မွေးနေ့လက်ဆောင်
တို့မေကြီး ခရီးသွားသခိုက် ပြည်ပသတင်းထောက်ကြီးတွေက မေးချင်တာတွေ မွှေလို့ဖွလို့အပြီးမှာ မကြာခင်မှာလာတော့မယ့် မွေးနေ့အတွက် “ဘာဆုတောင်းမလဲ မရွှေဖဲ” လို့ မေးလိုက်တဲ့အခါ မယ်ဖျားက မြန်မာထုံးစံ “နိဗ္ဗာန်ရွှေပြည် ဆုပန်သည်” လို့တောင် မဖြေနိုင်ရှာပါဘူး။ သူ့ခမျာ တွေးတွေးဆဆနဲ့ ဖြေသွားတာက “Le Bonheur pour Mon Pays” ပါတဲ့။ တိုက်ရိုက်ဘာသာပြန်လိုက်ရင်တော့ “ပျော်ရွှင်ပါစေ မြန်မာပြည်” လို့ဆိုရပေမယ့် “Bonheur” ဆိုတဲ့ ပြင်သစ်စကားလုံးမှာ အဲဒီထက်ပိုတဲ့ အနက်ပွားတွေ အများကြီးပါပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း လို့လည်း ဆိုလို့ရတယ်။ သုတိမင်္ဂလာ ကျက်သရေတိုးပွားခြင်း လို့လည်း ပြန်လို့ရတယ်။ မင်္ဂလသုတ်ထဲမှာပါတဲ့ ၃၈ဖြာ မင်္ဂလာတွေအားလုံးကိုလည်း အနက်ပေးလို့ရတယ်။ မေးတဲ့သူက ပါးစပ်ကြီးရှိလို့ အားအားယားယား အာလုပ်စကားမျှလောက် မေးသွားပေမယ့် ဖြေတဲ့သူကတော့ စဉ်းစဉ်းစားစား စိတ်ထဲမှာ တကယ်ရှိတဲ့အတိုင်း ဖြေသွားတာ အဲဒီအင်တာဗျူးကြည့်ဖူးရင် သတိထားမိပါလိမ့်မယ်။ ဘာစကားလေးတစ်ခွန်းကိုမှ လက်လွတ်စပယ် ပြောလေ့မရှိပဲကိုး လို့ သာဓုခေါ်မိပါတယ်။ ကြံဖန်ချီးမွှန်းချင်လည်း သူ့အပြင်မရှိဘူးလို့ထင်ရင် ပြည်တွင်းက သတင်းစာ ဂျာနယ်အဟောင်းတွေ ပြန်ပြန်ဖတ်ကြပေါ့ဗျာ။ သိလာလိမ့်မယ်။ သူများပြောမှ သတိထားမိလိုက်တာကတော့ ညံ့တယ်ဆိုရင်လည်း ခံရမှာပါပဲ။ ဟုတ်ပါရဲ့။ သူ့မွေးနေ့ နီးလာပါပကောလားနော့။ သူကတောင် မြန်မာပြည်သူတွေအတွက် မေတ္တာစကား လက်ဆောင်ပါးသေးတဲ့ဥစ္စာ။ ကိုယ်တွေကလည်း မွေးနေ့အမှတ်တရ မေတ္တာစာကလေး တစ်ပုဒ်တလေတော့ ဂါရ၀လက်ဆောင် ပို့ချင်တဲ့စိတ်တွေ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာပါတယ်။ မြင်းထိန်းငတာက သူများတာလို့ ၀င်တာတဲ့သဘောလည်း မရှိပါဘူး။ ခွေးတောဝက်ဝင် လူမမြင်သူမသိဘ၀ကနေ လမင်းကိုဟောင်တဲ့ ခွေးကလေးပါလားလို့ ကိုယ့်ကို ဟိုလူကြည့် သည်လူကြည့်လည်း အကြည့်မခံချင်ပါဘူး။ ကာယကံရှင်တောင် ဖတ်ချင်မှ ဖတ်မိမှာဖြစ်ပေမယ့်လည်း ပို့သသော မေတ္တာတွေကတော့ ရကိုရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေစက်တို့ အထုံတို့ဆိုတာ ဗုဒ္ဒဘာသာပီပီ သက်ဝင်ယုံကြည်ပေသကိုး။ တခါမှ မသိမကျွမ်းဖူးသော်ငြား မြင်လိုက်ရုံနဲ့ ယုံကြည်အားကိုးဖြစ်သွားတာ၊ သိဟောင်းကျွမ်းဟောင်းတွေလို တရင်းတနှီး ခင်မင်လိုစိတ်ဖြစ်သွားတာဟာ ရေစက်မပါပဲ ဘယ်ဖြစ်နိုင်ပါ့မလဲ။
လူမမြင်ဖူးခင် နံမယ်ကိုအလွတ်ရအောင် ကျက်ခဲ့ရတာကတော့ သုံးတန်းမှာ အာဇာနည်နေ့အကြောင်း စာစီစာကုံးပြိုင်တုန်းကပေါ့။ အောင်ဆန်းဦးရယ်။ အောင်ဆန်းလင်းရယ် အောင်ဆန်းစုကြည်ရယ် လို့ သိခဲ့ပြီး တာဝါလိန်းလမ်းကအိမ်ကြီးကို သွားကြည့်တဲ့အခါမှာလည်း ဟောသည်ရေကန်ကလေးက အောင်ဆန်းလင်းကလေး ရေတိမ်နစ်ခဲ့တာဖြစ်မယ် လို့ ဒဏ္ဍာရီထဲကလို ဆွတ်ပျံ့လွမ်းမောခဲ့မိသေးတယ်။ ကလေးဘ၀က ဆရာမတွေ သွန်သင်ပေးခဲ့လို့ အာဇာနည်နေ့ရောက်တိုင်း ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲတဲ့အခါ တစ်မိနစ်ငြိမ်သက်ပြီး ၀မ်းနည်းကြောင်း အလေးပြုရမယ် ဆိုတာလည်း သိခဲ့တယ်။ လမ်းသွားလမ်းလာတွေတောင် ဥသြသံကြားရင် ခနရပ်ပြီး ငြိမ်သက်နေကြတာ မှတ်မိတယ်။ ကားတွေ ခနရပ်ပြီး ဟွန်းတီးတယ်။ အစည်းအဝေးဆိုတာတွေစရင် နိုင်ငံတော်အလံအား အလေးပြု ဆိုတာပြီးရင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ဆိုတာကိုလည်း မီလိုက်သေးတယ်။ အိမ်ကမိဘကိုယ်တိုင်က အာဇာနည်နေ့ရောက်ရင် အာဇာနည်ဗိပ္မာန်ကို လိုက်ပို့ပေးတတ်တယ်။ ခုတော့ ပါးစပ်ရာဇ၀င်လေးဖြစ်ခဲ့ပြီ မဟုတ်လား။
ဦးနေ၀င်းခေတ်မှာ လူဖြစ်ခဲ့တဲ့ ကိုယ်တွေတောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သိပ်မစိမ်းလှဘူးဗျ။ သို့သော်လည်း သူ့မိသားစုကိုတော့ အဝေးပို့ထားခဲ့တဲ့အတွက် တစ်နှစ်တစ်ခါတောင် မြင်ရဖို့ ခက်ခက်ပါ။ ဒါကလည်း အခုပြန်စဉ်းစားကြည့်တော့ ကျေးဇူးတောင် တင်ရဦးမလိုပါပဲ။ အာသောကရုပ်ရှင်ထဲက “ရန်သူကို မုန်းလို့ရှိရင် ကိုယ့်မျက်စိအောက်မှာပဲ ထားပါ။” ဆိုတဲ့ အဆိုအမိန့်ကို အဘိုးကြီး နားသျှမ်းသွားတယ် ထင်ပါရဲ့။ မြန်မာတစ်ပြည်လုံး ပြင်ပကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး သူပြောသမျှ နားထောင်နေရတဲ့အချိန်မှာ ဟိုကတော့ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းအလယ်မှာ ကမ္ဘာ့အဆင့်မီ ပညာရေးနဲ့ ကြီးပြင်းခွင့်ရလိုက်တယ်။ (တော်ပါသေးရဲ့။ မြန်မာပြည်မှာ ကျန်ခဲ့ရင် သမီးတော်ကြီးတွေလို အလွန်ဆုံးဖြစ်မှ ဆရာဝန်လောက်ပဲ နေမှာ) ပညာရေးနဲ့အတူ ရှင်သန်ဖွံ့ဖြိုးခွင့်ရလိုက်တာကတော့ Vision လို့ ခေါ်ရမယ့် အတွေးအမြင်၊ ဆင်ခြင်တုံတရားနေလိမ့်မယ်ဗျ။ ဘိုးတော်ကြီးဟာ သူ့ရဲ့ ရင်နှစ်သည်းချာတွေကိုတောင် အဲသဟာရအောင် သွန်သင်မသွားနိုင်ရှာဘူး မဟုတ်လား။ ဗူးဆို ဘယ်သူမှ ဖရုံမသီးရဲဘူးလေ။ သူပုံသွင်းထားတဲ့ ခွက်ကလေးတွေထဲကနေ အခုချိန်အထိ ထွက်မလာနိုင်တဲ့သူတွေ အဲဒီမျိုးဆက်တစ်ခုလုံးမှာ အံ့သြစရာ မကောင်းလောက်အောင် ပေါနေသေးတယ်။ (ကိုယ်တောင် ခွက်စော်နံတုန်းပဲလား မသိ)
အိမ်ထောင်ရက်သားကျသွားတော့ ခုခေတ်မှာလို မီဒီယာဂျာနယ်တွေ မပေါ်သေးပေမယ့် ပါးစပ်စကား အတင်းအဖျင်းတွေ ၀မ်းသာအားရ ဖောက်သည်ချနေကြတာ မှတ်မိလိုက်ပါသေးတယ်။ ဒါပေမယ့် ဘူတန်မှာ အလုပ်သွားလုပ်တဲ့အခါ ဘူတန်လူကြီးပိုင်းတွေကတော့ ကိုယ်တွေကို မြန်မာမှန်းသိလိုက်တာနဲ့ ၀မ်းသာအယ်လဲ သူတို့နှမ မာပါစ သာပါစ။ နေကောင်းထိုင်သာရှိပါစ။ လို့ မေးကြမြန်းကြတယ်။ ဒီမှာအလုပ်လုပ်သွားတုန်းက အင်မတန်ချစ်စရာကောင်းတဲ့ မြန်မာအမျိုးသမီးကလေး တစ်ယောက်ပါ လို့ တမ်းတမ်းတတဆိုပြီး ဆုမွန်ကောင်းများ တောင်းလေ့ရှိတယ်။ ခမည်းတော်မင်းတရားကြီးရဲ့ တိဘက်ဘာသာဆရာဖြစ်သူ ခင်ပွန်းသည်နဲ့ ယောင်နောက်ဆံထုံးပါရင်း သူကိုယ်တိုင်ပါ အလုပ်ဝင်လုပ်လို့ အေးအေးချမ်းချမ်းနေခဲ့တယ် လို့ဆိုတယ်။ သူ့ဘ၀ရဲ့ ကိုယ်ပိုင်အချိန်တွေကို စိတ်ကြိုက်အသုံးချခွင့် ရနေတဲ့ကာလဟာ အမေဒေါ်ခင်ကြည်ကြီး မကျန်းမာတဲ့အထိပဲ ရှိလိမ့်မယ် ထင်ပါတယ်။ အဲသည်နောက်မှာတော့ အနာရင့်မှည့်လို့ ပြည်တွေပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးအနာကြီးကို မျက်နှာလွှဲမထွက်သွားနိုင်တာ သူ့မိသားစုအတွက်တော့ ကံဆိုးရှာတယ်လို့ပဲ ပြောရလိမ့်မယ်။ အင်တာဗျူးထဲမှာ အဲသည်ကိစ္စကိုပြောတာတော့ သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံလိုက်တယ်လို့တောင် မခံယူပါဘူးတဲ့။ “It was not a sacrifice. It was a choice.” လို့ဆိုတယ်။ အနစ်နာခံတယ်ဆိုရင် တစ်စုံတစ်ရာ ပြန်လည်မျှော်မှန်းရာ ကျမှာစိုးလို့ သူ့ဘာသာရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်တာသာ ဖြစ်ပါတယ် တဲ့။ ရင်ထဲထိသွားလွန်းလို့ အဲဒီနားလေးပဲ နှစ်ခါ သုံးခါ ပြန်ပြန်ရစ်ပြီး နားထောင်ကြည့်တယ်။ ကိုယ်လည်းမိဘနေရာ ရောက်ခဲ့ပြီ မဟုတ်လား။ သားရေးသမီးရေးထက် အလေးထားစရာ ဘယ်မှာရှိပါ့မလဲ။ ဒါပေမယ့် လောကမှာ သားရေးသမီးရေးကို ဦးစားမပေးနိုင်တဲ့အခါကလည်း တော်တော်များများ ရှိခဲ့သားပါလေ။ တော်တော် တစ်ကိုယ်ကောင်းဆန်တယ် လို့ ထင်ချင်လည်းထင်မှာပေါ့။ ဒါပေမယ့် တစ်ကိုယ်တည်းကောင်းဖို့အတွက်တော့ မဟုတ်ပါဘူး။ လူတွေအများကြီးရဲ့ အမေနေရာကို ၀င်ရတဲ့အခါ ကိုယ့်သားသမီးတွေအတွက် နေရာကျုံ့သွားတာ အသေအချာပေါ့။ ကိုယ့်ရင်သွေးကိုပစ်ပြီး တခြားအရာတစ်ခုကို ရွေးချယ်လိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့နှလုံးသားဟာ သံတွေသံခဲတွေနဲ့ လုပ်ထားတာမှ မဟုတ်ပဲ။ သူ့ခမျာ ခံစားရရှာပေလိမ့်မယ်။ အဲသည်တစ်ချက်တည်းနဲ့တင်ပဲ ငါ့သား ငါ့မယားတွေ ကောင်းစားဖို့၊ ငါပြုတ်ရင် ငါ့စည်းစိမ်တွေ ဘယ်သူမှ မထိနိုင်အောင် ကာကွယ်ဖို့ အပတ်တကုတ် ကြိုးစားလာခဲ့သူ ယောင်္ကျားရင့်မကြီးများနဲ့ အပြတ်အသတ်ကွာတယ် မဟုတ်ဘူးလား။
ပျားရည် သကာ ဆိုတာ ချစ်သူတို့ကိုမှ ချိုစေတာ မဟုတ်ဘူးဗျ။ မုန်းသူတွေကိုလည်း ချိုစေတာ အမှန်ပဲ။ တို့ပြည်မှာ တို့မေကြီး ရှိခြင်း မရှိခြင်းဟာ သူ့ကို ချစ်ခင်သူတွေကိုမှ အကျိုးစီးပွားတိုးတက်စေနိုင်တာ မဟုတ်လေဘူး။ ခါးခါးသီးသီး မုန်းတီးသူအပေါင်းတို့ကိုလည်း ရှိပြီးဥစ္စာ တန်ခိုးအာဏာတို့ ကြီးကျယ်ပြန့်ပွား များစေနိုင်သဗျ။ မယုံမရှိနဲ့။ နဂိုတုန်းက ဘယ်သူမှ မသိတဲ့ မောင်ရစ်တောင် အနားကလူ ထထောင်းတော့မှ ရှင်ဘုရင် လက်သပ်မွေးတော်မူတယ် မဟုတ်လား။ ဧရာဝတီတိုင်းတုန်းက ကလေးကလား သဗ္ဗာန်တွေငှားပြီး လော်စပီကာကြီးတွေနဲ့ သင်္ဘောနောက်က တကောက်ကောက် လိုက်ဖွင့်ခိုင်းတဲ့ ဘဘကြီးဆို မီးရှူးမီးပန်းလွှတ်သလား မှတ်ရတယ်။ ဒိုင်းကနဲ ရာထူးတွေ ထိုးတက်သွားတာ။ (ခုတော့ ဂိမ်းသွားရှာပြီ။ ပဝေသဏီကတည်းက)။ ကျုံမငေးတံတားပေါ်မှာ “ရပ်” လို့ သေနတ်ကြီးနဲ့ချိန်ပြီးကာမှ ပစ်မိန့်မပေးလို့ ပုခုံးပေါ်ကအပွင့်တွေ ဆွဲဖြုတ်ပစ်တဲ့ဗိုလ်ကလေးရော ဘယ်ရောက်သွားပါလိမ့်နော်။ ဖလ္လသမာပတ်က နိုးထလာတဲ့ရဟန္တာကိုလှူမှ လက်ငင်းအကျိုးပေးတာ မဟုတ်ဘူး။ အဲသလို အဲသလို အကုသိုလ်အမှုတွေ ပြုလိုက်ရင်လည်း ချက်ချင်းလက်ငင်း အကျိုးပေးသန်တယ်ဆိုတာ သိကုန်တော့ ဖော်စားတဲ့သူတွေ ဘယ်မှာနည်းခဲ့လို့လဲ။ ဒီပဲယင်းက သူရဲကောင်းတွေကတော့... ပြောရဲဖူး။ သားသား ကြောက်ကြောက်။ ဒါကြောင့် တချို့တွေလည်း တကယ် မမုန်းပဲနဲ့ မုန်းတယ် မုန်းတယ် မုန်းတယ် အမြှောက်တစ်သိန်းနဲ့ သရုပ်ဆောင်ပြနေတာ နေမှာပါ။ သတင်းဓါတ်ပုံထဲမှာ မြင်လိုက်ရတာကတော့ ခေါင်းဆယ်လုံးရှိရင် တစ်လုံးမှ မကျန်ဘူး။ လည်နေအောင် ငေးကြည့်နေကြတာ။ တကယ်တော့ တို့မေကြီးကို ကော့မှူးက ပြိုင်မယ့်အစား ဇေယျာသီရိတို့၊ မင်္ဂလာဒုံတို့ကနေ ပြိုင်ကြည့်စမ်းစေချင်တယ်။ သူကတော့ မနိုင်ပဲ ဘယ်နေမလဲ။ ကိုယ်တွေသာ ဟဲ ဟဲ။
ခုချိန်မှာတော့ ပွဲသိမ်းနေပါပြီလေ။ သူလိုချင်တဲ့နေရာ ရောက်သွားပြီ။ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနှီးနှောနိုင်ပြီ။ အဲဒါ အနာခံလို့ အသာစံရတာပေါ့ လို့ မထင်နဲ့ဗျ။ ဇာတ်လမ်းက ခုမှ စတာ။ နုနယ်သန်စွမ်းတဲ့ အချိန်တွေအားလုံးကို ပေးဆပ်ခဲ့ရပြီ။ အသက်အရွယ်နဲ့မမျှတဲ့ ဖိစီးမှုတာဝန်တွေကို ခေါင်းပေါ်ရွက်ပြီး နိုင်ငံရေးကြိုးတန်းပေါ် လမ်းလျှောက်နေရတာ။ ပင်ပန်းလွန်းလို့ ပုံပုံသွားတာ ခနခန။ တခါတခါကျရင် စာဖတ်ဖို့ တွေးဖို့တောင် အချိန်မရတာကြောင့် အေးအေးဆေးဆေးရှိတဲ့ နေအိမ်အကျယ်ချုပ်ကာလကလေးတွေတောင် ပြန်လွမ်းမိပါသတဲ့။ ဖြစ်မှ ဖြစ်ရလေတယ်။ အိမ်ကအမေဆို အလုပ်တွေ မလုပ်ပါနဲ့တော့။ ဘုရားတရားနဲ့ သက်သက်သာသာနေတော့လို့ အနားယူခိုင်းထားပြီ မဟုတ်လား။ အဲဒီကအမေတစ်ယောက်ကတော့ သွားများကျဲတောင် တောင်ဝှေးဆွဲထောင် ပွဲဖြစ်အောင် မယ်ရင်ကမှာ ရင်ရင်ကမှာ လေပါတီကမှ အလှူပွဲဖြစ်ကြမှာ လို့ အားတင်းထားတုန်း။ ဘာဆေးစားလို့ ဂလောက်တောင် စိတ်ဆောင်နေရသတုန်း လို့ ငေါ့မေးမေးတဲ့မေးခွန်းကိုတော့ “It is the sense of duty that makes a person straight and tall.” လို့ ဖြေပါတယ်။ တောင့်တင်းသန်မာဖို့ဆိုတာ ကြွက်သားအဖုအဖု ထုထုပြီး ခရာချင်စရာငယ် ဖြစ်နေမှ မဟုတ်ပါဘူး။ (ကြွက်သားကြီး ညှစ်ညှစ်ပြတဲ့သူတွေ မျက်စပစ်ပြရင် ဘယ်လောက်စိတ်ကုန်စရာကောင်းမှန်း မြင်ဖူးမှသိလိမ့်မယ်)။ တာဝန်သိတတ်မှု၊ တာဝန်ယူမှုရှိနေရင် လူဖလံကလေးလည်း စိတ်ဓါတ်အင်အား တောင့်တောင့်တင်းတင်း ရှိနိုင်တာပ။
သူတို့ဆီက သတင်းထောက်ဆိုတဲ့အစားဟာ ကိုယ်တွေဆီမှာလို ပြောချင်တာတွေ ဆုံးအောင်စောင့်၊ မတ်တပ်ရပ် လက်ညှိုးထောင်၊ စိစစ်ရေးကမေးခွင့်ပြုပြီးသား မေးခွန်းကလေးတွေကို ၀မ်း တူး သရီး အက်ရှင် ဂိုး ဆိုတော့ မှ “မေးပါရစေ အမေရယ်” လုပ်ကြတဲ့အစား မဟုတ်ဘူးဗျ။ မြင်မြင်သမျှ မိုက်ခွက်ကြီးလှမ်းထိုးပြီး “ဘယ်လိုခံစားရပါသလဲ” ကလွဲရင် မမေးတတ်တဲ့အစားထဲကလည်း မဟုတ်ဘူး။ ချွန်တတ်၊ တွန်းတတ်၊ မြှောက်တတ်၊ မတတ်၊ အရောက်ပို့တတ်ပါတယ်။ တခါတလေ သူတို့စကားတစ်လုံးမှ မပါပဲ ငုတ်တုတ်ထိုင်စောင့်နေရတဲ့ ပုံကလေးတစ်ခုတည်းနဲ့တင်ကို ပွစိတက်သွားအောင် ဖွလို့ရတယ်။ မြှောက်သလို ပင့်သလိုနဲ့ အစဆွဲထုတ်သွားတာကတော့ “နယ်ဆင်မင်ဒဲလားကြီးလိုပဲနော်” တဲ့။ မသိတဲ့လူဆို ကားကနဲမြောက်သွားဦးမှာ။ တို့တွေကို မြက်ဂါဝန်ကလေးတွေဝတ်ပြီး အူးလူးလူး အားလားလား လုပ်တတ်တဲ့သူတွေများ ထင်နေသလား မသိဘူး။ “ဘာဆိုင်လို့လဲ။ ဟိုက ယောင်္ကျား သည်က မိန်းမလေ။ ယောင်္ကျားနဲ့မိန်းမဟာ အတူတူမှ မဟုတ်ပဲ။” တဲ့။ တွေးစရာတွေ အများကြီးပဲဗျ။ နေရာတကာ တန်းတူအခွင့်အရေးတောင်းဆိုတဲ့ သူတို့ဆီမှာတောင် တန်းတူမဟုတ်တာတွေ အများကြီး မဟုတ်လား။ အရှေ့တိုင်းရဲ့ ယဉ်ကျေးမှု၊ အာရှရဲ့ ယဉ်ကျေးမှုအရ မိန်းမသားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်နဲ့ အရေးပါမှု၊ နေရာရမှုတွေဟာ သူတို့ အနောက်တိုင်းနဲ့တော့ ခြားနားတာ အမှန်ပါ။ ဒါပေမယ့် သူတို့ဆီမှာ ဟီလာရီကလင်တန်နဲ့ မာဂရက်သက်ချာပဲ ရှိသေးတယ်။ ကိုယ့်ဘက်မှာ အင်ဒီယာဂန္ဒီ၊ ဘနာဇီဘူတို၊ ယင်လက်၊ အောင်ဆန်းစုကြည်။ တက်လာတာချင်း တူရင်တောင် အတိုက်အခံဖိအားချင်းက သည်ဘက်က ပိုပါလိမ့်မယ်။ သည်ကနေ့သည်အချိန်မှာ ဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် မေတ္တာဓါတ်နဲ့ ဗုဒ္ဓံမြတ်စွာကလည်း အောင်ခြင်းတွေ ဆောင်နှင်းသွားတာ မဟုတ်ပါဘူး။ မိုးနတ်မင်းကြီး ဦးမာဃကလည်း ၀ရဇိန်ချိန်ကာရွယ်ကာ ခြိမ်းလားခြောက်လား မလုပ်ခဲ့ပါဘူး။ ကုလသမဂ္ဂကြီးတောင် ဘယ်တုန်းကမှ အားကိုးလို့ မရခဲ့ပဲနဲ့။ ပိတ်ချင်သူတွေ ပိတ်ချင်သလောက်ပိတ်ကြ။ တိုင်းပြည်သာ ဆင်းရဲချင်ဆင်းရဲမယ်။ မူဂါဘီကြီးဘုန်းကံက စိန်ကို တင်းတောင်းနဲ့ချင်နိုင်တယ် မဟုတ်ဘူးလား။
ဘယ်လို ပြည်ပဖိအားပေးမှုမျိုးကမှလည်း မြန်မာပြည်ကို နေ့ချင်းညချင်း ပြောင်းလဲစေခဲ့မယ် မထင်ပါဘူး။
ဒါပေမယ့် မိန်းမတစ်ယောက်ရဲ့ ဇွဲ သတ္တိ နဲ့ ခွန်အားတွေဟာ အခေါဘဏီတပ်ကြီးကိုတောင် ပြောင်းလဲသွားစေတယ် လို့ ပြောရမလိုဖြစ်နေပြီ။ သူတို့ တော်တော်များများ ပြောလေ့ရှိတာကတော့ “အဲသည်မိန်းမ တိုင်းပြည်အတွက် ဘယ်တုန်းက ဘာလုပ်ခဲ့ဖူးသတုန်း ပြောစမ်း။” တဲ့။ ဟုတ်ကဲ့။ သူဘာမှ မလုပ်ခဲ့ပါဘူး။ လုပ်စရာလည်း မလိုပါဘူး။ သူရှိနေတယ်၊ မားမားမတ်မတ် ရပ်တည်ပေးနေတယ် ဆိုရင်ကို လုံလောက်ပါပြီ။ ဖိနှိပ်ခံလူတန်းစားတွေအတွက်၊ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိတဲ့သူတွေအတွက်၊ မြန်မာပြည်သူတွေအတွက် သူရပ်တည်ပေးခဲ့တယ်လေ။ ငြင်းဦးမလား။ သူ့ဘ၀တစ်သက်တာရဲ့ အချိန်ကာလတွေ မိသားစုဘ၀တွေနဲ့လဲပြီး မြန်မာတွေ လွတ်လပ်တဲ့လူ့အခွင့်အရေးတွေ ရဖို့အတွက် ကြံ့ကြံ့ခံပြီး စိတ်ရှည်စွာ တိုက်ပွဲဝင်ခဲ့တယ်။ မနေဘူး။ ပြန်မယ်။ နောက်ဘယ်တော့မှ မလာဘူး။ စိတ်နာတယ်။ တစ်ခွန်းတည်းနဲ့ ရနိုင်တဲ့ လွတ်မြောက်မှု၊ မိသားစုနဲ့ ပြည်လည်ပေါင်းစည်းမှုကို သူလက်ခံခဲ့တာမှ မဟုတ်ပဲ။ သူ့အဖေရေးခဲ့တဲ့ Bloody but unvowed Head ဆိုတာ သူ့မှာ ရှိတယ်။ ငါတို့က မင်းတို့အခွင့်အရေးတွေကို ဘယ်တုန်းကများ မတရားသဖြင့် တာဆီးပိတ်ပင်ထားလို့တုန်းကွ လို့ ပြောချင်ရင်တော့ လောင်းကြေးစားကြေးဗျာ။ အခုမှတ်စုကလေးကို မြန်မာ့အလင်းထဲက ထည့်ပေးပါလား။ (အိမ်မှာ လာမဖမ်းသေးတာပဲ ကျေးဇူးတင်နေရသေး။ အရင်ပုံစံနဲ့သာဆို အထဲရောက်လို့ အရိုးတောင်ဆွေးလောက်ပြီ)။ မင်းတို့က ပုဂ္ဂိုလ်ရေး ကိုးကွယ်လွန်းအားကြီးတယ်ဆိုရင်တော့ ပြောစရာတစ်ခုရှိသဗျ။ ပုဂ္ဂိုလ်ခင်နေတာ မဟုတ်ပါဘူး။ တရားမင်နေတာသာ ဖြစ်ပါတယ်။ မတရားမှု၊ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုတွေကို အစဉ်တစိုက် ဆန့်ကျင်လာတာ သူတစ်ယောက်သာရှိခဲ့တဲ့အတွက် အဲသလို အခါမျိုးကြုံလာလေတိုင်း ဓဇဂ္ဂသုတ်ရွတ်သလို သူ့ကို ပြေးပြေးတ လိုက်တော့ အားကိုးရာရသလိုလို ရှိလာတယ် မဟုတ်လား။
ေ
ဝဿန္တရာဇာတ်တော်မှာ မင်းလေးပါးပြန်ဆုံကြတော့ ၀မ်းသာဝမ်းနည်း ငိုယိုမြည်တမ်းရင်း မြင်ရသူ ဆွေတော်မျိုးတော်အပေါင်းတို့ပါ မိန်းမောမေ့မျောသွားလို့ ပေါက္ခရ၀ဿမိုး ရွာသွန်းလို့ သတိပြန်လည်စေရသတဲ့။ နှစ်ဆယ့်လေးနှစ်လုံးလုံး ခွဲခွာစွန့်ထားခဲ့ရတဲ့ သားငယ်ကလေးတွေ အရွယ်လားမြောက်၊ မြေးကလေးတွေတောင် ရနေကာမှ ပြန်ဆုံကြရတဲ့အခါမှာလည်း ကာယကံရှင်တွေတင် မကပါဘူး။ ဓါတ်ပုံတွေ မြင်တဲ့သူတိုင်းက မျက်ရည်တ၀ဲဝဲ စာနာရင်နင့်မိကြပါတယ်။ သိကြားမင်းကြီး မဟုတ်လို့ စိုစွတ်စေလိုသူတို့ကိုသာ စွတ်စိုစေနိုင်တဲ့ ပေါက္ခရ၀ဿမိုး ရွာလာအောင် မတတ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်နဲ့ စိတ်သဘောချင်းတိုက်ဆိုင်သူတို့ကို ဖြေသိမ့်နိုင်စိမ့်သောငှာ တွေးမိတွေးရာကလေးများ မျှဝေပါ့မယ်။ ခုနကပြောတဲ့ သူမကို စိတ်ဆောင်မာန်တင်းထားနိုင်စေတယ်ဆိုသော Sense of duty တာဝန်သိစိတ်ပါ။ သူ့အတွက် ဘာတာဝန်တွေ ဦးလည်မသုန် ထမ်းရွက်နေရလို့တုန်း။ ကိုယ့်ဘာသာမြင်မိတာကတော့ သူ့အဖေက လက်ဆင့်ကမ်းလိုက်တဲ့တာဝန်တွေပါ။ ဖတဆိုးဖြစ်ချိန်တုန်းက လူမမယ်အရွယ်ကလေးပဲ ရှိခဲ့ပေမယ့်လည်း ဖခင်ရဲ့ ပုံရိပ်ကိုတော့ သူမှတ်မိသလောက် ပြန်ဖော်လိုက်တဲ့အခါ Very Disciplined Man ပါတဲ့။ လူသာမန်မဟုတ်တဲ့ အာဇာနည်ပုဂ္ဂိုလ်ထူးတွေဟာ မွေးစကနေ သေဆုံးချိန်အထိ အများတကာနဲ့မတူတဲ့ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်၊ စိတ်နေစိတ်ထားတွေ ရှိတတ်ပါတယ်။ မောင်ထိန်လင်း အဖြစ်နဲ့ကတည်းက ဆင်းရဲသားတွေဘက်က ရပ်တည်စာနာတတ်တဲ့စိတ်ထားဟာ ဗိုလ်ချုပ်ဖြစ်ချိန်မှာတောင် အ၀တ်အစားသုံးစုံ၊ ပဲပြုတ် နံပြားစားတဲ့အထိ မပြောင်းလဲခဲ့ပါဘူး။ ရှေးကလူတွေ လာဘ်မထိုးတတ်လို့ မထင်ပါနဲ့။ သူ့အနေအစားကို သနားလို့ အိမ်တိုင်ယာရောက် ရွှေချောင်းတွေ လာပေးတာတောင် ပါတီရံပုံငွေထဲလှူခိုင်းပါသတဲ့။ မင်းဘာသာ ယုံချင်ယုံ။ တို့ကတော့ မယုံဘူး လို့ ပြောမယ့်သူချည့်ပါပဲ။ ဒီခေတ်ကြီးထဲမှာ ယုံချင်စရာလည်း မကောင်း၊ ယုတ္တိလည်း မရှိဘူးမဟုတ်လား။ သူ့အဖေ သေသည်အထိ ဦးလည်မသုန် ထမ်းရွက်သွားတဲ့ သမိုင်းပေးတာဝန်ကတော့ မြန်မာပြည်လွတ်လပ်ရေးရဖို့အတွက်ပါ။ အဲဒါကလွဲရင် ပါတီနိုင်ငံရေးတွေတောင် သိပ်စိတ်မ၀င်စားခဲ့ပါဘူး။ ရှင်ဘုရင့်သားမြေးများဟာ မိဘဘိုးဘွားသေရင် မရအရ အတင်းလိုက်ဆက်ခံလေ့ရှိကြတာ တီးမွေနန်းမွေပါ။ သူဌေးသူကြွယ်သားသမီးများကျတော့ ဥစ္စာဓနအမွေပေါ့။ အာဏာရှင်သားမြေးများလည်း အာဏာကို မက်မက်စက်စက် လိုက်ဆက်ခံလေ့ရှိကြတာ မြောက်ကိုရီးယားကို ကြည့်။ ဒါပေမယ့် တာဝန်အမွေဆိုတာကတော့ ဘယ်သူကများ သိတတ်စွာ မြတ်မြတ်နိုးနိုး ဆက်ခံချင်မှာလဲ။ တို့မေကြီးဟာ သူ့အဖေစောင့်ရှောက်ကာကွယ်ခဲ့တဲ့ သားမြေးများကို သူ့ရင်သွေးလေးတွေကိုတောင် မငဲ့ကွက်ပဲ ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အတွက် သမိုင်းပေးတာဝန် ကျေတယ်လို့ပဲ ပြောရတော့မှာပေါ့။ သဘောချင်းမတိုက်ဆိုင်ရင်လည်း ငြင်းနိုင်ပါတယ်။
သားသမီးများဆိုတာ တခါတခါ ခလုတ်ထိမှ အမိတ တဲ့အခါလည်း ရှိသဗျ။ သူများက အနိုင်ကျင့်လာခဲ့ရင် အမေ့ လို့ အားကိုးအားထား ရှာတဲ့အခါလည်း ရှာသဗျ။ ဒီအခါမျိုးမှာ အမေက အလုပ်တွေရှုပ်နေလို့ ဒေါင်းတိမောင်းတိ လိုက်မရှင်းပေးနိုင်ရင်တောင် “ငါ့သားလေး ဘယ်နာသွားသေးသလဲ။” လို့ အမေးမခံရရင် တို့အမေက တို့ကို ဂရုမစိုက်ပဲကိုးဆို ၀မ်းနည်းသွားတတ်တာ ဓမ္မတာပါ။ ဒါပေမယ့်လည်း ကိုယ်မွေးထားတဲ့ သားယောင်္ကျားလေးကို ကျားကျားယားယား ယောင်္ကျားပီသစေချင်ရင် အမေက နေရာတကာ ကြက်မကြီးလို ရင်အုပ်မကွာ လိုက်ကာနေလို့ မဖြစ်သေးဘူးဆိုတာ တွေးကြည့်ရင် သဘောပေါက်ကြပါလိမ့်မယ်။ ရခိုင်အရေးမှာ တို့အမေက ပါးစပ်ကြီးပိတ်ပြီး ဟိုဘက်က ကုလားကြီးတွေနဲ့ ဖက်လှဲတကင်း ရန်ပြေမာန်ပြေစကားတွေ ဆိုနေနိုင်လိုက်တာ လို့ ကလေးဆန်ဆန် စိတ်ကောက်မိတဲ့ သူတွေထဲမှာ ကိုယ်တောင် ပါခဲ့သလိုရှိပါတယ်။ တကယ်တော့ ဘာဆိုင်လို့လဲဗျာ။ ဒါ ယောင်္ကျားချင်း ရှင်းရမယ့်ကိစ္စ။ ကိုယ့်အမေ စိတ်ပူနေမှာစိုးလို့ အသိတောင်မပေးသင့်ဘူး။ သူက သူ့အဖေ မပေးအပ်ခဲ့တဲ့တာဝန်တွေတောင် သိသေးရင် ကိုယ်ကရော ကိုယ့်တာဝန်တွေကို ဘာလို့ မသိရမှာလဲ။ အခုချိန်မှာ တိုင်းပြည်တာဝန်တွေကို ကိုယ်တတ်တဲ့ပညာနဲ့ ရောက်ရာအရပ်က ဘယ်လိုအခြေအနေ ရှိသည်ဖြစ်စေ မကျေကျေအောင် ထမ်းတယ်ဗျာ။ မက်လောက်စရာလခ၊ စားပွဲအောက်က၀င်ငွေ၊ လူမလေးခွေးမခန့်ရာထူးကြောင့်လို့ထင်ရင် ခေါင်းလာဖြတ်ယူသွားလှည့်။ အဲဒါနဲ့မှ မလုံလောက်သေးဘူး။ တိုင်းပြည်ကို ကာကွယ်ဖို့ အရေးတကြီးလိုအပ်လာပြီဆိုရင် ဒီအသက်အရွယ်အထိ အစေးမကပ်ခဲ့တဲ့ (အမှန်အတိုင်းပြောတာ။ စိတ်တော့ မရှိနဲ့) စစ်တပ်ထဲကို ၀င်ဖို့လည်း ၀န်မလေးပေါင်ဗျာ။ မင့်ဗလနဲ့ အထုပ်ပိသေရုံအပြင် မရှိဘူးထင်ရင် စမ်းကြည့်ကြတာပ။ တာဝန်သိစိတ် Sense of duty ဆိုတာ ဘယ်လောက်စွမ်းမစွမ်း။ အဲ့တော့ ဒီနှစ်မွေးနေ့မှာ အမေ့ကို ဘာလက်ဆောင်ပေးမလဲဆိုရင် ကျွန်တော်လည်း တာဝန်သိတဲ့ ယောင်္ကျားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကတိကို ပျော်ပျော်ကြီး ပေးပါသဗျား။ တို့အမေ သက်တော်ရာကျော် ရှည်ပါစေ။
Credit To: Soe Min (Facebook)
0 comments:
Post a Comment