Saturday, March 31, 2012

ငြိမ်းချမ်းသောလူမှုအသိုက်အမြုံတခုဆီသို့

လူသား တစ်ယောက်ဆီတိုင်းတစ်ယောက်စီတိုင်း ငြိမ်းချမ်းရေးကိုအလိုရှိရပါတယ်။ ဒါကြောင့် ယခု အချိန်မှာ ကမ္ဘာလောကတခုလုံးရဲ့ အတောင့်တဆုံးက ငြိမ်းချမ်းရေးဆိုတာပဲလို့  ပြောမယ်ဆိုရင် ငြင်းကြမယ်မထင်ပါဘူး။ ငြိမ်းချမ်းရေးကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတယ်။

-    စစ်မက်မရှိခြင်း

-    ပဋိပက္ခမရှိခြင်း

-    တရားမျှတခြင်း

-    ပျော်ရွှင်ခြင်း

-    မျှဝေသုံးစွဲခြင်း

-    စည်းလုံးညီညွတ်ခြင်း

-    လောဘ၊ဒေါသ၊မောဟ ကင်းခြင်း ဆိုပြီးဖွင့်ဆိုသူရဲ့ လိုအပ်ချက်နဲ့ ခံယူချက် ပေါ်လိုက်ပြီး ကွဲပြား ကြပါတယ်။



ငြိမ်းချမ်းရေးလှုပ်ရှားသူ ထိုင်းဘုန်းတော်ကြီးဆရာတော်ဖရဖိုက်ဆန်ကတော့ ငြိမ်းချမ်းခြင်းဆိုတာရုပ် (Physical)၊ စိတ် (Mental)၊ဥာဏ်ပညာ(Wisdom) နဲ့ လူမှုရေး (Social)ဆိုတဲ့ လူတစ်ယောက် ကောင်းမွန်စွာရှင်သန်နိုင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများ ကျန်းမာစွာသမမျှတနေခြင်း ပါဘဲလို့ ရိုးရှင်းစွာရှင်းပြခဲ့ဖူးပါတယ်။ လူတစ်ယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရှင်သန်နေခြင်း ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ နေစရာ၊ စားစရာ၊ အ၀တ်အစားနဲ့ ဆေးဝါးပစ္စည်းတွေရှိပြီး အသက်အရွယ်အလိုက်လုံခြုံစွာ ဖွံ့ဖြိုးရှင်သန်နေခြင်းကို ဆိုလို တာဖြစ်ပါတယ်။  စိတ်ကျန်းမာ တယ်ဆိုတာကတော့အပေါင်းလက္ခဏာဆောင်တဲ့ စိတ်တွေဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ၊ မုဒိတာတွေ လွှမ်းခြုံနေတဲ့စိတ်၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနဲ့ ရင့်ကျက်တဲ့စိတ် စတဲ့ မိမိအပေါ်နဲ့ အများကိုပါ ကောင်းကျိုး လိုလားတဲ့ စိတ်ဖြစ်ပါတယ်။  ဥာဏ်ပညာ(Wisdom) ကတော့ အကောင်းအဆိုးအကြောင်းအကျိုးကိုဝေဖန်ပိုင်းခြားနိုင်တဲ့ အရည်အသွေး ပေါ့ (သိပြီးသေချာလက်တွေ့ကျင့်ကြံတာမျိုး)။  ကောင်းမွန်မျှတလူမှုရေး (Social) ဆိုတာကတော့ ပေါင်သင်းဆက်ဆံသတ္တ၀ါ(Social Animal) ဖြစ်တဲ့ လူတွေဟာ လူမှုလောကမှာ သင့်တင့်မျှတစွာ နေထိုင်ခြင်းပါ။ အများအကျိုးလိုလားတာ၊ ခွဲခြားဆက်ဆံမှု မရှိတာ၊ တရားမျှတမှုရှိတာ၊ မေတ္တာရှေ့ထားပြောဆိုဆက်ဆံတာ၊ ရိုင်းပင်းကူညီတာ၊ မျှဝေသုံးစွဲတာ တွေဟာ လူမှုအသိုက်အ၀န်းထဲမှာ ကောင်းမွန်ကျန်းမာစွာပါဝင်နေထိုင်ခြင်းပါ။  လူတွေမှာ ဒီအရည်အသွေးတွေ ရှိနေနိုင်တဲ့ အဆင့်ကို မူတည်ပြီး သူ့ရဲ့ငြိမ်းချမ်းမှု ဘ၀ဟာ ကွာခြား သွားပါတယ်။ ဒီ(၄)ခုဟာ တခုနဲ့တခု ဆက်စပ်မှုရှိပြီး အပြန်အလှန်အကျိုးပြုနေကြပါတယ်။ ဗုဒ္ဓရှင်လက်ထက်တုန်းက ရဟန်းတော်များ ဆွမ်းမလုံလောက်တာကြောင့် တရားရဖို့ အခက်ခဲဖြစ်နေပြီး ကျောင်းဒကာမကြီး ၀ိသာခါက ဆွမ်းပြည်စုံအောင် ထောက်ပံတာကြောင့် အစာအဟာရပြည်စုံ ပြီးတရားထူးရသွားတဲ့ဖြစ်စဉ်ကို ကြည့်ရင် ဥာဏ်ပညာအတွက် ရုပ်ပိုင်းဆိုင်ရာဟာ ဘယ်လောက်အထောက် အကူပြုလည်းဆိုတာထင်ရှားပါတယ်။  မေတ္တာတရား၊ ကရုဏာတရား ကြီးမားတဲ့စိတ်ဟာလည်း ကောင်းမွန်စွာဆက်ဆံပြောဆိုဖို့အတွက် လူမှု ၀န်းကျင်နဲ့ သဟဇာတဖြစ်ဖို့အတွက် အထောက်အကူဖြစ်လှပါတယ်။ ဥာဏ်ပညာမရှိရင် ခွဲခြားဆက်ဆံဖို့ သိပ်လွယ်သလို မျှဝေသုံးစွဲဖို့လည်းမဖြစ်နိုင်ပြန်ဘူး။ ခွဲခြားဆက်ဆံမှုကနေ အမုန်းတရားနဲ့ ဆင်းရဲခြင်းတွေကို ရောက်စေပြီး၊ မျှဝေသုံးစွဲမှုတွေ မရှိတဲ့အခါမှာတော့ မတရားခေါင်းပုံဖြတ်မှုတွေနဲ့အတူ စစ်ပွဲတွေ လည်းဖြစ် စေပြန်ပါတယ်။ အဲဒီအခါမှာ အမုန်းတရားတွေ အပေါ် အမုန်းတရားတွေ ထပ်ဆင့်ပြီး ကမ္ဘာမကျေဘူးဆိုတဲ့ အတုံ့အလှည့် တွေဟာ နှစ်ဦးနှစ်ဖက် ဘယ်တော့မှ မငြိမ်းချမ်းစေဘဲ ခြောက်လှန့်မှုတွေ ပြည့်နှက် နေတော့တာ ပါပဲ။ ယနေ့ခေတ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေစရာ၊ စားစရာ၊ အ၀တ်အစားနဲ့ ဆေးဝါးပစ္စည်းတွေရှိပြီး လုံခြုံစွာ ဖွံ့ဖြိုးရှင်သန်ဖို့ လူတော်တော်များများအတွက်မဖြစ်နိုင်ပါဘူး။ ဘယ်တုန်းကစပြီး လူမှုအဆောက်အုံထဲကို ၀င်လာမှန်း မသိတဲ့ စားသုံးသူပဓာန၀ါဒ (Consumerism)ဟာ လူတွေဆီကိုကူးစက်ရောဂါတခုလိုပျံ့နှံ့ နေပါတယ်။ ကျန်းမာဖို့ကို လျစ်လျူရှုပြီး ရုပ်ပိုင်းဆိုင်ရာဇိမ်ခံဖို့ အမြတ်ထုတ်ဖို့ ကို အလွန်အမင်း ဦးတည်တဲ့ ဒီဝါဒဟာ သဘာဝကရတဲ့ အရင်းအမြစ်တွေကို မတရားထုတ်ယူပြီး အမြတ်ရဖို့တစ်ခုတည်းကြည့်ပြီး  တရားဝင်ခေါင်းပုံဖြတ်မှုတွေကို အားပေးပါတယ်။ မြောက်ကမ္ဘာခြမ်းကလူတွေဟာ သန့်ရှင်းတဲ့ရေနဲ့ အဟာရ ပြတ်လပ်မှုကြောင့် နေ့စဉ်သေဆုံးနေတဲ့လူတွေကို လျစ်လျူရှုထားပေမယ့် သူတို့အလွန်အမင်း သုံးစွဲတဲ့ ယာမကာ၊ အသားနဲ့ဇိမ်ခံပစ္စည်းတွေကတော့ သူတို့ကျန်းမာရေးကို မျက်နှာသာမပေးကြပြန်ပါဘူး။ တောင်ကမ္ဘာတခြမ်း က အငတ်ဘေးဒဏ်ကို ခံစားနေရချိန်မှာ ကျန်တခြမ်းက အလွန်အမင်းစားသုံးခြင်းကြောင့် အစားလွန်ခြင်းဒဏ် ခံစားနေ ရပါတယ်။  ယနေ့ ကမ္ဘာကြီးမှာဖြစ်နေတဲ့ စစ်ပွဲအများစုဟာ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ် လုယူကြတဲ့အတွက် ဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ နိုင်ငံတော်လုံခြုံရေး အတွက်ဆိုပြီး သူ့ထက်ငါအပြိုင် စစ်လက်နက်တွေစုဆောင်း နေကြ၊ စစ်အင်အားတွေ စုဆောင်းနေကြနဲ့ ပြဿနာကို အဓမ္မနည်း အကြမ်းဖက်နည်းတွေ နဲ့သာတုံ့ပြန်ဖို့ အတွက် အလွယ်တကူပဲ နိုင်ငံတော်ရဲ့ အများပြည်သူပိုင် ဘဏ္ဍာငွေတွေကို အဆင်အခြင်မဲ့သုံးနေကြပါတယ်။ ပြဿနာရဲ့အရင်းအမြစ် တွေဆီသွားပြီး သုံးသပ်ကြဖို့နဲ့ ပဋိပက္ခတွေကို အကြမ်းမဖက် တရားမျှတတဲ့ နည်းလမ်း တွေနဲ့ ဖြေရှင်းဖို့အတွက်တော့မကြိုးစားကြပြန်ဘူး။ တယောက်နဲ့တယောက်ကြားမှာမေတ္တာမထားနိုင်ဘဲအမုန်းတွေ၊မနာလိုဝန်တိုမှုတွေ၊အနိုင်ကျင့်တာတွေ၊ မကောင်းကြံ တာတွေ၊သူ့ထက်ငါပိုတော်ချင်ကြ သူ့ထက်ငါပိုချမ်းသာလိုကြနဲ့ ပြိုင်ဆိုင်ခြင်းတွေဟာ ဟိုးငယ်စဉ် ကျောင်းမှာကတည်းက ပုံသွင်းခြင်းခံခဲ့ရတယ်။ ပိုင်းခြားဝေဖန်မယ့် ဥာဏ်ပညာအစား အမှားကိုအမှန်ထင်ပြီး အမှန်ကို အမှားထင်ဆင်ခြင်မှုမဲ့စွာ လုပ်ဆောင် နေကြပြန်တယ်။ ခွဲခြားဆက်ဆံမှုတွေဟာ ယောက်ျားနဲ့ မိန်းမအကြား၊ လူမျိုးတစ်စု နဲ့တစ်စုအကြား၊ ဒေသတစ်ခုနဲ့တစ်ခုအကြား၊ ရာထူးစည်းစိမ်တွေအကြား၊ ဘာသာတစ်ခုနဲ့တစ်ခုအကြား၊ အသားရောင်တွေအကြား ဥာဏ်ပညာမပါတဲ့ နှလုံးသားများနဲ့  ကွဲပြားတာကို ခွဲခြားဖို့ အလွန်တွင်ကျယ် နေပါတယ်။ တချို့ကျပြန်တော့လည်း ဘာခွဲခြားမှုမှမရှိပါဘူးလို့ မျက်မှန်စိမ်း တပ်ပြီး မျက်ခြောက်ဝါးနေကြရင်းနဲ့ ကမ္ဘာကြီးဟာဖျားနာလို့နေပါတယ်။  ဒီနေ့ ဒီလိုပတ်ဝန်းကျင်ဟာ မကောင်းမှုကို ကျူးလွန်ဖို့အလွန်လွယ်ကူပြီး ရင်ထဲမှာအကြောက်တရားကိုယ် စီနဲ့ ငြိမ်းချမ်းခြင်းဆိုတာ မဖြစ်နိုင်တဲ့ဒဏ္ဍာရီစကားလို၊ ဘယ်လိုမှမရနိုင်တဲ့၊ ကိုယ်နဲ့ဘယ်လိုမှမသက်ဆိုင်တဲ့အရာ တခုလို့ပဲထင်နေတဲ့ လူတွေကဒုနဲ့ဒေးပါပဲ။ ဒါပေမယ့်ငြိမ်းချမ်းခြင်းဟာ ကိုယ်တွင်းကစတဲ့အရာပဲဖြစ်လို့ ကိုယ်ကနေစ ပြီးတည်ဆောက်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဟာ လုပ်ငန်းစဉ် (process) တခုဖြစ်ပါတယ်။ ပဋိပက္ခမဖြစ်ခင်အချိန်၊ ပဋိပက္ခဖြစ်နေစဉ်နဲ့ ပဋိပက္ခဖြစ်ပြီးနောက်မှာပါ ငြိမ်းချမ်းရေး  တည်ဆောက်ရပါတယ်။ ကာကွယ်ခြင်းကကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့အတိုင်းပဲ ဆုံးရှုံးမှု အနည်းဆုံးနဲ့ နာကျင်မှုအနည်းဆုံးက ပဋိပက္ခမဖြစ်ခင်အချိန်ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း Early Conflict Warning ဆိုပြီး သတိပေးမှုတွေရှိတာဖြစ်ပါတယ်။ ပဋိပက္ခ ဖြစ်နေစဉ်မှာလည်းအဆင့်ဆင့်ရှိပြီး ပထမအဆင့်များ မှာဖြေရှင်းနိုင်မယ် ဆိုရင် နာကျင် ဆုံးရှုံးရမှုနည်းပြီး ဖြေရှင်းရ ပိုမိုလွယ်ကူပါတယ်။ စေ့စပ်ညှိုနှိုင်းခြင်း (Negotiation) နဲ့ ကြားဝင်ညှိုနှိုင်းခြင်း(Mediation)တွေဟာ အလွန်အရေးကြီးပါတယ်။ ပဋိပက္ခဖြစ်ပြီး နောက်အထိ ကိုပါဖြေရှင်းဖို့ သုံးကြပါ တယ်။ ပဋိပက္ခဖြစ်ပြီးနောက်မှာ ပြန်လည်သင့်မြတ်စေခြင်း (Reconciliation) ဟာလည်း ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ အရေးကြီးတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ အဲဒီအခါမှာ တဦးကိုတဦးခွင့်လွှတ်တတ်တဲ့ နှလုံးသားနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့စိတ်ထားတို့ ရှိရပါမယ်။  ငြိမ်းချမ်းရေးတည်ဆောက်ခြင်းလုပ်ငန်းတလျှောက်မှာ အရေးကြီးတာတခုက အကြမ်းမဖက်ဆက်သွယ် ဆက်ဆံခြင်း (Non Violent Communication-NVC) ပါ။ လူအတော်များများဟာ တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်ဖို့်၊ သူဘယ်သူငါဘယ်သူဆိုပြီး ဆုံးဖြတ်သုံးသပ်ဖို့၊ လိုချင်နေတဲ့အရာ ကို တောင်းဆိုဖို့ နှင့် ဘယ်သူဘာဖြစ်သည်ဆိုသည်ကို ရှာဖွေဖော်ထုတ်ကြဖို့ မွေးကတည်းက ပုံသွင်းခြင်း ခံခဲ့ရတယ်။ လူအဖွဲ့စည်းရဲ့ သင်ကြားခံခဲ့ရတယ်။ သူမှားတယ် ငါမှန် လို့ တွေးတောပြီး ဆက်သွယ် ဆက်ဆံဖို့ အကျင့်ပါ နေတယ်။ မိမိရဲ့ ခံစားချက်ကို အခြားသူမိမိကို ဘာလုပ်ခဲ့တယ်ဆိုတာနှင့် ရောထွေးဖော်ပြတတ် ကြတယ်။ လက်ရှိအခြေအနေမှာ မိမိဘာလိုချင်တယ်၊ ဘာလိုအပ်တယ် မိမိလိုအပ်ချက်ကိုတောင်းဆိုဖို့အတွက် ခြောက်လှန့်ပြီး အင်အားမသုံးဘဲ ဘယ်လို မေတ္တာရပ်ခံရမလဲဆိုတာကိုတော့ တွေးတောလုပ်ဆောင်ဖို့ မေ့နေကြပါတယ်။  ငြိမ်းချမ်းတယ်ဆိုတာ အစွန်းနှစ်ဖက်ဖြစ်တဲ့ အသံတိတ် ခေါင်းငုံ့ မနိုင်လို့ သည်းခံနေရတာမျိုး မဟုတ် သလို အနိုင်ကျင့် အဓမ္မအကြမ်းဖက် ခြိမ်းခြောက် နေတာလည်းမဟုတ်ဘူး။  တရားမျှတတာ တွေဖြစ်ဖို့အတွက် ကိုယ်လိုအပ်ချက် သူ့လိုအပ်ချက်ကို ရှာရင်း အကြမ်းမဖက်အနုနည်းနဲ့ဆက်သွယ် လုပ်ဆောင်ခြင်းNVC ကိုဖြစ်တယ်။ တနည်း အားဖြင့် အလယ်အလတ် မှန်ကန်မျှတတဲ့ လမ်းစဉ်ကို ကျင့်သုံးခြင်းဖြစ်တယ်။  ဒီလို နေစဉ်လူမှုဘ၀တွေအထဲ ဥာဏ်ပညာနဲ့ ကိုယ်တွင်းငြိမ်းချမ်းရေး မှတဆင့် ကျွန်မတို့ မှီတင်း နေထိုင် နေတဲ့ မိသားစု၊ရပ်ရွာ၊နိုင်ငံနဲ့ ကမ္ဘာမြေကို ငြိမ်းချမ်းတဲ့ လူမူအသိုက်အမြုံလေးတစ်ဖြစ် အောင် တည်ဆောင် နိုင်မယ်လို့ ယုံကြည်ပါတယ်။

ရေး - ပပဖြိုး(BYEP)

တည်းဖြတ် - မောင်ဥဂ္ဂါ(BYEP)    

0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP