြဖို့ မွေးကတည်းက ပုံသွင်းခြင်း ခံခဲ့ရတယ်။ လူအဖွဲ့စည်းရဲ့ သင်ကြားခံခဲ့ရတယ်။ သူမှားတယ် ငါမှန် လို့ တွေးတောပြီး ဆက်သွယ် ဆက်ဆံဖို့ အကျင့်ပါ နေတယ်။ မိမိရဲ့ ခံစားချက်ကို အခြားသူမိမိကို ဘာလုပ်ခဲ့တယ်ဆိုတာနှင့် ရောထွေးဖော်ပြတတ် ကြတယ်။ လက်ရှိအခြေအနေမှာ မိမိဘာလိုချင်တယ်၊ ဘာလိုအပ်တယ် မိမိလိုအပ်ချက်ကိုတောင်းဆိုဖို့အတွက် ခြောက်လှန့်ပြီး အင်အားမသုံးဘဲ ဘယ်လို မေတ္တာရပ်ခံရမလဲဆိုတာကိုတော့ တွေးတောလုပ်ဆောင်ဖို့ မေ့နေကြပါတယ်။  ငြိမ်းချမ်းတယ်ဆိုတာ အစွန်းနှစ်ဖက်ဖြစ်တဲ့ အသံတိတ် ခေါင်းငုံ့ မနိုင်လို့ သည်းခံနေရတာမျိုး မဟုတ် သလို အနိုင်ကျင့် အဓမ္မအကြမ်းဖက် ခြိမ်းခြောက် နေတာလည်းမဟုတ်ဘူး။  တရားမျှတတာ တွေဖြစ်ဖို့အတွက် ကိုယ်လိုအပ်ချက် သူ့လိုအပ်ချက်ကို ရှာရင်း အကြမ်းမဖက်အနုနည်းနဲ့ဆက်သွယ် လုပ်ဆောင်ခြင်းNVC ကိုဖြစ်တယ်။ တနည်း အားဖြင့် အလယ်အလတ် မှန်ကန်မျှတတဲ့ လမ်းစဉ်ကို ကျင့်သုံးခြင်းဖြစ်တယ်။  ဒီလို နေစဉ်လူမှုဘ၀တွေအထဲ ဥာဏ်ပညာနဲ့ ကိုယ်တွင်းငြိမ်းချမ်းရေး မှတဆင့် ကျွန်မတို့ မှီတင်း နေထိုင် နေတဲ့ မိသားစု၊ရပ်ရွာ၊နိုင်ငံနဲ့ ကမ္ဘာမြေကို ငြိမ်းချမ်းတဲ့ လူမူအသိုက်အမြုံလေးတစ်ဖြစ် အောင် တည်ဆောင် နိုင်မယ်လို့ ယုံကြည်ပါတယ်။

ရေး - ပပဖြိုး(BYEP)

တည်းဖြတ် - မောင်ဥဂ္ဂါ(BYEP)    

Read more...

Tuesday, March 13, 2012

Daw Aung San Su Kyi's Speech On Air

Read more...

သမိုင်းကို ဖျာခင်းချင်သူတွေရဲ့ စကားပါ (ဒေါက်တာနေဇင်လတ် နှင့်တွေ့ ဆုံခြင်း)

 
၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်သမ္မတအကြံပေးဖြစ်လာတဲ့ ဒေါက်တာနေဇင်လတ်ကို The Messenger ဂျာနယ်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
 
 
မေး-(၂ဝ၁၁) မှာတော့ မမျှော်လင့်တဲ့အကောင်း တွေဖြစ်လာခဲ့တယ်။ (၂ဝ၁၂) မှာရော ဆရာ ဘယ်လို မြင်ပါသလဲ။

 
ဖြေ-နှစ်သစ်မှာတော့ ထင်တာတွေ၊ မျှော်လင့်တာတွေ ဖြစ်လာမယ်လို့ ယူဆပါတယ်၊ မနှစ်ကချခဲ့တဲ့ အခြေခံ အုတ်မြစ်ရဲ့ အကျိုးကျေးဇူးတွေ စပြီးခံစားရမယ်ပေါ့ဗျာ။

 
မေး-မနှစ်က အစိုးရသစ်တက်ပြီး မကြာခင်မှာ သမ္မတ အကြံပေးအဖွဲ့ ပေါ်လာတယ်၊ အတော်ကလေး လူပြော များသွားတယ်။ ဖြစ်မယ်လို့ 'တစ်' ပြေးသူတွေ ဖြစ်မလာဘဲ၊ ဘာသတင်းမှမကြားရတဲ့သူတွေ ဖြစ်လာခဲ့တယ်။ ဆရာ အရင်က သမ္မတကြီးနဲ့ ဆုံဖူးပါသလား၊ ဘာကြောင့်ရွေးတယ်လို့ ထင်ပါသလဲ။

 
ဖြေ-သမ္မတကြီးနဲ့ တစ်ခါမှ စကားတောင်မပြောခဲ့ဖူးပါဘူး၊ ကျွန်တော် အငြိမ်းစားယူတာ (၂ဝ) နှစ် ကျော်သွားပြီ၊ ဘာကြောင့် တာဝန်ပေးတယ်ဆိုတာတော့ အတိအကျ မသိဘူး၊ စာရေးများသွားတာတော့ ဖြစ်နိုင်မလားဘဲ။ အသေအချာတော့ မသိဘူး။

 
မေး-လက်လှမ်းမီတဲ့ မှတ်တမ်းတွေအရ မနှစ်က ဆရာ့ အင်တာဗျူးအများဆုံးပဲ၊ ဘာကြောင့်ပါလဲ။ အတွေ့အကြုံ လေး ပြောပေးပါဦး။

 
ဖြေ-ကျွန်တော် မလုပ်ချင်ဆုံးအလုပ်က အင်တာဗျူးပဲ၊ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးတယ်။ 'ဖြေမလား၊ မဖြေဘူးလား'လို့၊ အင်တာဗျူးအဖြေမှားရင် ခလုတ်တိုက်နိုင်တယ်၊ မဖြေလို့ ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ သမ္မတကြီးက ပြုပြင်ပြောင်းလဲမှုတွေကို တကယ်လုပ်နေတယ်၊ ကျွန်တော်တို့က Media Friendly မဖြစ်ကြသေးဘူး၊ နောက်ဆုံးတော့ အားလုံးကို တွဲခေါ်သွားချင်တာနဲ့ အငှား ဗိုက်နဲ့ ဓားထိုးခံလိုက်ရတော့တာပဲ၊ အစပိုင်းမှာ အကျပ် အတည်း တွေ့တယ်၊ နိုင်ငံရေးဆိုတော့ စကားလုံးရွေး ချယ်မှုကအစ အတိမ်းအစောင်းမခံဘူး၊ အထူးသဖြင့် ပြည်ပမီဒီယာတွေ မညှာမတာမေးခဲ့တာကို ကျပ်ကျပ် တည်းတည်းဖြေခဲ့ရပါတယ်။

 
မေး-ဆရာတို့ တာဝန်က ဘယ်လိုမျိုးလဲ၊ ကန့်သတ်မှု၊ ညွှန်ကြားချက်တွေရော တင်းကျပ်ပါသလား၊

 
ဖြေ-ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့တာဝန်က သမ္မတကြီးကို အကြံပေးတယ်ပေါ့၊ သည့်ထက် ပြောလို့ မရလောက်ဘူး၊ အံ့သြစရာကောင်းတာက ကန့်သတ်ချက် ဘာမှမရှိဘူး၊ ကိုယ့် Initiative  နဲ့ကိုယ်ပဲ၊ ဥပမာအားဖြင့် ကျွန်တော်တို့ မူလတာဝန်ရှိတာက နိုင်ငံတကာရေးရာပိုင်း International Politics ပေါ့၊ ဒါပေမယ့် ပြည်တွင်းနိုင်ငံရေးကလည်း အရေးကြီးတယ်လို့ သုံးသပ်မိတာနဲ့ သမ္မတကြီးကို တင်ပြပြီး ကျွန်တော့် ကြီးဒေါ် နွားကျောင်းလိုက်တယ်၊ သမ္မတကြီး Flexible ဖြစ်တယ်၊ Vision လည်းရှိတော့ ဘာမှမပြောဘူး၊ လုပ်ရကိုင်ရတာ အဆင်ပြေတယ်ပေါ့။

 
မေး-သမ္မတကြီးပေးတဲ့ တာဝန်တွေထဲမှာ အကျပ်အတည်းဖြစ်တာမျိုး ရှိဖူးပါသလား၊ အချိန်လုံလောက်မှုကရော၊

 
ဖြေ-ကျွန်တော်တို့ ကံကောင်းတယ်၊ တာဝန်ယူပြီး (၃) ရက်သားမှာ အင်ဒိုနီးရှားက APF ( ASEAN People’s Forum ) ကို သွားတက်တုန်းကတော့ အခက်အခဲ နည်းနည်းရှိခဲ့တယ်၊ နောက်ပိုင်း သမ္မတကြီးက 'ဝန်' နဲ့ 'အား' မျှအောင်ပဲ တာဝန်ပေးတော့ အကျပ်အတည်း မရှိတော့ဘူး၊ တစ်ခုတော့ရှိတယ်၊ သမ္မတသက်တမ်း ပထမရက် (၁ဝဝ) အတွင်းမှာတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဗီးယားတို့၊ ကင်တားနားတို့၊ တချို့ သံတမန်တို့နဲ့တော့ ကျပ်ကျပ်တည်းတည်းပြောခဲ့၊ ဆွေးနွေးခဲ့ရဖူးတယ်၊ နောက်ပိုင်းတော့ အကျပ်အတည်း မရှိတော့ပါဘူး၊ အချိန်အနေနဲ့ကတော့ ဧည့်သည်တွေ တွေ့ပေးရတာနဲ့ကို တော်တော်လေး လုပြီးလုပ်နေရတယ်။ သံတမန်တွေကိုလည်း ငြင်းလို့မရဘူး၊ သူတို့ကတစ်ဆင့် သူတို့အစိုးရတွေဆီ ပေးချင်တဲ့ Message တွေ၊ သဘောထားတွေကို ပေးနေရတာဆိုတော့ ...

 
မေး-သံတမန်တွေနဲ့ တော်တော် တွေ့ဖြစ်တယ်ဆိုတော့၊ ဆရာ့အမြင်နဲ့ အတွေ့အကြုံလေးပဲ သိချင်ပါတယ်၊

 
ဖြေ-သံတမန်တွေ အားလုံးနီးပါးလောက်နဲ့ တွေ့ဖြစ်ပါတယ်၊ တချို့ဆို လေး၊ ငါးကြိမ်ပဲ၊ UN အဖွဲ့အစည်း တွေ၊NGO ၊INGO တွေလည်းအများကြီးပါပဲ၊ သူတို့နဲ့ တွေ့နေရတာကိုက အချိန်တော်တော် ကုန်နေရတယ်၊ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ပြီးတဲ့နောက်နဲ့ မြစ်ဆုံကိစ္စနောက်ပိုင်းမှာ နေ့စဉ်နီးပါးလောက် တွေ့ပေးနေရတယ်၊ တချို့က ပုံမှန်ပဲ၊ တချို့က အင်မတန် ပါးနပ်ကြတယ်၊ စကားကို အတော်သတိထားပြောရတယ်၊ သိတယ်မို့လား၊ ကျွန်တော်တို့ Position ကဟိုမရောက် ဒီမရောက်ဆိုတော့၊ ကျွန်တော်တို့နဲ့ သူတို့ကတော့ ဟိတ်ဟန်မရှိ ပိုပြီး ပြောဖြစ် ဆိုဖြစ်ကြတာပေါ့၊ တချို့က ဆရာကြီး လုပ်တတ်ကြတယ်၊ အဲသလို လူမျိုးကျတော့လည်း ခပ်ပါးပါး ပြန်ထည့်ပေးလိုက်တယ်၊ သံတမန်ဆိုတာ အပါးနပ်ဆုံး လူတွေပဲ၊ ပရိယာယ် အကြွယ်ဝဆုံးလူတွေ၊ တစ်ခါ တလေ ဖိအားပေးတယ်၊ တစ်ခါတလေ အပျော့ဆွဲ-ဆွဲတယ်၊ တစ်ခါတလေ အရည်အသွေးကို စမ်းတယ်၊ အမျိုးမျိုးပါပဲ။

 
မေး-အကြံပေးအဖွဲ့တွေ တော်တော် တက်တက်ကြွကြွ  အလုပ်လုပ်နေကြတာ ကြားရပါတယ်၊ ကောင်းသတင်းတွေ လည်း များပါတယ်၊ အလုပ်အပေါ်မှာ ဘယ်လိုစိတ်မျိုး ထားပြီး လုပ်တယ်ဆိုတာ သိချင်ပါတယ်၊

 
ဖြေ-အလုပ်အပေါ်မှာပဲ သံယောဇဉ်ထားတယ်၊ ရာထူး ပေါ်မှာ သံယောဇဉ် မထားဘူး၊ အဲဒီတော့ စိတ်သွားတိုင်း ကိုယ်ပါတယ်၊ လုပ်သင့်တယ်လို့ ယူဆတာ လုပ် ဖြစ်သွားတယ်၊ အဓိက-ကတော့ သမ္မတကြီးပါပဲ၊ သူကသာ အဆုံးအဖြတ်ပေးနိုင်တဲ့သူ၊ သမ္မတကြီးမှာ မဟာဗျူဟာအမြင်ရှိတော့ လုပ်ရတာ အဆင်ပြေတယ်၊ အလုပ်မှားရင် စောစောစီးစီး ကျွန်တော်တို့ အနား ယူသွားရနိုင်တာကို မျှော်လင့်ထားပြီးလုပ်ပါတယ်၊ လုပ်သင့်တာ၊ ဖြစ်သင့် တာကို မလုပ်လိုက်နိုင်မှာဘဲ စိုးရိမ်တယ်၊ တခြားဘာမှမရှိဘူး။ ကျွန်တော် အစဦးပိုင်း အင်တာဗျူးမှာ ဖြေဖူးတယ်၊ “Win – Win “ လမ်းကြောင်းကပဲ ကျွန်တော်သွားတယ်၊ သည်နေ့ ကမ္ဘာ့နိုင်ငံရေးကို လေ့လာကြည့်ရင် “Win – Win “  မဟုတ်တဲ့ကိစ္စတွေမှာ လောလောဆယ် ရလဒ်နဲ့၊ နောက်ပိုင်း ရလဒ်တွေမှာ ဆန့်ကျင်ဘက် ဖြစ်နေ လေ့ရှိတတ်တာ တွေ့ရလိမ့်မယ်။

 
မေး-သည်မေးခွန်းကို ဆရာ ဖြေချင်မှဖြေပါ၊ အကြံပေးရဲ့ အနေအထားကို အများသိစေချင်လို့၊ Protocol အရ အကြံပေးဟာ ဘယ်အဆင့်မှာ ရှိပါသလဲ၊ လစာနဲ့ Facility ကရော၊ ကျွန်တော်တို့အတွက် အထူးအဆန်း တစ်ခု ဖြစ်နေလို့ပါ။

 
ဖြေ-ဖြေလို့ရပါတယ်၊ Protocol ကိုတော့ အစိုးရ ရုံးကိုမေးရင် ပိုကောင်းလိမ့်မယ်၊ ခပ်သင့်သင့် အရေးပါပြီး၊ အရာ ကောင်းကောင်းမရောက်တဲ့ ရာထူးလို့ ကိုယ့် ကိုယ်ကို သတ်မှတ်ထားတယ်၊ လစာလို့တော့ မပြောဘူး၊ 'ချီးမြှင့်' ငွေလို့တော့ သုံးတာတွေ့ရတယ်၊ သမ္မတကြီး ကိုယ်တိုင်က ချိုးချိုးခြံခြံနေပြထားတော့ ကျွန်တော်တို့ကို စဉ်းစား ကြည့်လို့ ရနိုင်မယ်ထင်တယ်။

 
မေး-ဆရာတို့ကို အကြံပေးစခန့်တုန်းက အင်တာနက်ထဲမှာ အတော်ကလေး ရေးကြ၊ သားကြတာ တွေ့ရတယ်၊ ဥပမာ ဆရာ့စာတွေကို ရှဲဒိုးရေးခိုင်းတယ်ဆိုတာမျိုး၊ ဒါနဲ့ပတ်သက်ပြီး ဆရာ ဘာများပြောချင်ပါသလဲ၊
 
 
ဖြေ-ဘယ်သူတွေ ရေးနေတယ်ဆိုတာလည်း သိပါတယ်၊ ရှဲဒိုးရေးလား မရေးလားဆိုရင် စာရွက်အလွတ်နဲ့ ဘောလ်ပင်ယူလာခဲ့လိုက်ပါလို့ပဲ ပြောချင်တယ်၊ ဟောပြောပွဲ တွေမှာ မေးတဲ့ မေးခွန်းတွေကို ပါးစပ်အငှားနဲ့ ဘယ်လို ဖြေလို့ရမှာလဲ၊ အခု အင်တာဗျူးတွေကိုရော ပါးစပ်အငှားနဲ့ ဘယ်လို ဖြေလို့ရမှာလဲ ... ဘယ်သူ ရေးတယ်ဆိုတာ ကျွန်တော်သိတယ်လို့ပဲ သည်နေရာက ပြောလိုက်ပါရစေ၊

 
 
မေး-အခု အပြင်မှာ သတင်းတွေဖြစ်နေတာ တစ်ခုရှိတယ်၊ Version တွေက အမျိုးမျိုးပဲ၊ တတိယအင်အား စုက ကြိုးစားလို့၊ အပြင်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ကြိုးစားလို့ ... သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဖြစ်ကြတယ်ဆိုတာမျိုး၊ ပြီးတော့ ... ပြင်ပအား တစ်ခုခုပါလို့ သမ္မတကြီးကပဲ ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ချင်တွေ့ချင် တွေ့ရတယ် ဆိုတာမျိုး၊ အဲဒီကိစ္စက နောင်မရှုပ်ခင်မှာ ရှင်းလင်းသင့်တယ်လို့ ကျွန်တော်တို့ ယူဆတယ်၊ ဆရာ ဘာပြောချင်ပါသလဲ၊

 
ဖြေ-သမိုင်းကို ဖျာခင်းချင်သူတွေရဲ့ စကားပါ၊ သာမန် ကောလာဟလဆိုရင်တော့ ပြောစရာမရှိပါဘူး၊ ရည်ရွယ် ချက်ပါတဲ့ ကောလာဟလဆိုရင်တော့ မကောင်းဘူး၊ဘယ် External Force  မှ မပါဘူး၊ ဘယ် တတိယအင်အားစုမှ လည်းမဟုတ်ဘူး၊ ကျွန်တော်ကိုယ်တိုင် ပါတီ (၃၇) ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်သင့်ပါတယ်ဆိုပြီး နှုတ် နဲ့တင်ပြခဲ့တာကို သမ္မတကြီးကိုယ်တိုင်က စက္ကန့်ပိုင်းမှာတင် သဘောတူခဲ့တာကို ကြည့်ရင်သမ္မတကြီးရဲ့လွတ်လပ်ဆန္ဒအရဆိုတာ သိသာပါတယ်၊ သူ့ရင်ထဲ၊ အတွေးထဲမှာလည်းအရင်က တည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ရှိနေပြီးသား ဖြစ်နေလိမ့်မယ်၊ ဗိုလ်ချုပ်အောင်ဆန်းပုံကို သမ္မတကြီးကိုယ်တိုင် သူ့ရုံးခန်းထဲမှာ ချိတ်ထားတာနဲ့ National Reconciliation လုပ်ဆောင်မယ်လို့ပြောခဲ့တာ သက်သေပဲ၊ ကောင်းတာ လုပ်နေတဲ့ လူကြီးတစ်ယောက်ကို အဲဒီလိုတော့ မပြောသင့်ဘူးလို့ ထင်တယ်၊ အဲဒီလောက်တောင် လူတွေ အတ္တမကြီးသင့်ဘူး၊ ဒါတွေကို ကျွန်တော် မပြောဘူးလို့ နေခဲ့တာ၊ စိတ်ရင်းစေတနာကောင်းတဲ့သူကို ထိခိုက်လွန်းတယ်လို့ယူဆလို့ ရှင်းလိုက်တာပါ၊ သမ္မတကြီးကိုယ်တိုင် ငါးစက္ကန့် တောင် မကြာတဲ့အချိန်မှာ အဆုံးအဖြတ် ပေးလိုက်တာဆိုတော့ External Force ပါ-မပါ ရှင်းပါတယ်၊ သူ့ စိတ်ဆန္ဒရင်းကြောင့် အဲဒီလောက် အချိန်တိုအတွင်းမှာ အဆုံးအဖြတ်ပေးနိုင်တာပါ၊ သူ Political Will ကသာအဓိကပါ။

 
မေး-ဒါကြောင့် နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မယ်လို့ ဆရာဦးဆုံးစပြီး ပြောနိုင်တာကိုး၊ ကျွန်တော်တို့ သတိတော့ထားမိတယ်၊ ဒါပေမယ့် ပြည်တွင်းကို သတင်းမပေးဘဲ၊ ဘာကြောင့် ပြည်ပကို သတင်းစပေးခဲ့ပါသလဲ ဆရာ၊

 
ဖြေ-ခွင့်တောင်းပြီးတော့ ကျွန်တော့်ကိစ္စပြီးသွားပြီ၊ ကျန်တာ ရုံးအလုပ်နဲ့ သမ္မတက ဆက်ပြီးတာဝန်ပေး မယ့်သူရဲ့ အလုပ်ပဲ၊ ကျွန်တော် သိစရာမလိုတော့ဘူး၊ ကျွန်တော့်စည်းအတွင်းမှာပဲ ကျွန်တော်ပြန်နေတယ်၊ ဒါပေမယ့် အဲဒီတုန်းက ခင်ဗျားတို့ သတိထားမိမလား မသိဘူး၊ နိုင်ငံကြီးတစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး တစ်ဦးက ပွဲတစ်ပွဲ မှာ မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့၊ ပြင်းထန်တဲ့စကားတွေနဲ့ မိန့်ခွန်းပေးမယ်ဆိုပြီး ပြည်ပအသံလွှင့်ဌာနတွေက သတင်းထွက်လာတယ်၊ မလိုအပ်ဘဲ သမ္မတကြီးအပေါ် Pressure မရှိစေချင်ဘူး၊ ဒါ ကြောင့် မလွန် မကျွံသွားအောင်ဆိုပြီး ကျွန်တော် ဒီကလှမ်းတားတဲ့အနေနဲ့ သတင်းထုတ်လိုက်တာပါ၊ ကံဆိုးချင်တော့ အလုပ်ရုံဆွေးနွေးပွဲက နောက်ကိုနည်းနည်းဆုတ်သွားတယ်၊ ကျွန်တော်မှားပြီး ပြောလိုက်သလားဆိုပြီးတောင် ဝေဖန်သံတွေ ထွက်လာသေးတယ်၊ အကျပ်အတည်းကို ကျွန်တော် ပြန်ခံစားလိုက်ရတယ်၊ အဲဒီတုန်းကသာ အဲဒီ နိုင်ငံခြားရေးဝန်ကြီး ခပ်ပြင်းပြင်းပြောခဲ့ရင် အခုဆို လျှော့ဖို့ တော်တော်ခက်သွားမယ်။

 
မေး-MDRI ကိစ္စလေး မေးချင်တယ်ဆရာ၊ ရည်ရွယ်ချက် နဲ့ သဘောသဘာဝ ပြောပြနိုင်မလား၊

 
ဖြေ-MDRI က Myanmar Development and Resource Institute ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တွေမှာ လည်း ရှိတယ်၊ IDEA က ဦးမြင့်ဆီက စတယ်၊ သမ္မတကြီးက ခွင့်ပြုခဲ့တယ်၊ သတင်းတချို့မှာ ဦးမြင့် ပြောခဲ့တဲ့ အတိုင်းပါပဲ၊ ကျွန်တော်တို့ နိုင်ငံရေးဘက်ကStrategic Studies Institute  ဆိုတာမျိုးကိုလုပ်မလို့၊ နောက်ဆုံး MDRI နဲ့ စုပေါင်းလုပ်လိုက်ကြတယ်ပေါ့။ အကြံပေး (၉) ဦး အပေါ် အခြေခံဖွဲ့စည်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေဆိုင်ရာ လုပ်ငန်းဆောင်တာတွေ ရှိလာမယ်၊ ကျွန် တော်တို့ နိုင်ငံရေးဘက်မှာ Political  နဲ့ HR ကို ဇောင်းပေးလုပ်သွားမယ်၊ ပြည်တွင်းပြည်ပ ပညာရှင်တွေက သင်တန်းပို့ချမယ်၊ မည်သူမဆို တက်နိုင်တယ်၊ ဘယ်ပါတီကိုမဆို သွားနိုင်တယ်၊ အချုပ်အခြယ် မရှိဘူး၊ နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်မယ်၊ မျက်လုံးမှိတ်ပြီး ပြောနေမယ့်အစား နိုင်ငံရေးဆိုတာဘာလဲလို့ သိပြီးပြောနိုင်တော့ ပိုကောင်းတာပေါ့၊ State Building ဆိုတဲ့ နိုင်ငံတော်တည်ဆောက်ရေး အကြောင်းလည်း သိသွားမှာပါ။

 
          ရည်ရွယ်ချက်က မျိုးဆက်သစ်တွေ အရည်အသွေး တစ်စုံတစ်ရာ မြှင့်တင်ရေး အစီအစဉ်ပါ၊ အဲဒီ အစီ အစဉ်ကိုကြည့်ရင်ပဲ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှု၊ အနှစ်သာရကို တွေ့နိုင်ပါလိမ့်မယ်။

 
မေး-နောက်တစ်ခုက 'အမေရိကန်-တရုတ်-မြန်မာ' သုံးပွင့်ဆိုင်အခြေအနေ၊ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ၊ အမေရိ ကန်-တရုတ် ထိပ်တိုက် ဘယ်လို တွေ့ဆုံကြမလဲဆိုတာ ... ၊

 
ဖြေ-ဦးဆုံးပြောချင်တာက နိုင်ငံတစ်နိုင်ငံရဲ့ အိမ်နီးချင်း တွေဆိုတာ Choice ဆိုတဲ့ ရွေးချယ်ပိုင်ခွင့် မဟုတ်ဘူး၊ ပထဝီအနေအထားအရ ပြဋ္ဌာန်းခြင်းဆိုတဲ့ Determination ပါ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အိမ်နီးချင်းတွေကိုတော့ ဆက်ဆံရေးကောင်းကောင်းနဲ့ ပေါင်းရမှာပဲ၊ အဲဒီတော့ 'မြန်မာ-တရုတ်' ဆက်ဆံရေးက ပြောင်းစရာ မမြင်ပါဘူး၊ နောက်တစ်ခုက 'မြန်မာ-အမေရိကန်' ပဲပြောပြော 'မြန်မာ-အီးယူ' ပဲပြောပြော၊ အခုရက်ပိုင်း အခြေအနေတွေက 'ဂ' ငယ်ကွေ့ တစ်ဆစ်ချိုး ပြောင်းသွားတယ်၊ သူတို့က မြန်မာနိုင်ငံကို ခွဲခြားဆက်ဆံခဲ့တာ၊ မြန်မာနိုင်ငံက ရှောင်နေတာ မဟုတ်ဘူး၊ ကြုံလို့ ပြောရဦးမယ်၊ မြန်မာနိုင်ငံအတွင်းမှာ ခွဲခြား ဆက်ဆံမှ (Discrimination) တွေ ရှိနေတယ်ဆိုပြီး အနောက်ဘက်က ပြောကြတယ်၊ စဉ်းစားကြည့်ရင် ... အနောက်ဘက်က ကျွန်တော်တို့နိုင်ငံကို အခြားနိုင်ငံတွေနဲ့ ခွဲခြားထားတာ၊ (Discriminate) လုပ်ထားတာကို ဘယ်လိုပြောမလဲ၊ ဘယ်လိုခံစားမလဲ ... ထားပါတော့၊
          စင်ကာပူမှာ အမေရိကန်တွေရဲ့ စစ်သင်္ဘောငယ် တွေကို တပ်စွဲလိုက်ပြီး၊ သြစတြေးလျမှာလည်း တပ်အင် အား ချဲ့ထွင်လိုက်တယ်၊ အမေရိကန်တွေရဲ့ ပစိဖိတ်ဒေသ မဟာဗျူဟာ ပိုပေါ်လာတယ်၊ အမေရိကန်တွေအနေ နဲ့ ကျွန်တော်တို့နိုင်ငံအပေါ် နည်းဗျူဟာအဆင့်ကကြည့်ရင် တစ်မျိုးဆက်ဆံမယ်၊ မဟာဗျူဟာအဆင့်က ကြည့်ရင် တစ်မျိုး ဖြစ်သွားမယ်၊ ဒါကတော့ သူတို့ရဲ့သဘောပဲ၊ ကျွန်တော်တို့ကတော့ ကမ္ဘာ့နိုင်ငံပေါင်း (၂ဝဝ) နဲ့ ချစ်ခင် ချင်တာပဲ။
          နောက်တစ်ခုက 'အမေရိကန်-တရုတ်' ထိပ်တိုက် တွေ့နိုင်ခြေ ရှိ-မရှိဆိုတာ၊ တွေ့နိုင်ခြေ အင်မတန် နည်း ပါးတယ်လို့ ကျွန်တော် သုံးသပ်တယ်၊ အမေရိကန် ဘက်ကကြည့်တော့ တရုတ်ကို နိုင်ငံရေးစနစ်မတူတဲ့၊ အနာဂတ်မှာ ပခုံးချင်းယှဉ်လာမယ့် ကျားတစ်ကောင်လို့ မြင်လိမ့်မယ်၊ သူ့အလုပ် သူ လုပ်လိမ့်မယ်၊ တရုတ်က လည်း နိုင်ငံရေးပါဝါရဖို့ စီးပွားရေးကို နောက် ဆယ်စု နှစ်တစ်ခုကျော် (သို့မဟုတ်) နှစ်ခုအထိ အထိခိုက်ခံ မှာ မဟုတ်ဘူး၊ အဲဒီအတွက် ဘယ်အင်အားကြီးနိုင်ငံနဲ့မှ ထိပ်တိုက်မတွေ့အောင် ရှောင်မှာပါ၊ Strategic Allied လုပ်ထားတဲ့နိုင်ငံတွေကို လေ့လာရင် ... တရုတ်ဘက်မှာ သိပ်ပြီး အားမရှိဘူး၊ ဒါကြောင့် 'အမေရိကန်-တရုတ်' ထိပ်တိုက်မတွေ့နိုင်ဘူးလို့ သုံးသပ်တယ်၊ ကျွန်တော်တို့ နိုင်ငံကတော့ စန်းပွင့်ချိန်ဖြစ်ပြီမို့ အခြေအနေ ကောင်းမယ် လို့ ပြောနိုင်ပါတယ်၊

 
မေး-လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာရော ဘယ်လောက် မျှတမယ်လို့ ဆရာ ထင်ပါသလဲ၊ NLD ကရော ဘယ်လောက် နိုင်ခြေရှိပါသလဲ၊

 
ဖြေ-အရင်ထက်စာရင် အများကြီး မျှတပါလိမ့်မယ်၊ လွှတ်တော်ဥက္ကဋ္ဌကြီး၊ကော်မရှင်ဥက္ကဋ္ဌကြီးနဲ့ လူကြီးတွေက ပြောထားပြီးပြီလေ၊ အခြေအနေက အရင်နဲ့ မတူတော့ဘူး၊ Democratization Practice ဆိုတဲ့ အလေ့အကျင့်က အခု အစိုးရသစ် လက်ထက် (၉) လသားလောက် ကျင့်သုံးကြပြီးပြီဆိုတော့ အတော်အတန် အလေ့အကျင့်ရသွားပြီ၊ NLD အနေနဲ့ အခြေအနေ အတော်ကောင်းပါတယ်၊ မြန်မာ့နိုင်ငံရေး ပိုပြီးအသက်ဝင်လာလိမ့်မယ်၊ မှန်မှန် ကန်ကန် စုစုစည်းစည်း၊ အမျိုးသားရေးစိတ်ဓာတ်ကိုပဲ အခြေခံပြီး လုပ်ကိုင်ကြဖို့လိုတယ်၊ မှန်မှန်ကန်ကန်နဲ့ အပြု သဘောဆောင်ပြီး ဝေဖန်နိုင်ဖို့၊ ငါမပါရင် မပြီးဘူးဆိုတဲ့ စိတ်ဓာတ်မျိုး စွန့်ခွာနိုင်ဖို့လိုတယ်၊

 
မေး-နောက်ဆုံးမေးခွန်းပါ ဆရာ၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံကိုမကြာသေးခင်လာသွားတုန်းက သမ္မတကြီးဦးသိန်းစိန်နဲ့ရော၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ပါတွေ့ခဲ့တယ်လို့ Bangkok Post သတင်းစာ ရှင်းလင်းပွဲမှာထုတ်ပြောခဲ့တယ်၊ ဆရာဘယ်လိုရှုမြင်ပါ သလဲ၊

 
ဖြေ-ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေနဲ့ Democratization အတွက်အကောင်းဆုံး လမ်းကြောင်းနဲ့အုတ်မြစ်ကိုချပေး သွားခဲ့တယ်လို့မြင်တယ်၊  စစ်အုပ်ချုပ်ရေးရဲ့ အဆုံးသတ်ကောင်း၊ စာမျက်နှာသစ်ရဲ့အစကောင်းနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့  Graceful Exist လည်းဖြစ်ပါတယ်။ နှစ်ပေါင်း (၂ဝ) လောက် Stress များလွန်းတဲ့ အလုပ်မှာကြာတော့ ငြီးငွေ့နိုင်တယ်၊ သက်ဆင်အနေနဲ့'ကြီးသူ'ကိုဂါရဝပြုတာ မျိုးဖြစ်နိုင်ပါတယ်၊ လက်ရှိ လူကြီးတွေလည်းဂါရဝပြု ခွင့်ရှိနေတယ်လို့မြင်တယ်၊ ကိုယ့်ဆရာသမားကိုအနား ယူပြီးမှဆက်ပြီးဂါရဝ တရားထားနိုင်တာဟာ မြန်မာ တွေရဲ့တန်ဖိုးနဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု့လို့မြင်ပါတယ်။
          သက်ဆင်လိုပဲ (၁၉၉ဝ) တစ်ဝိုက် လောက်တုန်းက ဆူဟာတိုကြီး လည်းဦးနေဝင်းကို တွေ့ပြီးဂါရဝပြုခဲ့ဘူးသေးတာ အမှတ်ရနိုင်ကြဦးမှာပါ၊  ကျွန်တော်တော့ အသက်ရှင်နေ သေးတဲ့ဆရာသမားတွေကို ဒီနေ့ထိဂါရဝ ထားကူညီလို့ ကောင်းတုန်းပဲ၊ ကုသိုလ်အင်မတန်ကြီး တဲ့ကိစ္စလေ။

မက်ဆင်ဂျာဂျာနယ် 
 
 

Read more...

နှစ်ဖြာသောပညာနှင့် လူ့အရင်းအမြစ် "ဒေါက်တာနေဇင်လတ်" (HR Journal အမှတ်စဉ်- 133 မျက်နှာဖုံးဆောင်းပါး)


by HR Journal (7HR Business Group) on Monday, February 27, 2012 at 2:01pm ·
 
ဒေါက်တာနေဇင်လတ်

မြန်မာပို့စ်ဂလိုဘယ်က လူ့အရင်းအမြစ် (HR) နှင့်ပတ်သက်၍ မေးခွန်းဒါဇင် ဝက်ခန့်ပိုခဲ့၍ဖြေပေးလိုက်ရသေး သည်။ မြန်မာနိုင်ငံဘာကြောင့် HR ကျဆင်းခဲ့ရပါသနည်းဟူသည်ကအကြောင်း ရင်းဖြစ်၏။ ခြုံငုံ၍ဆိုရလျှင် စနစ်ကိုလူ တွေကဖန်တီးပါသည်။ စနစ်ဆိုသည်က သက်မဲ့သာဖြစ်၏။ လူတွေဖန်တီးလိုက်သောစနစ်ကပင် နောက်မျိုးဆက်တို့ ကိုပို၍တော်စေနိုင်သလို ပို၍လည်းညံ့ဖျင်း သွားစေနိုင်ပါ၏။ မြန်မာ့လူ့အရင်းအမြစ်ကျဆင်း သွားရခြင်း၏အကြောင်းရင်းမှာ စနစ်မှားအောက်တွင်ကြာမြင့်စွာနေထိုင်ခဲ့ရသောကြောင့်ဖြစ်သည် ဟုဆိုနိုင် ပါ၏။


ကွန်ဆက်တင့်၊ ပါဆက်တစ်


ကျွန်တော်တို့ငယ်စဉ်က သင်ကြားခဲ့ရသော ပညာရေးပုံစံသည် “ကျက်-မှတ်” ပုံစံဖြစ်သည်။ စဉ်းစား ရန်များစွာမရှိခဲ့။ ထို့ကြောင့်များစွာလည်း မစဉ်းစားနိုင်ခဲ့။ ထိုပညာမျိုးသင်ခဲ့ရပြီးသူကကြီးလာသည့် အခါတွင် သူအခြေခံခဲ့သော ဝန်းကျင်ကိုသာဖန်တီးနိုင်မည်သာဖြစ်၏။ စဉ်းစားနိုင်စွမ်းကိုအားမပေးခဲ့သော ပညာရေး တွင်ကြီး ပြင်းခဲ့သူအနေဖြင့်ကြာလာသည့်အခါ မစဉ်းစားတတ်တော့ချေ။ ပို၍သန္ဓေရင့် သွားသည်ကထိုမစဉ်းစား နိုင်ကြသော သူများဖန်တီးထားသည့် ဝန်းကျင်တွင် ကြီးပြင်းမွေးဖွားလာကြသူများမှာစဉ်းစားရကောင်း မှန်းပင် မသိကြတော့ချေ။ တီထွင်ဆန်းသစ်သော၊ တွေးခေါ်ကြံဆသော (Conception) ပျောက်ဆုံးသွားသည်။ Conception ကိုအဘိဓာန်တွင် (Conceived in mind / appreciation / imagination) စသည်ဖြင့်ဖွင့်ဆိုထား သည်။ ဆိုရလျှင် A mental product of invention ဟူသည်တီထွင်ဆန်းသစ်မှုတစ်ခုအပေါ် စိတ်ဆိုင်ရာ ထုတ်လုပ်မှုတစ်ခုပင်ဖြစ်သည်။ Conceptual Knowledge ပျောက်ဆုံးကြသူများဟုဆိုနိုင်သည်။


          အခြေခံစက်ရုံဝန်ထမ်းများသည် ကာယအားကိုး အလုပ်လုပ်ကြရသည်ဖြစ်ရာစက်တစ်ခုပေါ်မှ ပစ္စည်း ကိုနောက်စက်တစ်ခုပေါ် ရွှေ့ရသည့်အလုပ်များတွင် စဉ်းစားရန်များစွာလိုအပ်သည်မဟုတ်၊ သို့သော်လည်း စီမံ ခန့်ခွဲမှုအဆင့်ရောက် လာကြသည့်ကြီးကြပ်သူ၊ မန်နေဂျာငယ်များမှစ၍မူကား စက်ရုပ်တစ်ရုပ်လို လုပ်ကိုင်၍မရ တော့ချေ။ ပစ္စည်းများထားသိုမှု၊ လူများကိုနေရာချထားမှုစသည်တို့မှမည်မျှ များများ၊ မည်မျှကောင်းကောင်း ထုတ်လုပ်နိုင်သည်အထိစဉ်းစားလာကြရသည်။ လူနှင့်ပတ်သက်သောကျွမ်းကျင်မှု (Human Skill) ဟုဆိုသည်။ ဂဟေဆက် သမားတစ်ဦးကျွမ်းကျင်စွာဂဟေဆက်နိုင်မှုကို နည်းပညာဆိုင်ရာကျွမ်းကျင်မှု (Technical Skill) ဟုသတ်မှတ်ပါသည်၊ အခြေခံဝန်ထမ်းများ၏ အဓိကအားထားရသောကျွမ်းကျင်မှုဖြစ်သည်။


          အလယ်လွှာမန်နေဂျာများမှာ နည်းပညာ၏သဘောသဘာဝကို သိထားရမည်ဖြစ်ပြီး ကိုယ်တိုင် ကျွမ်းကျင်စရာ မလိုချေ။ စီမံခန့်ခွဲမှုပညာကသူ၏ အဓိကကျွမ်းကျင်မှုဖြစ်လာ၏။ မည်သို့စီမံခန့်ခွဲရ မည်ကို သိရမည်ဖြစ်ပြီး၊ မည်သို့ဆောင်ရွက်သင့်ကြောင်းစဉ်းစားနိုင်လျှင် Conceptual Knowledge ကောင်းသူ သို့မဟုတ် Conceptive Person ဖြစ်သည်ဟု ဆိုပါလိမ့်မည်။


အထက်လွှာသည်ဤမျှနှင့်မလုံလောက်တော့အခြေခံအားဖြင့် ကျွမ်းကျင်မှုသုံးမျိုး ရှိသည်။
          Technical Skill  ဟူသည့်နည်းပညာ ရပ်ဆိုင်ရာကျွမ်းကျင်မှု၊
          Human Skill ဟူသည့်လူတို့နှင့်ပတ် သက်သောသိနားလည်နိုင်မှု၊
          Conceptual Skill ဟူသောထိပ်တန်းစီမံခန့်ခွဲသူတို့၏ တွေးတောကြံဆ၊ တီထွင်ဆန်းသစ်ခြင်းအပေါ် ကျွမ်းကျင်မှုဟူ၍ဖြစ်သည်။


          ထိပ်တန်းစီမံခန့်ခွဲသူတို့မှာ Conceptual Skill ကိုကောင်းစွာပိုင်နိုင်ကျွမ်းကျင်သင့်ကြသည်။ ခေတ်သစ်သည် ယှဉ်ပြိုင်မှုပို၍ပြင်းထန်လာသည့်ခေတ်ဖြစ် လာသဖြင့်အတွေးအခေါ်အယူအဆများ ကတစ်နေ့ထက်တစ်နေ့ပို၍တောက် ပြောင်လာရန်လိုပါသည်။ ထို့ထက်ပို၍ ကြီးကျယ်ကြသူတို့မှာကား ရှေ့ဘာဖြစ် မည်ကို ကြိုတင်တွေးခေါ်ပုံဖော်နိုင်သည့် အရည်အချင်းပင်ဖြစ်သည်။ Perceptual Skill ဟုခေါ်သည်။ Perception ကို အတွေ့အကြုံပညာရပ်များရာမှ အာရုံမှ တစ်ဆင့်သိမှုဟု အဓိပ္ပာယ်ဖွင့်ဆိုထား သည်။ The initiative or direct recognition of a moral (or) personal quality ဟုဆိုထားပါသည်။ အနာဂတ်ဖြစ် လာမည်တို့ကိုကြိုတင်တွေးတောကြံဆနိုင် သူများကို Perceptive  ဖြစ်သည်ဟုဆိုပါ သည်။ အနည်းဆုံး မဟာဗျူဟာအဆင့်ရှိ သူတို့သာရနိုင်သောအရည်အသွေးလည်း ဖြစ်သည်။


          တစ်ချိန်တွင်လူတိုင်း ကွန်ပျူတာ မသုံးမနေရသောခေတ်ရောက်လာမည် ဟူသော Bill Gates ၏ အနာဂတ်အမြင်မျိုး၊ iPhone ? iPad တို့ရှိ လုပ်ဆောင်ချက် အသစ်အဆန်းများကိုတီထွင်ထည့်သွင်း ပေးခဲ့သည့် Steve Jobs ၏ အနာဂတ်အမြင်မျိုးများဖြစ်သည်။


မြန်မာတွေ HR အားနည်းခဲ့ရတာ


          “ကျက်-မှတ်” ပညာဖြင့်ကြီးပြင်းလာကြသူတို့သည် လက်တွေ့ဘဝတွင် Technical Skill ကိုပင် ကောင်းစွာအာမခံနိုင်ကြသည်မဟုတ်။ တီထွင်ကြံဆမှု၊ တွေးခေါ်မြော်မြင်မှုတို့သည် ကိုယ်နှင့် ဆိုင်သော အလုပ်များဟု ယူဆကြမည်လည်းမဟုတ်ချေ။ ကိုယ့်အတွက်က “ခိုင်းတာလုပ်၊ ပြန်မပြောနဲ့” ဟူသည်ကလုံ လောက်နေသည်။ ဦးနှောက်အလုပ်ပေး ခြင်း (Brain Storming) ကိစ္စအတွက် ခေါင်းခြောက်မခံနိုင်ဟု ဆိုကြ သည်။ ဦးနှောက်အလုပ်မပေးလျှင်အကြံဥာဏ်သစ်များရနိုင်မည်မဟုတ်၊ ဝေဖန်အကြံမပြုနိုင်လျှင်လည်း ဦး နှောက်ကိုအသုံးချနိုင်ခြင်းမမည်။ ကြာတော့လူတွေက အာရုံမဲ့စက်ရုပ်များ ဖြစ်မှန်းမသိဖြစ်လာကြတော့သည်။           ယှဉ်ပြိုင်ခွင့်မပေးခြင်းကပင်တိုး တက်မှုကိုဆုတ်ယုတ်စေပါသည်။ ယှဉ်ပြိုင်နိုင်မှုမညီမျှခြင်းကလည်း တိုးတက်မှုကို ဟန့်တားပါသည်။ တစ်ချိန်ကကျွန်တော်တို့ “မလုပ်-မရှုပ်-မပြုတ်” ဝန်းကျင်ဖြင့် ကြီးပြင်းလာ ခဲ့ကြရသည်။ ဝေဖန်မှုကိုလက်မ ခံနိုင်ခြင်း၊ ယှဉ်ပြိုင်မှုကင်းမဲ့ခြင်း၊ အကြံဥာဏ်ပေးပိုင်ခွင့်ဆိတ်သုဉ်းခြင်းများ သည် မြန်မာ့လူ့အရင်းအမြစ်ကိုနိမ့်ပါးစေသော အရာများဖြစ်သည်။


          ဦးနှောက်အလုပ်ကောင်းစွာ မပေးရသည့်ဝန်းကျင်တွင် မွေးဖွားကြီးပြင်းလာကြသူများမှာ ဦးနှောက် အလုပ်ပေးရခြင်းကိုပင်မလုပ်တတ်တော့ချေ။ စာများများ ကျက်လျှင်မှတ်Óဏ်အားကောင်းလာသကဲ့သို့ ဦး နှောက်အလုပ်များများပေးခြင်းဖြင့်အကြံကောင်း၊ ဥာဏ်ကောင်းများ ကိုထုတ်လုပ်နိုင်စေပါသည်။ ထို့ကြောင့် အခြေခံပညာရေးမှစ၍ “ကျက်-မှတ်” စနစ် မှ “တတ်-သိ” စနစ်သို့ပြောင်းလဲရန်လိုအပ်ပါလိမ့်မည်။ ဝေဖန်မှုကို အပြုံးဖြင့်ခံယူထားနိုင်ကြရပါလိမ့်မည်။ ဦးနှောက်ကို များများ အလုပ်ပေးကြရပါလိမ့်မည်။ အကြံဥာဏ်ပေးပိုင် ခွင့်ကိုများများ လမ်းဖွင့်ပေးရပါလိမ့်မည်။ မှန်ကန်သောယှဉ် ပြိုင်မှုကိုများများပေးရပါလိမ့်မည်။


          တစ်ချိန်ကမြန်မာ့ HR သည် ဝန်းကျင်၏ အပံ့အပိုးမရခဲ့သောကြောင့် အာရုံမဲ့စက်ရုပ်လူသားနီးပါး မျှဖြစ်ခဲ့ရ ၍လူ့အရင်းအမြစ်များစွာနိမ့်ပါးခဲ့ရခြင်း ဖြစ်ပါသည်။ မိမိတို့၏ အရည်အချင်းကောင်းများကိုစနစ်က သုံးစွဲခွင့်မပေးခဲ့ကြသောကြောင့်ဖြစ်သည်။


ဘာကြောင့်တိုးတက်ကြသလဲ


          ကုန်ထုတ်လုပ်မှုများတွင်စက်၊ စက်ရုပ်များ သုံးစွဲနေသော်လည်း လူ့လုပ်အားကို ယနေ့ထိလုံးဝပစ် ပယ်၍ မရသေးပါချေ။ ချမ်းသာသောနိုင်ငံများတွင်အခြေခံအလုပ် များ (ဦးနှောက်များများအသုံးမပြုရသည့်) ကိုသူ့နိုင်ငံမှအောက်ခြေလုပ်သားများနှင့် တတိယနိုင်ငံမှလုပ်သားများကို ခေါ်ယူဆောင်ရွက်လေ့ရှိသည်။ အလယ်လွှာနှင့် အထက်လွှာတို့အားကောင်းကြသည်။ ဆိုရလျှင် Conceptual Knowledge နှင့် Perceptual Knowledge  အားကောင်းသူ များ တစ်စုံတစ်ရာတောင့်တင်းသည်ကို တွေ့နိုင်ပါသည်။


          စစ်တုရင်ကစားနည်းတွင်ဤအခြေအနေကိုကောင်းစွာတွေ့နိုင်ပါသည်။ ကစားနည်းကောင်းစွာမကျွမ်း ကျင်သူများ အနေဖြင့်ကစားကောင်အရေအတွက် အသာစီးရရေးကိုအလေးထားတတ်ပြီး ပွဲလယ်၊ ပွဲဆုံး အသာ စီးရပြီးအောင်နိုင်မှုကို သာအလေးထားသူအတွက်ကစားကောင် အရေအတွက်ထက် “အကွက်” အသာစီးရ ရေးပေါ်တွင်သာ အာရုံထားကြောင်းတွေ့နိုင်မည်ဖြစ်ပါသည်။ သာမန်အဆင့်သာ စဉ်းစားနိုင်သူအတွက် Technical Skill ပေါ်တွင်သာအလေးထားနိုင်မည်ဖြစ်ပြီး တစ်စုံတစ်ရာ အနာဂတ်တိုးတက်မှုအတွက် ဆန္ဒကြီးသူများမှာ Conceptual Skill ကိုရအောင်ကြိုးစားကြမည်ဖြစ်သည်။


          ကြီးကြီးကျယ်ကျယ်ဖြစ်လိုသူများ၊ ရလိုသူများအတွက်မူ Perceptual Knowledge သည် မရှိမဖြစ် သော အရည်အချင်းတစ်ပါးဖြစ်ရပါလိမ့်မည်။


ပြင်ဆင်ကြရတော့မယ်


          မြန်မာ့နိုင်ငံရေး အခြေအနေ ကောင်းများရရှိခဲ့ပြီဖြစ်၍ အရေးယူပိတ်ဆို့မှုများ မကြာမီဖယ်ရှားပေး နိုင်လိမ့်မည်ဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံသူများ အများအပြားကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် များစွာစိတ်အားထက်သန်နေကြပြီဖြစ်သည်။ အတိတ်ကဝန်းကျင်နှင့် လုံးဝမတူခြားနားသောဝန်းကျင်နှင့် ထိတွေ့ဆက်ဆံကြရမည်လည်း ဖြစ်သည်။ မျှတသောယှဉ်ပြိုင်မှု၊ မှန်ကန် သောယှဉ်ပြိုင်မှုကို အားပေးသည့် ဝန်းကျင်ဖြစ်၍ ကိုယ့်အရည်အသွေးစံချိန်မမီလျှင် ရှေ့ဆက်၍ရမည်မဟုတ်ချေ။ အတိတ်တွင်အမှားဖြစ်ခဲ့လျှင် မထောင်းတာလှသော်လည်း အနာဂတ်တွင်ဝေဖန်မှုများ၊ ကန့်ကွက်မှုများနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ ဤယဉ် ကျေးမှုမှာယခုကပင်အစပျိုးနေပြီဖြစ်၏။


          မည်မျှတီထွင်ဆန်းသစ်နိုင်မည်၊ အနာဂတ်ကို မည်မျှကြိုတင်တွေးဆပုံဖော် နိုင်မည်ဆိုသည်မှာလည်း အမှန်တိုးတက် ကြီးပွားလိုသူတို့အတွက်မေ့ထား၍ရမည့် အရည်အချင်းများမဟုတ်ချေ။ ပြင်ပရင်းနှီးမြှုပ်နှံမှုပြု လာကြမည့်သူတို့၏ အထက်နှင့်အလယ်လွှာမှသူများသည် Conceptual Knowledge နှင့် Perceptual Knowledge တစ်စုံတစ်ရာ အားကောင်း ကြသူများဖြစ်သည်ကိုမျှော်လင့်ထားနိုင် ကြရန်ဖြစ်သည်။ ဤအရည် အချင်းများသည်တစ်ရက်တစ်မနက်ဖြင့် မရနိုင်သည်မှန်သော်လည်း ဦးနှောက်အလုပ်ပေးခြင်း (Brain Storming) ကိုမှန်မှန်လုပ်ပေးသွားပါက ဝန်းကျင်၏ပံ့ပိုးမှု၊ အလုပ်ခွင်၏ ပံ့ပိုးမှုများဖြင့်တဖြည်းဖြည်းရနိုင် သည့်အရည်အချင်းများဖြစ်ပါသည်။ အနာ ဂတ်ဝန်းကျင်သည် “မလုပ်-မရှုပ်-မပြုတ်” အတွက် နေရာ ရှိမည်မဟုတ်ပါချေ။ ဝတ်ကျေတန်းကျေအလုပ်တို့ဖြင့်လည်း ကြီးပွားခွင့်ကိုပေးမည် မဟုတ်ပါချေ။


          တွန်းတွန်းတိုက်တိုက်လုပ်ကိုင်ပြီး ဦးနှောက်ခပ်ပူပူအလုပ်ပေးရမည့်ဝန်းကျင်ကို ရင်ဆိုင်နိုင်ရန် မြန်မာတို့ကောင်းစွာပြင်ဆင် ကြရမည်ဖြစ်ပါသည်။


Read more...

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP