Thursday, April 12, 2012

သားသား မီးမီးများသို့ လက်ဆောင်


အခန်း (၁)

ဘယ်သူ့ကိုမှ ကိုယ့်အပေါ် လွှမ်းမိုးခွင့် မပြုနဲ့

ချစ်သမီးရေ … ဒါကတော့ သမီးရဲ့ ဘဝနှင့် ရင်းနှီးမြှုပ်နှံမှုမှာ အောင်မြင်အောင် ကူညီဖို့ သမီးအတွက် ဖေဖေရဲ့ အမှာစကားပါ။ သမီးလေး ကြီးလာရင် ဒီစကားတွေကို သတိယနော်။ သမီးရဲ့ ဖေဖေဟာ ရင်းနှီးမြှုပ်နှံသူ တစ်ဦးပါ။ သူဟာ ငွေရအောင် လုပ်ရတာတွေ အကုန်လုံးကို အပြင်းအထန် လေ့လာ လုပ်ကိုင်ခဲ့ရတဲ့ လူ တစ်ယောက် ဖြစ်ပြီး အသက် ၃၇ နှစ်နှစ်မှာ အနားယူနိုင်ခဲ့တဲ့ လူလေ။ ဒါပေမဲ့ အတွေ့အကြုံတွေကနေ ဖေဖေ လေ့လာသင်ယူခဲ့တာတွေကို သမီးနှင့် မျှဝေချင်ပါတယ်။ 

ဖေဖေဟာ တောမြို့လေးတစ်မြို့က ဆင်းရဲသား ကလေး တစ်ယောက်ပါ။ ဖေဖေ လိုချင်တာ အားလုံးက စိတ်ကြိုက်လုပ်ပိုင်ခွင့် ရဖို့ လုံလောက်တဲ့ ငွေပဲကွဲ့။ ဖေဖေ အသက် ငါးနှစ်သားမှာ ဖေဖေရဲ့ ပထမဆုံး အလုပ်ကို စလုပ်ခဲ့တယ်။ နောက်ဆုံးတော့ ဖေဖေ ဝေါ စတရိကို သွားခဲ့တယ်လေ။ အကြောင်းကတော့ ငွေရှာဖို့ အကောင်းဆုံး အခွင့်အရေးက အဲဒီမှာပဲ ရှိတာလို့ ဖေဖေ သဘောပေါက်လို့မို့ပါ။ ဖေဖေဟာ အလုပ် လုပ်စရာ မလိုပဲ ကမ္ဘာ့ ဘယ်နေရာကို မဆို သွားနိုင်ဖို့ ဥစ္စာဓန အလုံအလောက် စုဆောင်းပြီးတော့တာမို့ အနားယူလို့ ရခဲ့ပါတယ်။

ကလေးကတည်းကိုက အောင်အောင်မြင်မြင် လုပ်ရတာကို ဖေဖေက ပျော်မွေ့တာ။ ဒါပေမဲ့ အခုတော့ ကမ္ဘာမှာ တစ်ခြားအရာထက် ပိုမို ပျော်ရွှင်စေတာက ဖေဖေရဲ့ ချစ်သမီးလေးပဲကွဲ့။ ပြီးတော့ သမီးရဲ့ ဘဝကို အောင်အောင်မြင်မြင် နေထိုင်နိုင်ဖို့ အရေးကြီးတာတွေကို သမီးကို ဖေဖေ ရှင်းပြချင်တယ်လေ။

ကိုယ်ပိုင်ဉာဏ်ကို သုံးပါ

ဖေဖေ ပထမဆုံး ပြောပြချင်တဲ့ အချက်ကတော့ သမီးအတွက် သမီး စဉ်းစာပြီး  သမီးကို ဘယ်သူ့ကိုမှ လွှမ်းမိုးခွင့် မပေးဖို့ပဲ။ ဘဝမှာ အလွန်အမင်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမဲ့ အချိန်တွေဆိုတာ ရှိလာမှာပဲ။ သမီးကသာ တောင်းခံခဲ့ရင် သမီးကို အကြံဉာဏ်ပေးမဲ့ လူတွေ အများကြီး ရှိမှာပဲ။ သမီးအတွက် အကောင်းဆုံး အကျိုးရှိစေမဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့ အရည်အသွေးကောင်းတွေနှင့် သမီး မွေးဖွားလာပြီး သမီးနေထိုင်နေတာဟာ သမီးရဲ့ ဘဝဖြစ်ပြီး တခြား ဘယ်သူ့ဘဝမှ မဟုတ်ဘူး ဆိုတာကို သတိယပါ။ တစ်စုံ တစ်ယောက်ရဲ့ အကြံဉာဏ်က လုံးလုံးကို သုံးမရဘူးဆိုတာ တွေ့ရတဲ့ အချိန်တွေဆိုတာလည်း ရှိလာမှာပဲ။ အဲဒီအခါကျရင် လေးနက်သေချာစွာ လေ့လာမှု ပြုဖို့၊ ကိုယ်တစ်ယောက်တည်း တွေးတောစဉ်းစားဖို့နှင့် ကိုယ်တစ်ယောက်တည်း မှန်တာကို ဆုံဖြတ်ချက် ချမှတ်ဖို့ ကိုယ့်ကိုယ်ကိုပဲ အားကိုးရမယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ကိစ္စ အများစုမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး မှန်ကန်တဲ့ အရေးယူ ဆောင်ရွက်မှုကို သမီး လုပ်ဆောင်ပါလိမ့်မယ်။ ဒါဟာ ကိုယ့်ဆန္ဒကို ဆန့်ကျင်ပြီး တစ်ခြားတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နောက် လိုက်လုပ်တာထက် ပိုကောင်းတယ်ကွဲ့။

အရင်တုန်းက ဖေဖေဟာ ကိုယ်ပိုင်ထက် သူများရဲ့ ထင်မြင်ယူဆချက်တွေပေါ် အခြေခံပြီး အချို့ ရင်းနှီးမြှပ်နှံမှုတွေကို လုပ်ကိုင်ခဲ့ပါတယ်။ ထူးထူးဆန်းဆန်းပါပဲ၊ အဲဒီ ရင်နှီးမြှပ်နှံမှုတိုင်းဟာ အရှုံးနှင့်ပဲ အဆုံးသတ်သွားခဲ့တယ်။ ပြီးတော့ ဖေဖေလည်း အချိန်တိုင်း အရှုံးတွေကို ခံစားခဲ့ရတယ်လေ။ ဒါကြောင့် ဖေဖေဟာ ကိုယ့်ကိုယ်ကို အခြားသူတွေရဲ့ လွှမ်းမိုး သြဇာပေးခံတာကို ရပ်ပစ်လိုက်ပြီး ကိုယ်ကိုယ်တိုင် ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လုပ်ဆောင်ခဲ့တယ်။ အဆုံးမှာတော့ ဒါဟာ ပိုကောင်းတဲ့ ချဉ်းကပ်နည်းပဲလို့ သဘောပေါက် နားလည်တဲ့ အချိန်မှာ ဖေဖေဟာ အသက် ၃၀ ကျော်ပါပြီ။ ဒါပေမဲ့လေ၊ အသိ နောက်ကျလွန်းလိုက်တာကွာလို့ တစ်ခါမှ မတွေးပဲ အဲဒီ စဉ်းမျဉ်းဥပဒေသပေါ်မှာပဲ အခြေပြု လုပ်ဆောင်ခဲ့တာကြောင့် ဖေဖေ အောင်မြင်မှု ဆုလာဘ်တွေ ရခဲ့တယ်ဆိုတာ ဖေဖေ သိပါတယ်။

0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP