Thursday, April 26, 2012

သားသား မီးမီးတို့ အတွက် လက်ဆောင် (အခန်း ၂)


အခန်း (၂)

မိမိကြိုက်နှစ်သက်သည့် အရာကို အာရုံစိုက်လုပ်ပါ

ချစ်သမီးလေးရေ

ဒီစာကတော့ သမီးလေးရဲ့ ဘဝမှာရော ရင်းနှီးမြှုပ်နှံမှုမှာပါ အောင်မြင်အောင် ကူညီပေးဖို့ သမီး အတွက် ဖေဖေရဲ့ အမှာစကားပဲကွဲ့။

ဖေဖေရဲ့ ပထမဆုံး စီးပွားရေးကို စလုပ်တော့ ဖေဖေဟာ ငါးနှစ်သား အရွယ် စီးပွားရေး လုပ်ငန်းရှင်ပေါ့။ နည်းနည်းငယ်တယ်လို့ သမီးလေး ထင်ချင်လျှင် ထင်နိုင်တာပေါ့ကွယ်။ ဒါပေမဲ့ တစ်ခုခုကို စလုပ်ချင်တဲ့ အခါမှာတော့ အသက်နှင့် မဆိုင်ဘူးကွဲ့။ ဖေဖေ့ရဲ့ စိတ်ဝင်စားမှုက ငွေရှာဖို့ပဲ။ ငွေစကလေး နည်းနည်းပါးပါး ရဖို့ အရေး ဖေဖေဟာ သူငယ်ချင်းတွေနှင့် ဘေ့စ်ဘော ကစားတာထက် ဘေ့စ်ဘော ကစားပွဲတွေမှာ ပုလင်းခွန်တွေ လိုက်ကောက်ပြီး ဖေဖေ့ရဲ့ အချိန်တွေကို အသုံးချခဲ့ပါတယ်။ ဖေဖေ့ရဲ့ ကိုယ်ပိုင် လုပ်ငန်းကို စလုပ်ဖို့ ပထမဆုံး ချေးငွေရတဲ့ အချိန်မှာ ဖေဖေဟာ ခြောက်နှစ်အရွယ်ပဲ ရှိသေးတယ်။ ဖေဖေဟာ မြေပဲလှော်စက်ကို ဝယ်ပြီး ဘေ့စ်ဘော အဖွဲ့ငယ်လေးတွေရဲ့ ပြိုင်ပွဲတွေမှာ မြေပဲနှင့် သောက်စရာလေးတွေ ရောင်းတာ အတော်ပဲ အောင်မြင်ခဲ့တယ်။

 ငါးနှစ် အတွင်းမှာပဲ ချေးငွေကို အားလုံး ပြန်ဆပ်နိုင်တဲ့ အပြင် ဖေဖေ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ တစ်ရာတောင် ကျန်နေသေးတယ်။ ဖေဖေ ရတဲ့ ပညာသင်ဆုငွေတွေကို သုံးပြီး ဖေဖေ့ရဲ့ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုကို စတဲ့ အချိန်မှာ ရင်းနှီးမြှုပ်နှံရတာကို ကောလိပ်မှာ စလုပ်ရတာထက် ပိုကြိုက်တယ် ဆိုတာ ဖေဖေ သဘောပေါက်သွားတယ်။ အဲဒီနောက်တော့ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာဖို့ပဲ ဆုံးဖြတ်ချက်ချလိုက်တော့တာပေါ့။ သမီးလေး တကယ် လုပ်ချင်တာ တစ်ခုခုများ တွေ့မိမြင်မိလျှင် အသက်အရွယ်က လှမ်းဆွဲထားခံရတာမျိုး မဖြစ်စေနဲ့နော်။ ရဲရဲရင့်ရင့်နှင့် လုပ်သာလုပ်ချလိုက်ပါ။

 သမီး ကြိုက်နှစ်သက်တာနှင့် စပါ။

ဘယ်သူပဲ ဖြစ်ဖြစ် အောင်မြင်ဖို့ ဘာလုပ်သင့်ပါသလဲ။ ဒီမေးခွန်းရဲ့ အဖြေက တကယ်ကို လွယ်လွယ်လေးပဲ။ သမီးလေး အသည်းအသန် လုပ်ချင်နေတာကို လုပ်ရုံပါပဲ။ ဖေဖေဟာ ရင်းနှီးမြှုပ်နှံရာမှာ အောင်မြင်ခဲ့တယ်။ အကြောင်းကတော့ ဒီအလုပ်ဟာ ဖေဖေ အနှစ်သက်ဆုံး အလုပ် ဖြစ်လို့ပါပဲ။ ဒါပေမဲ့ သမီးရဲ့ ဖေဖေဟာ ရင်းနှီးမြှုပ်နှံသူ ဖြစ်တာကြောင့်နှင့်တော့ သမီးဟာ ရင်းနှီးမြှုပ်နှံသူ တစ်ယောက် ဖြစ်စရာ မလိုပါဘူးကွာ။ သမီးက ချက်ရပြုတ်ရတာကို ကြိုက်တယ် ဆိုလျှင် ကိုယ်ပိုင် စားသောက်ဆိုင် ဖွင့်ပေါ့။ အက ဝါသနာပါတယ် ဆိုလျှင်လည်း ကတတ်အောင် လေ့လာသင်ယူပါ။ အောင်မြင်ဖို့ အရေး အမြန်ဆုံး နည်းလမ်းကတော့ သမီးလေး ကြိုက်နှစ်သက်တာကို လက်ခံရယူပြီး အကောင်းဆုံး လုပ်ဖို့ပဲ ဖြစ်ပါတယ်။

 ဖေ့ဖေ့ အတွက်တော့ သုတေသနလုပ်ရတာနှင့် ကမ္ဘာကြီးရဲ့ ဒေသ အသီးသီးမှာ ဘာတွေဖြစ်ပျက်နေတယ် ဆိုတာကို အသေးစိတ် လေ့လာရတာဟာ ပျော်ရွှင်ဖွယ်ရာပါပဲ။ ဒါကြောင့်မို့ အဲဒီအရာကပဲ ဖေဖေ့ကို ရင်းနှီးမြှုပ်နှံရာမှာ အောင်မြင်အောင် အကူအညီ အထောက်အပံ့ ပေးခဲ့တာပေါ့။ ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်လို အခြား တစ်ခုခုကို လုပ်ဖို့ ကြိုးစားရတာကိုများ ရပ်တန့်ပစ်ခဲ့မယ် ဆိုလျှင် ဖေဖေ့ ဘဝဟာ အတော် စိတ်ပျက်စရာကြီး ဖြစ်နေမှာပေါ့။ အခုတောင်မှပဲ အဝတ်အစားတွေ အကြောင်း ဖေဖေ ဘာမျှ မသိဘူး။ ဘယ်အရောင် ဘာနှင့် တွဲဝတ်ရမည် ဆိုတာကို ဖေဖေ မသိခဲ့ဘူးလေ။ ဘာလို့လဲ ဆိုတော့ ဖေဖေက အဝတ်အစားကို လုံးလုံးကို စိတ် မဝင်စားလို့ပါ။ အဲဒီ နယ်ပယ်မှာတော့ ဖေဖေ အောင်မြင်နိုင်တာရယ်လို့ မရှိပါဘူးကွာ။ ဒါကြောင့် သမီးကို စိတ်ဝင်စားစေတဲ့ အရာ၊ သမီး အမှန်တကယ် ကြိုက်နှစ်သက်တဲ့ အရာ တစ်ခုခုနှင့် အကောင်းဆုံး စလုပ်ဖို့ ဖေဖေ ပြောတာပေါ့။

အခုထိတောင် အဝတ်အစားနှင့် ပတ်သက်လို့ ဖေဖေ ဘာမှ မသိသလောက်ပါပဲ။ ဖေဖေဟာ အဝတ်အစားတွေ အကြောင်း လုံးဝ စိတ်မဝင်စားတာမို့ ဘယ်အရောင်နှင့် ဘယ်အရောင်ကို တွဲဝတ်ရမယ်၊ ဘယ်ပုံစံကို ဘာနှင့် တွဲဝတ်ရမည် ဆိုတာ မသိပါဘူး။ ဖက်ရှင်နယ်ပယ်မှာတော့ ဖေဖေဟာ အောင်မြင်ပေါက်မြောက်ဖို့ အကြောင်းမရှိဘူးဆိုတာ ရှင်းနေတာပဲ။ ဒါကြောင့်မို့ ဖေဖေက ပြောတာပေါ့။ သမီးကို စိတ်လည်း ဝင်စားစေပြီး သမီး အမှန်တကယ် ပျော်ရွှင် ကျေနပ်တဲ့ အလုပ်နှင့် စတာဟာ အကောင်းဆုံပါလို့။

(Jim Rogers ၏ "A Gift To My Children"  အခန်း (၂)မှ Focus on what you like ကို ဘာသာပြန်ပါသည်။)

ဘုန်းဉာဏ်

0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP