Thursday, July 5, 2012

လက်တွေ့နည်းကျ အောင်မြင်ပျော်ရွှင် ချမ်းမြေ့ စွာ နေထိုင်နည်း ပညာ (၃)




၃။ ကျန်းမာခြင်း(HEALTH)

   "အာရောဂျ ပရမာ လာဘာ "ဆိုသည့်အတိုင်း ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်ပေရာ တိုးတက် အောင်မြင် ပျော်ရွှင်စွာ နေထိုင်ရန် ကျန်းမာရေးသည်လည်း များစွာ အရေး ပါလှပေသည်။
   
ကျန်းမာသည်ဆိုရာ၌ ရုပ်ခန္ဓာ ကျန်းမာခြင်း (Physical Health)နှင့် စိတ်ကျန်းမာခြင်း (Mental Health)ဟူ၍ နှစ်မျိုး ရှိပေသည်။ သင်၏စိတ် ကျန်းမာမှ သာလျှင် ကိုယ်လည်း ကျန်းမာ နိုင်ပေမည်။ စိတ်မကျန်းမာခြင်း(တနည်းအားဖြင့်) စိုးရိမ်သောက ရောက်၍ စိတ်ပျော်ရွှင်ခြင်း မရှိခြင်းကြောင့် ကျွန်ုပ်တို့ ကိုယ်ခန္ဓာတွင် ရောဂါဝေဒနာများ ဖြစ်ပေါ်လာနိုင်ပေသည်။
   
သိပံ္ပနည်းကျ လက်တွေ့ စမ်းသပ်မှုများက အထက်ပါ အချက်များကို မှန်ကန်ကြောင်း ပြသနေပေသည်။ ထိုစမ်းသပ်မှုမှာ-
ရှေးဦးစွာ ပူပင်သောကရောက်၍ စိတ်ပျော်ရွှင်မှု မရှိသူ၊ အလွန်အမင်း ကြောက်ရွံ့ နေသူ၊ ဒေါသ ထွက်နေသူတို့ထံမှ သွေးအနည်းငယ် ထုတ်ယူပြီး ဓာတ်ခွဲခန်း သုတေသန ပြုလုပ်ရာ၌ သုံးသော ပူးကလေးများ(Guinea pigs) ထဲသို့ ထိုသွေး အနည်းငယ်ကို ထိုးသွင်းလိုက်ရာ ထိုပူး ကလေးများသည် သွေးထိုးအပြီး ၂မိနစ် အတွင်း ချက်ချင်း သေဆုံး သွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသွေးထဲ၌ အလွန် ပြင်းထန်ပြီး သေစေနိုင်လောက်သော အဆိပ်များ ပါရှိနေသောကြောင်း ဖြစ်ကြောင်း တွေ့ရပေသည်။
ဤစမ်းသပ်ချက်ကို လေ့လာ သုံးသပ်ကြည့်ပါက စိတ် မကျန်းမာသူ(တနည်း) ပူပင်သောရောက်၍ စိတ်ပျော်ရွှင်မှု မရှိသူ၊ ကြောက်ရွံ့ နေသူ၊ ဒေါသဖြစ်နေသူ တို့၏ သွေးထဲ၌ ပူးကလေးများကိုပင် ၂ မိနစ် အတွင်း သေစေနိုင်လောက်သော အဆိပ်များ ဖြစ်ပေါ်နေရာ ပူးကလေးများ သေစေနိုင်သလို၊ ထိုသူ၏ ကိုယ်ခန္ဓာ ကျန်းမာရေးကိုလည်း အနည်းနှင့်အများ ထိခိုက် ပျက်စီး စေမည်မှာ အထင်အရှားပင် ဖြစ်သည်။



ထို့ကြောင့် စိတ်ကျန်းမာမှ (တနည်း) စိတ်ပျော်ရွှင်မှု ရှိမှသာ ကိုယ်ခန္ဓာ ကျန်းမာနိုင်ပေမည်။ စိတ်ပူပင်သောက ရောက်ပြီး ပျော်ရွှင်မှု ကင်းမဲ့၍ စိတ်မကျန်းမာ ဖြစ်နေသူ တစ်ယောက်သည် ထိုတစ်ချိန် ထဲ၌ ကိုယ်ခန္ဓာ အပြည့်အ၀ ကျန်းမာနေရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျန်းမာနေရန် အတွက် စိတ်ကျန်းမာမှု၊ ပျော်ရွှင်မှုသည် အဓိက ကျလျက်ရှိပြီး စိတ်ကျန်းမာမှ ရုပ်ကိုယ်ခန္ဓာ ကျန်းမာလာပြီး ကျန်းမာ ပျော်ရွှင်မှုကို အပြည့်အ၀ ရရှိနိုင်ပေမည်။



စိတ်ဟု ဆိုရာတွင် ရှေ့ ပိုင်း၌ ဖော်ပြခဲ့သော မသိစိတ်ကို ဆိုလိုပေသည်။ စိတ်နှင့်ကိုယ် ကျန်းမာရေး ဆက်သွယ်နေပုံမှာဆန်းကြယ်လှပေသည်။ ကျွန်ုပ်တို့၏ ဦးနှောက် အတွင်းရှိ ဆဲလ်လေးများ အတွင်းရှိ မသိစိတ်က ကျွန်ုပ်တို့အား ကျန်းမာနေစေရန် လည်းကောင်း၊ နာမကျန်း ဖြစ်စေရန် လည်းကောင်း ပြုမှုနိုင်လေသည်။
   
ဥပမာအားဖြင့် ပြရသော် - ကျွန်ုပ်တို့၏ မိတ်ဆွေ၊ ဆွေမျိုး သားချင်းများထဲတွင် "ငါတစ်သက်လုံး တစ်ခါမှ မဖျားဖူးဘူး" ဟုလည်းကောင်း၊ "ငါတစ်ခါမှ ခေါင်းမကိုက်ဖူးဘူး၊ အနှိပ်ခံရ လောက်အောင် မညောင်းဖူးဘူး၊ တစ်ခါမှ နှာမစေး၊ အအေး  မမိဖူးဘူး"စသည် ဖြင့် လည်းကောင်း ပြောတတ်ကြသည်။ တကယ်လည်း ကျန်းမာရေး အမြဲကောင်းနေ တတ်သော အသက် ၇၀၊ ၈၀ အရွယ် ရှိ လူကြီး ၊သူကြီးများကို တွေ့ဖူး၊ မြင်ဖူးကြပေလိမ့်မည်။ သူတို့၏ မသိစိတ်၌ ငါ ကျန်းမာနေတယ်ဟု အမြဲ ယုံကြည် စွဲမြဲနေသဖြင့် အမှန်တကယ်လည်း ကျန်းမာနေကြပြီး အသက်ရှည်နေကြခြင်း ဖြစ်သည်။ ထို့အတူ "ငါကတော့ နှာစေးရင်စေး၊ ဖျားရင်ဖျား၊ ခေါင်းကိုက်ရင်လဲကိုက်နဲ့ အမြဲတမ်း နေကောင်း နေတယ်လို့ မရှိပါဘူး"ဟု ညည်းတွား ပြောဆို နေတတ်သော သူများကိုလည်း သင်တွေ့မြင်ဖူးပေလိမ့်မည်။ ထိုသူတို့ သည်လည်း သူတို့ ညည်းတွား ပြောဆိုနေ သလို အမြဲတမ်း ရောဂါ တစ်ခု မဟုတ် တစ်ခု အမှန်တကယ် ဖြစ်ပေါ်နေတတ် ကြသည်။ အများအားဖြင့် လူအများအား မိမိ အပေါ် ဂရုတစိုက် ရှိနေစေချင်တတ်သော အမျိုးသမီးများ၌ တွေ့ရှိရ ပေသည်။
   
ထို့ကြောင့် သင်ပျော်ရွှင် ကျန်းမာနေစေရန် သင်၏ စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ (Self-image)တွင် "ငါဟာ ကျန်းမာနေသူ တစ်ယောက်"ဟု စွဲမြဲယုံကြည်စွာ ထင်မြင်လာအောင်၊ သင်၏ မသိစိတ် ၌ ထင်မြင်လာအောင် သင့်ကိုယ်သင် အမြဲ ကြိုးစား ပြုပြင်လုပ်ကိုင် လေ့ကျင့်နေရန်သာ လိုပေတော့သည်။

Read more...

Thursday, June 28, 2012

လက်တွေ့နည်းကျ အောင်မြင်ပျော်ရွှင် ချမ်းမြေ့ စွာ နေထိုင်နည်း ပညာ (၂)



၂။ စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ(SELF-IMAGE)

   
ကျွန်ုပ်တို့ ကိုယ်စီတွင် ကိုယ်၏အရည်အသွေး၊ သဘောထား စရိုက်၊ ရုပ်ရည် အစရှိသော ကိုယ်၏ စိတ်အင်္ဂါ နှင့် စိတ်အင်္ဂါ ရပ် တို့ကို ထင်ရှားပေါ်လွင်စေသော စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ(self-image) တစ်ခုစီလည်း ရှိကြပေသည်။ ထိုစိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ သည် ကျွန်ုပ်တို့ ၏ ပြုမူဆောင်ရွက် လုပ်ဆောင်ချက်များနှင့် ရုပ်အသွင်အပြင်ကို စိုးမိုး ချယ်လှယ်လျက် ရှိပေသည်။
      
သင့်တင့် လျောက်ပတ်အောင် ကျေနပ်ပျော်ရွှင်ဖွယ် ရှိသော ဘ၀တစ်ခု ရရှိရေး အတွက် သင့် "ကိုယ်" သည် သင်၏ စိတ်က ယုံကြည် ကိုးစားနိုင်သော "ကိုယ်" ဖြစ်ရပေမည်။
   
အဆိုပါ "စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ" သည် သင့်အဖို့ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ တစ်ခုဖြစ်လျှင် သင့်ကိုယ်ကို ယုံကြည်မှု အပြည့် အ၀ ရှိလာပေမည်။ သင့်ကိုယ်ဟု ဖြစ်ရသည်ကိုပင် စိတ် လွတ်လွတ် လပ်လပ် ရှိပေလိမ့်မည်။ သင့်ကိုသင် လူအများအား ဖော်ထုတ်ပြသ ရသည်ကိုလည်း စိတ်လွတ်လပ် ပျော်ရွှင်စွာရှိမည်။ ထိုအခါ အကောင်းဆုံး အစွမ်းအစများထုတ်၍ သင်လုပ်ကိုင် ပြသလာပေ လိမ့်မည်။
      
သင်၏ ကိုယ်ပိုင် စိတ်အမြင်ကိုယ့်ရုပ်ပုံလွှာသည် ရှက်ဖွယ် တစ်ခု သင့်အဖို့  ဖြစ်နေလျှင် ၄င်းကို ထုတ်ဖော်ပြသဖို့ထက် ကွယ်ဝှက်ထားဖို့ သင်က ကြိုးစားလာလိမ့်မည်။ ထိုအခါ သင်၏ ကွန့်မြူးစဉ်းစားဥာဏ်သည်လည်း လမ်းပိတ် သွားပေလိမ့်မည်။ ရန်လိုစိတ် ၀င်လာပြီး ပေါင်းသင်း ဆက်ဆံဖို့ ခက်သူ တစ်ယောက် ဖြစ်လာကာ စိတ်ပျော်ရွှင်မှုလည်း ရရှိနိုင်မည် မဟုတ်ပေ။



ထိုကဲ့သို့ မိမိစိတ်က မိမိကိုယ်ကို ထင်မြင်နေသော မိမိ၏ စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာသည် များစွာ ထူးဆန်းလှပေသည်။ ဥပမာ အားဖြင့် ပြရသော် လူတစ်ယောက်သည် မိမိကိုယ်မိမိ ဂဏန်းသင်္ချာ  များ တွက်ချက်ရာ၌ ညံ့သည်ဟု သူ၏ စိတ်၌ ထင် မြင်နေသည်ဆိုပါစို့။ ထိုသူသည် ငယ်စဉ် အတန်းကျောင်းထဲက စ၍ သင်္ချာတွက်ရာ၌ ခက်ခဲမှုရှိခဲ့ပြီး သင်္ချာဘာသာ၌ အမြဲတမ်း ကျခဲ့သောကြောင့် သူ၏ စိတ်ထဲ၌ "ဘာပဲဖြစ်ဖြစ်၊ ငါတွက်ချက် တာတွေနဲ့တော့ မဖြစ်ပါဘူး၊ တွက်နိုင်မှာ မဟုတ်ပါဘူး" ဟု စိတ်၌ စွဲမြဲလာတော့သည်။ ထိုအခါ သူ့ကိုယ်သူ "ငါ သင်္ချာ ညံ့တယ်"ဟု ထင်သော စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ ဖြစ်ပေါ်လာတော့သည်။ ထိုကြောင့် သူသည် အတွက် အချက် ပါသော ကိစ္စများ၌ ကြိုးစားကြည့်ခြင်း မရှိတော့ပေ။ ထိုအခါ အတွက်အချက် ပို၍ညံ့လာတော့သည်။ အကယ်၍ အတွက် အချက် တစ်ခု၌ သူ အောင်မြင်စွာ တွက်ချက်နိုင်ခဲ့သည့်တိုင် "ဟာ-ဒါ မမျှော်လင့်ဘဲ ကံကောင်းလို့ ရတာပါ" ဟု သူ့ကိုယ်သူ ထင်မြင်မိပေသည်။ အကယ်၍ မတွက်ချက်နိုင်ပါကလည်း "အင်း-ငါသိသားပဲ၊ ငါ့ကိုယ်က အတွက်အချက်ကို ညံ့ကိုညံ့ပါတယ်" ဟု ပြောပေလိမ့်မည်။ သူ၏ ပတ်ဝန်းကျင်ရှိ သူနှင့်ပေါင်းသင်း ဆက်ဆံ နေရသော ဆွေမျိုးသားချင်း၊ သူငယ်ချင်း မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် များအားလည်း သူသည် သင်္ချာ အတွက်အချက် ညံ့ကြောင်း မကြာ ခဏ ပြောပြတတ်သည်။ ထိုအခါ သူ၏ စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ မှာ သင်္ချာညံ့သူ တစ်ယောက် ဖြစ်သည်ဟု ပိုမိုစွဲမြဲစွာ ယုံကြည်လာတော့သည်။ နောက်ပိုင်းတွင်မူ အတွက်အချက် ဟူသမျှ ရှောင်ရှား လာကာ အများသူငါ သိမှာကိုပင် ရှက်ရွံ့ လာပြီး ကွယ်ဝှက်ဖို့ ကြိုးစားလာတော့သည်။ ထိုအခါ သူ၏ ကွန့်မြူစဉ်းစား ဥာဏ်လည်း လမ်းပိတ်သွားတော့သည်။ အတွက်အချက် တော်သူတို့ အပေါ်၌လည်း ရန်လို မနာလိုစိတ်များ ၀င်လာပြီး စိတ်ပျော်ရွှင်မှုလည်း ဆိတ်သုဉ်း လာတော့ သည်။
      
ထို့ကြောင့် Self-image ခေါ် စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာသည် မိမိဘ၀၌ ကြီးပွားတိုးတက် ပျော်ရွှင်မှုရရှိရန် များစွာ အရေးကြီးလှပေသည်။ သို့ဆိုလျှင် ကောင်းမွန်သော စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ ရရန် မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။
      
ဦးစွာပထမ အရေးကြီးဆုံး အချက်မှာ "မိမိကိုယ်မိမိ" ထင်မြင်တွေးတောမှု၊ ပြောဆိုမှုတို့ကို ပြုပြင်ပြောင်းလဲပစ်ရန် ဖြစ်ပေသည်။ ဥပမာအားဖြင့် "ငါကတော့ သင်္ချာမှာ ညံ့တာပဲ၊ ဒီအတွက်အချက် တွေပါတဲ့ အလုပ်ကို လုပ်လို့ဖြစ်မှာ မဟုတ်ပါဘူး" ဆိုသည့် စိတ် အမြင် ကိုယ့်ရုပ်ပုံလွှာမှနေ၍ "ငါ သင်္ချာမှာတော့ ညံ့ခဲ့ဘူးတယ်။ ဒါပေမယ့် ငါကြိုးစားရင် ဖြစ်နိုင်တဲ့ အစွမ်းအစ ငါ့မှာရှိတယ်။ ဒါကြောင့် ဘယ်လောက် အတွက်အချက် ကိစ္စတွေ ပါတဲ့အလုပ် ဖြစ်ပါစေ ငါ ကြိုးစားရင် လုပ်ကို လုပ်နိုင်ရမယ်" စသည့် မိမိကိုယ် မိမိ တွေးတောမှု၊ ခံယူမှု၊ ပြောဆိုမှု တို့ကို အကောင်းဖက်သို့ ရောက်အောင် ကြိုးစားပြုပြင် ပြောင်းလဲရပေမည်။
      
အချုပ်ဆိုရသော် မိမိ၌ ကောင်းမွန်သော စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ ရှိရန်မှာ မိမိ၏ ဆုံးဖြတ်ချက်၊ မိမိကိုယ်မိမိ ထင်မြင်ချက်၊ တွေးတော ခံယူချက်များ အပေါ်၌သာ မူတည်နေပေသည်။ ထိုသို့ ဆိုလျှင် သင်သည် ယခုအချိန်မှစ၍ သင်၏ မကောင်းသော စိတ် အမြင် ကိုယ့်ရုပ်ပုံလွှာကို စတင် ပြောင်းလဲရန်သာ ရှိပေတော့သည်။
      
ထိုသို့ ပြောင်းလဲရာတွင် ပြုပြင်ပြောင်းလဲမှုကို အစဉ်တစိုက် သတိဖြင့်ယှဉ်၍၊ အဆက်မပြတ် ကြိုးစားပြုပြင်ရန် အထူးလိုအပ်လှပေသည်။
      
အောက်တွင် ဖော်ပြထားသော စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာများ သင့်ထံတွင် ရှိနေပါက သင့်အနေဖြင့် ကြိုးစား ပြုပြင် ပြောင်းလဲ၍ ကောင်းမွန်သော စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာရရှိရန် လိုအပ်နေကြောင်း ပြသနေပေသည်။
မာနာလိုဝန်တိုမှု၊
ကိုယ့်ကိုယ်ကို အကောင်း မမြင်မှု၊
မိမိ၌ အပြစ်များ ရှိနေသည်ဟု ခံယူနေမှု၊
သူတစ်ပါးအား ချီးမွမ်း ဂုဏ်ပြုရန် ၀န်လေးနေမှု၊
မိမိအား ချီးကျူးပါကလည်း ဟန်ဆောင်ပြောနေသည်ဟု ထင်ကာ စိတ်ထဲက လက်မခံမှု၊
မိမိ လိုအပ်ချက်ကို ရရှိရန်လုပ်၍ မရနိုင်ပါဘူးဟု ခံယူထားမှု၊
မိမိ လိုအပ်ချက်ကို သူတစ်ပါးထံ၌ တောင်းခံရန် ၀န်လေးနေမှု၊ အောက်ကျသည်ဟု ထင်နေမှု၊
အမှန်တကယ် မလိုအပ်လှသော ဇိမ်းခံပစ္စည်းများကို အရမ်းလိုချင် တပ်မက်နေမှု၊
သူတစ်ပါး အပေါ်၌ ချစ်ခင်ကြင်နာခြင်း မထားနိုင်မှု၊
မိမိအား တစ်ခြားသူက ချစ်ခင် ကြင်နာမှု ရှိနေခြင်းကိုလည်း လိုလိုလားလား  နှစ်ချိုက်စွာဖြင့် လက်မခံနိုင်မှု၊
သူတစ်ပါး အပေါ်၌ အမြဲတမ်း ဝေဖန်ပြီး အကောင်း မမြင်တတ်မှု၊
မိမိကိုယ်မိမိ တစ်ခြားသူများနှင့် အမြဲနှိုင်းယှဉ်နေကာ အခြား သူများ၏ ကြီးပွား တိုးတက် အောင်မြင် ပျော်ရွှင်နေခြင်းကို မရှုစိမ့်နိုင်မှု စသည်တို့ ဖြစ်ကြပေသည်။



မကောင်းသည့် ခံယူချက်ကို မကောင်းမှန်း သိရှိလာသည့် တိုင်အောင် ထိုမကောင်းသည့် ခံယူချက်ကို ပြုပြင် ပြောင်းလဲရန်မှာ အမှန်ပင် ခက်ခဲလှပေသည်။ စတင်၍ ပြုပြင်ပြောင်းလဲရန် ကြိုးစားသည့်အခါ တွင် ထပ်တလဲလဲ  သတိဖြင့်ယှဉ်၍ စိတ်ထဲ၌ "ဒါမကောင်းတဲ့ ခံယူချက်ပဲ၊ ငါပြုပြင်ရမယ်" ဟု အစဉ်အမြဲ မိမိကိုယ်မိမိ ပြောဆို သတိပေး နေရပေမည်။
   
ထို့ပြင် အောက်ဖော်ပြပါ အကြံပေးချက်အချို့ ကို အသုံးပြု၍ မိမိ၏ စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ ပိုမိုကောင်းမွန်လာရန် အတွက် ကြိုးစားပြုပြင် နိုင်ပေသည်။



မိမိအား ချီးမွမ်းပါက ၀မ်းမြောက်ဝမ်းသာ ခံယူပါ။ ထို့နောက် ကျေးဇူးတင်ကြောင်းလည်း အမြဲပြန်ပြောပါ။
မိမိကိုယ်၌ကလည်း အခြားသူများ၏ ချီးကျူးဂုဏ်ပြုထိုက်သည် များကို လေ့လာ ကြည့်ရှု၍ ချီးမွမ်းဂုဏ်ပြုပါ။ အတုယူထိုက် သည်ကို အတုယူပါ။
အမြဲတမ်း စကားကို တန်ဖိုး ရှိအောင် ပြောပါ။ တန်ဖိုးရှိပြီး အကျိုးရှိသည့် စကားကောင်း ပြောစရာ မရှိလျှင် လုံးဝမပြောဘဲ ပါးစပ်ပိတ်ထားပါ။
လုပ်သင့်လုပ်ထိုက်၍ တန်ဖိုး ရှိသောကိစ္စတစ်ခု ပြီးမြောက် အောင်မြင်တိုင်း မိမိကိုယ်မိမိ ထိုကဲ့သို့ အောင်မြင်အောင်လုပ် နိုင်မှုကို အသိအမှတ်ပြု မှတ်သားထားပါ။
မိမိ အပြုအမူတစ်ခု မှားယွင်း ပြုမိတိုင်း စိတ်ဓာတ်ကျ စိတ် မကောင်းဖြစ်ပြီး မိမိကိုယ်မိမိ မကောင်းသော သူတစ်ယောက် အဖြစ် မသတ်မှတ်ပါနှင့်။(ဥပမာအားဖြင့် သင်က လမ်းမှားပြီး အခြားသူ၏ ကားကို မတော်တဆ တိုက်မိရုံဖြင့် သင့်ကိုယ်သင် မကောင်းသော လူတစ်ယောက်ဟု မသတ်မှတ်သင့်ပါ။)
မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ပြီး ကျန်းမာအောင် ပြုမှုနေထိုင်ပါ။ မိမိခန္ဓာကိုယ် ကျန်းမာမှ စိတ်လည်း ကျန်းမာ ပျော်ရွှင် လာပေလိမ့်မည်။
မည်သူ့ကိုမျှ မဟုတ်မတရား မပြုလုပ်ပါနှင့်။ သို့မှသာ သင့်အပေါ်၌လည်း မည်သူကမှ မဟုတ်မတရား လုပ်ဝံ့မှာ မဟုတ်ပေ။
လူကောင်း လူတော်များနှင့်သာ ပေါင်းသင်း ဆက်ဆံပါ။ သူတို့၏ ကောင်းမွန်သော အကျင့်စရိုက်၊ ပြောဆိုလုပ်ကိုင်ပုံ တို့ကို အမြဲတမ်း လေ့လာပြီး မှတ်သား အတုယူပါ။
အတိတ်က လုပ်ရပ် အမှားများကို သင်ခန်းစာ ယူပါ။ ပြီးလျှင် ခေါင်းထဲမှ မေ့ပျောက်ပစ်ပါ။
မည်သည့် အလုပ်ကိစ္စမဆို ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ပြုလုပ်ပါ။ ယခင့်ယခင်က မှားယွင်းပြီး မကောင်း ဖြစ်ခဲ့သည် များကို သတိရနေပြီး ယခုပြုလုပ်ရမည့် ကိစ္စ၌ အနှောင့်အယှက် မဖြစ်ပါစေနှင့်။
အလုပ် လုပ်ရာတွင်လည်း စိတ်ဓာတ် ခိုင်ခိုင်မာမာဖြင့် ပြီးမြောက် သည်အထိ လုပ်တတ်သည့် ဓလေ့ကို မွေးယူပါ။
စာကောင်း ပေကောင်းများကို အမြဲဖတ်ရှု လေ့လာပါ။
မိမိ ဖြစ်ချင်သည့် ရည်ရွယ်ချက် ပန်းတိုင်ကို စိတ်ထဲ၌ အမြဲ သတိတရ ရှိနေအောင် လေ့ကျင့်ပါ။ လက်ရှိ အခြေအနေ၌ မည်မျှပင် အခက်အခဲ အတားမဆီးများ ရှိနေပါစေ၊ မိမိ၏ ရည်ရွယ်ချက် ပန်းတိုင်ကို စိတ်ထဲ၌ သံမှိုစွဲသကဲ့သို့ မြဲနေပါက တစ်နေ့ အောင်မြင်မှု ရရှိပေလိမ့်မည်။



ကမ္ဘာကျော် စိတ္တဗေဒ ပညာရှင်တစ်ဦး ဖြစ်သူ အိုက်ဗန်ပက်ဗလော့ သေခါနီးဆဲဆဲတွင် တပည့် သားမြေးများက အောင်မြင် ပျော်ရွှင် ကြီးပွားရေး အတွက် အကြံဥာဏ် တစ်ခု နောက်ဆုံး ပေးခဲ့ပါရန် တောင်းပန်သောအခါ "ပြင်းပြသောဆန္ဒနှင့် တဖြည်းဖြည်း မှနှ်မှန် ကန်ကန် ချဉ်းကပ် ကြိုးစားပါ" ဟု အဖြေပေးခဲ့လေသည်။



ကျွန်ုပ်တို့ တိုးတက် အောင်မြင် ပျော်ရွှင်နိုင်ရန် အတွက် ရည်ရွယ်ချက် ပန်းတိုင်သို့ ရောက်လိုသော ပြင်းပြသည့် စိတ်ဆန္ဒ ထားရှိပြီး ဆုံးခန်းတိုင် ရောက်အောင် စနစ်တကျ လုပ်ကိုင်၍ တဖြည်းဖြည်း မှန်မှန်ကန်ကန် ကြိုးစားချဉ်းကပ်လိုသော ဆန္ဒသာ ရှိပါက ကျွန်ုပ်တို့ ကိုယ်တွင်းရှိ စွမ်းအားများက ကျွန်ုပ်တို့၏ ကြိုးစားမှုနှင့် အညီ ဖြည့်ဆည်း ပေးပါလိမ့်မည်။

Read more...

Thursday, June 21, 2012

လက်တွေ့နည်းကျ အောင်မြင်ပျော်ရွှင် ချမ်းမြေ့ စွာ နေထိုင်နည်း ပညာ (၁)




အခန်း(၁)
 
၁။ အကျင့်စရိုက်များ (PATTERNS)
      
ကျွန်ုပ်တို့ကိုယ်စီတွင် ကိုယ်၏ အကျင့်စရိုက် တစ်ခုစီ ရှိကြသည်။ ထိုအကျင့်စရိုက်တို့သည် ကျွန်ုပ်တို့စိတ်၏ ဘယ်အပိုင်း၊ ဘယ်နေရာက ဖြစ်ပေါ်လာ သနည်း။ ဤအချက်ကိုသိရန် ဦးစွာ ကျွန်ုပ်တို့၏ စိတ်ကို လေ့လာ ကြည့်ရှု ခွဲခြမ်း စိတ်ဖြာ သုံးသပ် ကြည့်ရန် လိုအပ်လာပေသည်။
      
ကျွန်ုပ်တို့၏စိတ် (Mind) တွင် သိစိတ် (Conscious mind) နှင့် မသိစိတ် (Subconscious mind) ဟူ၍ နှစ်မျိုး ရှိပေသည်။

စိတ်သည် ပင်လယ်ပြင်၌ မျောနေသော ရေခဲတောင်ကြီး နှင့် တူလေသည်။ ကျွန်ုပ်တို့ မြင်နေရသော အပေါ်ဘက် ရှိ ရေခဲတောင် အစိတ်အပိုင်း အနည်းငယ်သည် သိစိတ် နှင့် တူပြီး ရေအောက်ရှိ မမြင်ရသော ပိုမို ကြီးမားသည့် အပိုင်းသည် ကျွန်ုပ်တို့၏ မသိစိတ်နှင့် တူလေသည်။

ကျွန်ုပ်တို့၏ အကျင့်စရိုက်များကြောင့် ဖြစ်ပေါ်လာမည့်လုပ်ဆောင်ချက်များ၊ ဘ၀တစ်လျှောက် အောင်မြင်တိုးတက်မှု၊ ဆုတ်ယုတ်ကျဆင်းမှုများသည် ထိုမသိစိတ်ကြောင့် အများဆုံး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုမသိစိတ်ကို သေချာစွာ သိရှိနားလည် ထားရန် လိုအပ်ပေသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့ ကားမောင်းရာတွင် စသင်စ အချိန်၌မှု ဂီယာထိုး၊ ဘရိတ်နင်း၊ လီဗာနင်း၊ လက်ကိုင် ဘယ်ညာကွေ့ခြင်း စသည်တို့ကို သိစိတ်ဖြင့် သတိထား သင်ယူခဲ့ရ ပေသည်။ သို့သော် နောက်ပိုင်းတွင်မှု ထိုအမှုကိစ္စများသည် မသိစိတ်၌ စွဲမြဲသွားသော အခါ စကားပြောရင်း ကားမောင်းခြင်းကို မသိစိတ်ဖြင့် ကိုင်တွယ် မောင်းနှင် နိုင်ကြလေသည်။

သိစိတ်ဖြင့် သတိထား မောင်းနှင်ရန် မလိုတော့ပေ။ မသိစိတ်က ကားမောင်းရာတွင် လိုအပ်သည့် ကိုင်တွယ်မှုများကို မှတ်သား ထားပြီး လိုအပ်သည့် အချိန်၌ လိုအပ်သလို အသုံးပြု ဆောင်ရွက် ပေးလေသည်။ ထိုကဲ့သို့ပင် ကျွန်ုပ်တို့ အိပ်ပျော် နေသောအခါ၌ သိစိတ်မှာ အိပ်ပျော်နေပြီး အသက်မှန်မှန် ဆက်ရှူနေစေရန် မသိစိတ်ကပင် ပြုလုပ်ပေးလေသည်။

ထိုကဲ့သို့ အမှုကိစ္စ ပြုလုပ်ခြင်း တစ်ခုခုသည် ကျွန်ုပ်တို့ မသိစိတ်၌ စွဲမြဲသွားသော အခါတွင် ကျွန်ုပ်တို့၌ အကျင့်စရိုက်များ ဖြစ်ပေါ်လာတော့သည်။ ဥပမာအားဖြင့် ပြရသော်-ကျွန်ုပ်တွင် ဘာလုပ်လုပ် အမြဲတမ်း နောက်ကျတတ်ပေသော မိတ်ဆွေ တစ်ယောက် ရှိသည်။ တစ်ခါ၌ သူနှင့်ကျွန်ုပ်သည် တင်းနစ်ကစားရန် အလုပ်မသွားမီ နံနက် (၇) နာရီတိတိ၌ ချိန်းထားကြသည်။ ကျွန်ုပ်က “ကစားရန် အားရဲ့ လား"ဟု မေးသောအခါ သူက "ရတယ်၊ မနက်- ၇နာရီတိတိ ရောက်အောင် လာခဲ့မယ်"ဟု ဆိုသည်။ နောက်နေ့တွင် တင်းနစ်ကွင်း သို့ သူ ၇နာရီ ၁၅ မိနစ် တွင်မှ ရောက်လာသည်။ ပြီးတော့ "ငါ့ သားက ငါ့ရဲ့  ရက်ကက် ကို ယူကစားပြီး နေရာတကျ ပြန်မထား တာကို ရှာနေရလို့ နောက်ကျသွားတယ်" ဟု ဆိုပါသည်။ နောက်နေ့ တွင် ၇နာရီ ၂၀မိနစ် လောက်မှ ရောက်လာပြီးလျှင် "ဖိနပ်တစ်ဖက် ပျောက်နေလို့" ဟု ဆိုပြန်သည်။ နောက်နေ့ နောက်အပတ်များတွင်လည်း ၇နာရီ ၁၅မိနစ်လောက်မှ နောက်ကျရောက်လာပြီး အကြောင်း အမျိုးမျိုး ပြလေ့ရှိသည်။ ကားသော့ပျောက်နေလို့၊ ကားဘက်ထရီ မကောင်း၍ တွန်းနှိုး နေရလို့၊ သူ့ကလေး ငိုနေလို့ စသည် စသည် ဖြင့် အကြောင်း အမျိုးမျိုးပြပြီး နောက်ကျလေ့ ရှိ၏။ နောက်ဆုံးတွင် ကျွန်ုပ်က သူ့အား တစ်မိနစ် နောက်ကျတိုင်း ငွေတစ်ဆယ်ကျပ် ပေးရမည်ဟု ပြောသောအခါ ကောင်းပြီဟု ဆိုသည်။ ထိုနေ့ တွင် ပြန်ခါနီး၌ ငါ့ပခုံး နာသွားတယ်ဟု ပြော၏။ ထိုသို့ပြောပြီး နောက်နေ့မှစ၍ သူလုံးဝ လာမကစား တော့ပေ။
      
သူသည် သိစိတ်ဖြင့် နောက်ကျအောင် ပြုလုပ်နေခြင်း မဟုတ်ပေ။ "ငါအမြဲတမ်း နောက်ကျတတ်သည်" ဆိုသည့် အချက်က သူ မသိစိတ်၌ စွဲမြဲသွားသောအခါတွင် အမှုကိစ္စ အ၀၀တို့၌ တဖြည်းဖြည်း နောက်ကျမှ ရောက်လေ့ရှိသည့် အကျင့်စရိုက်ဖြစ်ပေါ် လာပေတော့ သည်။ အကယ်၍ သူသည် စောစော အိပ်ရာမှထမိပြီး ၇နာရီတိတိ အချိန်မီရောက်အောင် လာနိုင်သည့် အခြေအနေ ပေးနေသည့်တိုင် သူ၏ မသိစိတ်၌ စွဲနေသည့် နောက်ကျတတ်သည့် အကျင့်စရိုက်က သူ့အား တစ်နည်းနည်းဖြင့် နောက်ကျမှ ရောက်အောင် စေခိုင်းပြုမူစေတော့သည်။ ဤသို့ဖြင့် အမြဲတမ်း နောက်ကျမှ ရောက်တတ်သော အကျင့်စရိုက်က သူ့၌ ဖြစ်ပေါ်လာလေ တော့သည်။
      
ထိုကဲ့သို့ပင် ကျွန်ုပ်တို့ကိုယ်စီတွင် အကျင့်စရိုက် ခေါ် ပုံစံ (pattern) တစ်ခုစီ ရှိကြပေသည်။ ကောင်းသော စရိုက်များ ရှိသလို မကောင်းစရိုက် များလည်း ရှိကြသည်။ မိမိဘ၀ကို မိမိ မကျေနပ်သည့်စရိုက်၊ အမြဲတမ်း တစ်ခု မဟုတ် တစ်ခု ရောဂါ တစ်မျိုးမျိုး ဖြစ်နေတတ်သည့် စရိုက်၊ မိမိမရှိလျှင် မဖြစ်ဟု ထင်နေတတ်သည့် စရိုက်၊ အလုပ်တစ်မျိုးကို အတည်တကျ မလုပ်ဘဲ အမြဲတမ်း အလုပ်တစ်ခုမှတစ်ခု ပြောင်းလုပ် နေတတ်သည့် စရိုက် စသည့် မကောင်းသော စရိုက်ပုံစံများ ရှိသကဲ့သို့ ကောင်းသောစရိုက် ပုံစံများလည်း ရှိပေသည်။ သို့သော် အများစု မှာ မကောင်းသော အကျင့်စရိုက်ပုံစံများ ဖြစ်နေတတ်ကြသည်။
      
ကျွန်ုပ်တို့သည် ကောင်းသော အကျင့်စရိုက်များကိုသာ ရှိချင် ကြသည်မှာ သေချာလှပေသည်။ ဤသို့ဆိုလျှင် မိမိ၌ ရှိနေသည့် မကောင်းသော အကျင့်စရိုက်များကို ဘယ်လို လုပ်ရ မည်နည်း။ ဘယ်တော့ ပျောက်သွား မည်နည်း။ အဖြေကား အရှင်းကြီးပင် ဖြစ်သည်။ ထိုမကောင်းသော အကျင့်စရိုက်များကို ကျွန်ုပ်တို့သည် ကြိုးစားပြုပြင် ပြောင်းလဲပြီး ပျောက်ပျက်သွားအောင် လုပ်ရပေမည်။ ထိုသို့လုပ်ရာ၌ ကျွန်ုပ်တို့၏ သိစိတ်ကို အသုံးပြု၍ မသိစိတ်၌ ကိန်းအောင်း နေသော အကျင့်စရိုက်ဆိုးများကို တွန်းလှန် ဖယ်ထုတ် ပစ်ရပေမည်။
   
မိမိ၌ ရှိနေပြီးသော အကျင့်စရိုက်တစ်ခုကို ပြောင်းလဲ ဖျောက်ဖျက်ရန်မှာ မလွယ်ကူလှပေ။ သို့သော် မဖြစ်နိုင်သည့် ကိစ္စလည်း မဟုတ်ပေ။ အခက်အခဲများ၊ အတားအဆီးများကို မဆုတ်မနစ်သော ဇွဲ၊ လုံ့လ ၀ိရိယ တို့ဖြင့် တွန်းလှန်ကျော်လွှား ခြင်းဖြင့် ရရှိနိုင်ပေ သည်။ မည်သည့် ကိစ္စမဆို ပြုပြင်ပြောင်းလဲရန် ကြိုးစားတိုင်း အခက်အခဲ အတားအဆီးများ အမြဲတမ်း ရှိနေကြပေသည်။ အရေးကြီးသော ပထမဆုံးအချက်မှာ "မိမိတွင် မည်ကဲ့သို့သော မကောင်းသည့် အကျင့်စရိုက်များ ရှိနေသနည်း"ဆိုသည်ကို မိမိ၏ သိစိတ်ဖြင့် သိရှိရန် ဖြစ်သည်။ ထိုသို့သိလာ သော အခါတွင် ထိုအကျင့်ဆိုးကို မည်သို့ကောင်းအောင် ပြုပြင် ရမည်ကို စဉ်းစားဆင်ခြင် ရပေမည်။ ဤကိစ္စမှာ မလွယ်ကူလှ သော်လည်း သေချာစဉ်းစား ဆင်ခြင်ပြီး ပြုပြင် ပြောင်းလဲလိုက်ပါက မိမိ၌ အကျိုးကျေးဇူးများစွာ ရရှိလာပေ လိမ့်မည်။
      
အချုပ် ဆိုရသော် ကျွန်ုပ်တို့ ကိုယ်စီ၌ အကျင့်စရိုက် တစ်ခုစီ ရှိကြသည်။ မကောင်းသော အကျင့်စရိုက်များကို သိစိတ် ဖြင့် ပြုပြင် ပြောင်းလဲရမည်။ ထိုသို့ပြောင်းလဲရာ၌ ခက်ကောင်း ခက်မည် ဖြစ် သော်လည်း လုံးဝ မပြောင်းလဲနိုင် မပြုပြင်နိုင်သည့် အရာကား မဟုတ်ပေ။ ထို့ကြောင့် နေ့စဉ် သတိနှင့်ယှဉ်၍ ကောင်းသောစကား ကို ပြောပါ။ အပြုအမူကိစ္စတိုင်းကို မိမိရှိ မကောင်းသော စရိုက်ဖြင့် ပြုမူနေခြင်း ရှိမရှိ အမြဲသတိဖြင့် ဂရုပြုကာ သိသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပြုပြင်ပါ။ ပျော်ပျော် ရွှင်ရွှင် နေတတ်လာအောင် လေ့ကျင့်ပါ။ 
      
တိုးတက်ကြီးပွား အောင်မြင်ရန် လိုအပ်သည့် အကျင့်စရိုက် အကြောင်းများပါသည့် စာကောင်းပေကောင်းများကို ဖတ်ပါ။ အကျင့်စရိုက်ကောင်းများ ရှိသည့် လူကောင်းလူတော်များနှင့်သာ ပေါင်းသင်းဆက်ဆံပါ။
      
ဤနည်းများအားဖြင့် သင့်၌ စွဲမြဲနေသော မကောင်းသည့် အကျင့်စရိုက် ပုံစံများ တဖြည်းဖြည်း ပျောက်ပျက် သွားအောင် ပြုလုပ်ပါလေ။



Read more...

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP