Saturday, March 31, 2012

မင်္ဂလာပါ

“မင်္ဂလာပါ” လို့နှုတ်ခွန်း ဆက်သသော ယနေ့ရေဒီယိုFM မှ ထုတ်လွင့်နေသော အစီအစဉ် တင်ဆက်သူ များ၏အသံ၊  “မင်္ဂလာဆရာ ၊ မင်္ဂလာပါ ” ဆရာမ ဟူ၍ လက်အုပ်ချီကာ မူကြိုတန်း မှစ၍ အထက်တန်း အထိကြားရသော အသံ “အားလုံး မင်္ဂလာပါ ခင်ဗျာ/ရှင်” စသော စတိတ်ရှိုးပွဲမှ ကြားနေရသော အသံ၊ နေ့စဉ်လိုလို ကြားနေမြင်နေရသော ထိုမင်္ဂလာ အကြောင်းနှင့် ဆက်စပ်၍ ကျွန်မအတွေးတွေ တစ်ခုပြီး တစ်ခုဆင့်ပွား၍ တွေးနေမိသည်။


မင်္ဂလာနှင့် ပတ်သတ်၍ (၃၈)ဖြာဆိုသော မင်္ဂလာကို ကလေးအရွယ် မှစ၍ သင်ကြား ရဖူးသောကြောင့် လူတိုင်းလူတိုင်း သိကြမည်မှာ အမှန်ပင်။ ထို့အတူ မြန်မာလူမျိုးတွေမှာ အာဝါဟ ၀ိဝါဟ ထိမ်းမြား လက်ထပ်လည်း မင်္ဂလာ ၊ မွေးနေ့အလှူ ဆိုလည်း မင်္ဂလာ ၊ ဧည့်ခံတွေ့ဆုံသည့် အခမ်းအနား ဆိုလည်း မင်္ဂလာ၊ ကလေးမွေးလည်း မင်္ဂလာ ၊ ကင်ပွန်းတပ်လည်း မင်္ဂလာ ၊ အိမ်သစ်တက်လည်း မင်္ဂလာ ၊ အလှူလုပ်လည်း မင်္ဂလာ ၊ ဟိုနေရာလည်း မင်္ဂလာ ဒီနေရာလည်း မင်္ဂလာ ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထိုမင်္ဂလာဆိုသည့် အခေါ်အဝေါ်ကို သုံးနှုန်းကြပါသည်။ ဒါ့ကြောင့် ကျွန်မအတွေးမှာ မင်္ဂလာဆိုသည့် ဝေါဟာရနှင့် ပတ်သတ်၍ စဉ်းစားလိုက်တော့ မင်္ဂလာ ဆိုသည်မှာ ကောင်းကျိုး ချမ်းသာ ဟူသမျှနှင့် ပတ်သတ်သော အရာကို မင်္ဂလာလို့ သုံးနှုန်းခေါ်ဝေါ် ကြသည်လို့ အဓိပါယ် ဖွင့်ဆိုလိုက်ပါတယ်။

ဒီလို ကောင်းကျိုးချမ်းသာ နှင့် ပြည့်စုံစေခြင်းလို့ အဓိပါယ် ဖွင့်ခဲ့တဲ့ မင်္ဂလာဆိုသော စကားကို ကျွန်မတို့ ငယ်စဉ်ကလေး ဘ၀၌ မူလတန်း မှစ၍ ဆရာ ဆရာမ များကို မင်္ဂလာပါဟု ကြိုဆိုနှုတ်ခွန်း ဆက်သခြင်းဖြင့် ရင်းနှီးကျွမ်းဝင် ခဲ့ကြပြီး ဖြစ်ပါသည်။ သူငယ်တန်း မြန်မာဖတ်စာ သင်ပုန်း ထဲတွင်ပင် “မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းကိုဆင်၊ မင်္ဂလာပါ ဆရာမ၊ ညီညီညာညာ နှုတ်ဆက်ကြ ” လို့သူငယ်တန်း သင်ခန်းစာ ထဲမှာပင် ပြဌာန်းထား၍ သင်ကြားခဲ့ ရလေသည်။ ထို့ကြောင့် ဂါရ၀ တရားနှင့်လည်း ပြည့်စုံသော “မင်္ဂလာပါ” ဆိုသော စကားစုသည် ဆရာနှင့် တပည့်တွေ့လျှင် “မင်္ဂလာပါ ဆရာ၊ မင်္ဂလာပါ ဆရာမ” ဟူ၍ လက်အုပ်ချီကာ နှုတ်ခွန်းကြိုဆို စကားအဖြစ် မြန်မာလူမျိုးများသည် ကျောင်း၌တွင်လည်း ယဉ်ကျေးမှု တစ်ခုအနေနှင့် ယနေ့အထိတိုင် သုံးနှုန်းနေ ကြပါသည်။

ထိုယဉ်ကျေး လိမ္မာ၍ နားဝင်ချိုခါ ဂါရ၀ တရားနှင့် ပြည့်စုံသော နှုတ်ခွန်းဆက် “မင်္ဂလာပါ” ဆိုသော စကားစုသည် ဆရာနှင့်တပည့် တွေ့လျှင်သာ သုံးနှုန်းမှု များပြားပြီး အပြင်လောကတွင် မိဘနှင့်သားသမီး ၊ ညီအစ်ကို မောင်နှမ ၊ ဆွေမျိုးသားခြင်း ၊ သူငယ်ချင်း မိတ်ဆွေ၊ သူဌေးနှင့်ဝန်ထမ်း ၊ စသည်ဖြင့် အလွှာစုံ အတန်းစုံမှ လူပုဂ္ဂိုလ် အချင်းချင်း တစ်ဦးနှင့်တစ်ဦး တွေ့ဆုံလျှင် လောက၀တ်ပြု စကားအဖြစ် သုံးနှုန်းမှုမှာ အင်မတန် နည်းပါးသည်ဟု ကျွန်မထင်မြင် မိပါသည်။

အလွန်ယဉ်ကျေး ပါသည်ဆိုသော ယနေ့ဖွံ့ဖြိုး တိုးတက်လာသော မြန်မာနိုင်ငံမှ မြန်မာလူမျိုးများသည် အချင်းချင်း မျက်လုံးချင်း ဆုံမိလျှင်ပင် ထိုဂါရ၀ တရားနှင့် ပြည့်စုံသော “မင်္ဂလာပါ” နှင့် “ကျေးဇူးတင်ပါတယ်” ဆိုသော စကားစုကို သုံးနှုန်းပြောဆိုရန် အလွန်တွန့်တို၍ နှုတ်လေးနေ တတ်ကြသည် ကိုလည်းတွေ့မြင် နေရပါတယ်။


မြန်မာများသည် လမ်း၌ တစ်ယောက်နှင့် တစ်ယောက် ခလုတ်တိုက်ဟန်လွဲ တွေ့လျှင်ပင် လောက၀တ် ပြူငှာသော စကားမှာ “နေကောင်းလား” ၊ “စားပြီးပြီလား” ၊ “ဘယ်သွားမလို့လဲ” ၊ “ဘယ်ကပြန် လာသလဲ” ဟူသော အကျိုးမရှိသော စကားများဖြင့်သာ လောက၀တ် စကားများသုံး၍ နှုတ်ခွန်းဆက်ကြသူ များလေသည်။ ထိုကဲ့သို့ အကျိုးမရှိသော စကားများဖြင့် သူများအရေးကို ပိုစိတ်ဝင်စားသည့် စပ်စုလွန်းသည့် အဓိပါယ်ပါသော စကားစု များဖြင့်သာ အစချီ၍ အချင်းချင်း အသိအမှတ်ပြု နှုတ်ဆက်ကြသည်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံပဲ ရှိသည်ဟု ထင်မြင်မိပါသည်။


ထိုအသုံးအနှုန်း အချင်းအရာကို ကြည့်ခြင်းအားဖြင့် မြန်မာအများစုသည် ယခင်ကတည်းက အလွန့်အလွန် သူများအရေးကို စပ်စုလွန်းတတ်သော လူမျိုးပင် ဖြစ်သည်ဟု ကောက်ချက်ချ နိုင်ပါသည်။ ကျေးလက်တောရွာ များတွင်သာမက မြို့ကြီးများတွင်ပင် အချင်းချင်း တွေ့ဆုံကြလျှင်လည်း “ ညည်း..ဟိုသတင်း ကြားပြီးပြီလား ၊ ဟိုကောင်မကတော့ ဘယ်လို ဘယ်ပုံ၊ ဟိုအိမ်ကတော့ ဘယ်လို ” စသည်ဖြင့် လူအချင်းချင်းတွေ့လျှင် ရေအိုးခေါင်းပေါ်မှ ချ၍သော် လည်းကောင်း ၊ ဈေးခြင်းတောင်း အောက်ချ၍ သော်လည်းကောင်း ပိုက်ဆံအိတ် ချိုင်းကြားညှပ်၍ သော်လည်းကောင်း ၊ တစ်ယောက်နှင့် တစ်ယောက် မကောင်းသော အတင်းသဘောဖြင့်သာ အစချီ၍ စတင်နှုတ်ဆက်မှု ပြုကြလေသည်။

ထို့ကြောင့် ကိုယ့်အရေးထက် သူများအရေးကို ပို၍စိတ်ဝင်စားပြီး သဏ္ဍာန်လုပ်၍ ဟန်လုပ်ခါ နှုတ်ဆက်က၀တ် ပြုမူကြသည်မှာ မြန်မာလူမျိုးများသာ ဖြစ်လေသည်ဟု ကောက်ချက် ချမိပါသည်။ သို့ဆိုလျှင် လမ်း၌တစ်ဦး နှင့်တစ်ဦး တွေ့ဆုံလျှင် မင်္ဂလာပါ ဟုကြိုဆို နှုတ်ခွန်းဆက်မိလျှင် ထိုသူတို့အား ဒီကောင်လေး ကြောင်သွားသလိုလို ၊ ဒီကောင်မလေး ဂေါက်သွားသလိုလိုဖြင့် လူတိုင်း ပြုံးစိစိဖြင့် လှည့်ကြည့်တတ် ကြသည်ကိုလည်း တွေ့ရတတ်ပါသည်။

ယနေ့တိုးတက်လာသော မြန်မာများကြားတွင် သုံးနှုန်းလာသော “မင်္ဂလာပါ” ဆိုသော လောက၀တ်ပြုသော စကားစုသည် ၀န်ဆောင်မှု အလွန်ကောင်းသော လုပ်ငန်းများတွင် လည်းကောင်း၊ စတိတ်ရှိုး စင်ပေါ်တွင်လည်းကောင်း ၊ နေ့စဉ်ထုတ် လွှင့်နေသော ရေဒီယို အက်ဖ်အမ် များတွင်လည်းကောင်း၊ တီဗွီအစီအစဉ် များတွင်လည်းကောင်း ၊ ယနေ့ လူနည်းစုဖြစ်သော အွန်လိုင်းသုံးသော လူငယ်များတွင် လည်းကောင်း နှုတ်ဆက်ပြော ဆိုသည်များ ကြားလာရပါသည်။ ထိုသို့နှုတ်ဆက်တတ်သော အနည်းစုသော လူငယ်များအား အင်မတန် ချီးကျူးထိုက်ပါသည်။

သူများအရေးအား စိတ်ဝင်စားသည့် စပ်စုလွန်းသော အကျိုးမရှိသော လောက၀တ် ပြုသော စကားများအစား “မင်္ဂလာပါ” ဟုပြောင်းလဲ သုံးနှုန်းလျှင် ဂါရ၀ တရားနှင့် ပိုမို၍ ပြည့်စုံစေပြီး နားဝင်ချိုကာ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံစေသည် မဟုတ်ပါလော။ ထို့နောက်တွင်သာ မိမိပြောလိုရာ စကားအား ဆက်လက်ပြောဆိုလျှင် အလွန်ပဲ သင့်မြတ်လှသည် မဟုတ်ပါလား။

ဥရောပလို အနောက်နိုင်ငံ များမှာတောင် မိဘနှင့် သားသမီးကြား၊ သူငယ်ချင်း မိတ်ဆွေများကြား၊ သူဌေးနှင့် ၀န်ထမ်းကြား၊ ဈေးဝယ်သူနှင့် ဈေးရောင်းသူကြား ၊ စသည့်အလွှာစုံမှ လူများသည် အချင်းချင်း တွေ့ဆုံလျှင်ဖြစ်စေ ၊ မျက်လုံးချင်း စုံမိလျှင် ဖြစ်စေ ကျေးမှုအရ Good Morning , Good Afternoon , Good Evening ,Good Night လို့ အသိအမှတ် ပြုသော နှုတ်ခွန်းဆက်စကား တွေရှိတာ သူတို့နိုင်ငံရဲ့ ချစ်စရာ ယဉ်ကျေးမှု တစ်ခုပါပဲ။ လူတစ်ယောက် နဲ့တစ်ယောက် မျက်လုံးချင်း ဆုံမိကြပြီး ရင်းနှီးမှု မရှိသော်လည်း ကောင်းသောနေ့ကို အစွဲပြု၍ ရင်းနှီးစွာ နှုတ်ဆက်ကြ သည်ကိုလည်း ကြုံဖူးခဲ့ တွေ့ဖူးခဲ့ ကြမှာပါ။ ဒါသည်ပင် သူတို့နိုင်ငံဧ။် လူသားအချင်းချင်း အသိအမှတ်ပြုတဲ့ ယဉ်ကျေးမှု တစ်ခုပင် မဟုတ်ပါလား။

ဟိန္ဒူဘာသာ ၀င်တွေလည်း တစ်ယောက်နဲ့ တစ်ယောက်တွေ့လို့ နှုတ်ဆက်ရင် လက်အုပ်ကလေး ချီရင်း (နာမ္မစတေး) လို့ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ကြပါတယ်။ ယနေ့ ခေတ်စားလာသော ကိုရီးယား ရုပ်ရှင်ကားတွေ မြန်မာနိုင်ငံမှာ လွမ်းမိုးလာ မှုအရ သတိထားမိသည်မှာ ၄င်းတို့တွင် အချင်းချင်း သိသည်ဖြစ်စေ မသိသည် ဖြစ်စေ တွေ့ဆုံကြလျှင် ခေါင်းလေးငုံ ခါးကိုကိုင်း၍ (အမ်ညော်ကဆာရော ) ဟုနှုတ်ဆက် ကြသည်ကို တွေ့ရပါသည်။ နိုင်ငံတစ်ကာတွင် တစ်ဖက်လူအား အသိအမှတ်ပြုသည့် နှုတ်ခွန်းဆက်သခြင်းကို သူတို့လူမျိုးရဲ့ ယဉ်ကျေးမှု တစ်ခုလို့ သတ်မှတ်ထား ကြပါတယ်။ ဤသည်မှာ အတုယူဖွယ် ပင်ဖြစ်ပါသည်။

တိုးတက်နေပြီးသော နိုင်ငံများတွင် မိဘနှင့် သားသမီး များအကြားတွင် မိုးလင်းအိပ်ရာထ မှစ၍ မိုးချုပ်အိပ်ယာဝင် သည်အထိ နှုတ်ဆက်မင်္ဂလာ ပြုကြသည်မှာ ချစ်စရာ ပင်ဖြစ်လေသည်။ ဂွတ်မောနင်း ဒက်ဒီ (အင်္ဂလိပ်) ၊ ကျောင်ဝ်စန့်ဟောင်ဝ် မာမား ၊ ၀မ်အမ်း ပါ့ပါ (တရုတ်) စသည်ဖြင့် ဘာသာစကား မျိုးစုံဖြင့် ကိုယ့်နိုင်ငံ ၊ကိုယ့်လူမျိုး ၊ကိုယ့်ယဉ်ကျေးမှု ကိုလိုက်၍ အနောက်နိုင်ငံ များနှင့်တကွ အာရှနိုင်ငံ များတွင် မိသားစု အချင်းချင်း၊ လူအချင်းချင်း နှုတ်ဆက်ကြပါသည်။ သူ့နိုင်ငံနှင့် သူ့လူမျိုးအလိုက် လက်အုပ်ချီ၍ သော်လည်းကောင်း ခါးကိုင်းညွတ်၍ သော်လည်းကောင်း လက်ပြ၍ သော်လည်းကောင်း ဂါရ၀ တရားနှင့် ပြည့်စုံစွာ နှုတ်ဆက်တတ် ကြသည်မှာ လေးစားအတု ယူဖွယ်ပင်ဖြစ်သည်။

ယနေ့နိုင်ငံတကာတွင် မိုးလင်း၍ မျက်လုံးနှစ်လုံး ဖွင့်သည်မှစ၍ အိပ်စက်အနားယူ မျက်စိမှိတ်သော အချိန်ထိ ကောင်းသောနေ့ ကောင်းသောအချိန်ကို အစွဲပြု၍ အချင်းချင်း အသိအမှတ်ပြုကာ မိဘနှင့် သားသမီး များကြားမှစ၍ အလွာစုံမှ လူများသည် တစ်နေ့တာကို မင်္ဂလာစကားနှင့် အစပြု၍ မင်္ဂလာနှင့် နှုတ်ဆက်ကာ ကုန်ဆုံးစေ ကြသည်ကို တွေ့မြင်ရပါသည်။

အမှန်စင်စစ် မင်္ဂလာရှိသော ထိုမင်္ဂလာပါ ဆိုသောစကားသည် မြန်မာလူမျိုးများ၏ ပါးစပ်ဖျားပေါ်မှာ မရှိခဲ့တာ မဟုတ်ပါဘူး။ တကယ်တမ်းက အသုံးမတွင်ကျယ် ခဲ့တာပါ။ ဆရာနှင့် တပည့် တွေ့ဆုံလျှင် လက်အုပ်ကလေးချီ၍ မင်္ဂလာပါ ဟု သုံးနှုန်းလျှင် ထူးထူးဆန်းဆန်း မဖြစ်ပေမယ့် အပြင်မှာ လူအချင်းချင်း လမ်း၌တွေ့ သည့်အခါ လက်အုပ်ချီပြီး “မင်္ဂလာ”ပါဟု နှုတ်ဆက်လျှင် လူထူး၊ လူဆန်းသဖွယ် အကြည့်ခံ ရမည်မှာစိုး သောကြောင့် ရှက်ရွံ၍သာ ဖြစ်သည်ဟု ကျွန်မထင်မြင် မိပါတယ်။

ဘာသာ၊ သာသနာ၊ ထွန်းကားသော မြန်မာ့နိုင်ငံတွင် ကိုယ်ပိုင်ယဉ်ကျေးမှု မြောက်များစွာ ရှိပါသည်။ ဘုရား၊ ရဟန်း၊ သံဃာ၊ မိဘ၊ ဆရာ၊ စသော လူကြီးသူမ များ၏ရှေ့တွင် လမ်းလျှောက်လျှင် ခေါင်းငုံ့၊ ခါးညွှတ်ခါ လက်အုပ်ချီ၍ သော်လည်းကောင်း လက်ကလေး ပိုက်၍သော်လည်းကောင်း ရိုသေ၊ ယဉ်ကျေးစွာ ပြုမူကြပါသည်။ ဒါသည်လည်း မိမိတို့ မြန်မာနိုင်ငံ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှု ဖြစ်ပါသည်။

ယနေ့ခေတ်တွင် လက်အုပ်ချီ၍ ဆရာ၊ ဆရာမ များအား မင်္ဂလာပါ သုံးနှုန်းနှုတ်ဆက် သည်မှလွဲ၍ လူအချင်းချင်း တစ်ယောက်နှင့် တစ်ယောက် စတင်နှုတ်ဆက် သည့်အခါ အသုံးနည်း နေကြပါ သေးသည်ဟု ထင်ပါသည်။ တချို့ကလည်း လက်အုပ်ချီခြင်းသည် ဘုရား ရဟန်း သံဃာတော်များ ဆရာ၊ ဆရာမ များကို နှုတ်ဆက်သမှု ပြုမှသာ သုံးရသည်ဟု နားလည်မှု လွဲနေတတ်ကြ ပါသေးသည်။

ထို့ကြောင့် အသုံးတွင်ကျယ်စွာ သုံးတတ်စေရန် မည်သည့်နေရာ တွင်ဖြစ်စေ မည်သူ့ကို ဖြစ်စေ တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံလျှင် အသက်အရွယ်နှင့် ဂုဏ်ရှိန်ဂုဏ်ဝါကြီး သူဆိုပါက လက်အုပ်ချီကာ ခါးလေးကိုင်း ၍ဖြစ်စေ ၊ ရွယ်တူတန်းတူ ဆိုပါက လက်ဆွဲနှုတ်ဆက်၍ ဖြစ်စေ ၊ မင်္ဂလာပါဟု နှုတ်ခွန်းချိုချို ဆက်သခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုကို လူငယ်များအား အချင်းချင်း အဆင့်အဆင့် လက်ဆင့်ကမ်း၍ နှုတ်ဆက်တတ်ရန် သင်ကြားပြောဆို ပေးသင့်ပါသည်။

ရဟန်းသံဃာများကို သော်လည်းကောင်း၊ မိဘများကို သော်လည်းကောင်း၊ ညီအစ်ကို၊ မောင်နှမများကို သော်လည်းကောင်း၊ သူငယ်ချင်း၊ မိတ်ဆွေများကို သော်လည်းကောင်း၊ လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ၀န်ထမ်းများကို သော်လည်းကောင်း၊ အချင်းချင်း တွေ့ဆုံကြ သည့်အခါ တစ်ဖက်သူအား ရိုသေလေးစားမှုဖြင့် ရင်ဘတ်ထဲ မှနေ၍ “မင်္ဂလာပါ” ဟု လှိုက်လှိုက်လှဲလှဲ ခေါ်ဆိုနှုတ်ဆက်ခြင်းဖြင့် နေ့တစ်နေ့ရဲ့ အစပြုခြင်းကို မင်္ဂလာ ရှိစွာနှင့် စတင်ပြီး မင်္ဂလာရှိစွာနဲ့ နှုတ်ဆက်ကုန်ဆုံး နိုင်ကြပါစေလို့ ဆန္ဒပြု ရေးသားလိုက် ပါတယ်ရှင်။

တီတီဒွင်း၏ http://www.royaldreamlover.com မှ ကူးယူပါသည်။ :)

0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP